>Verdict due for Australian Ross Dunkley, co-founder of Myanmar Times

>

မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ်ဟောင်း ထောင်ဒဏ်ကျ၊
ချုပ်ရက် နှင့် ငွေဒဏ်ကြောင့် လွတ်ပြီ

မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၃၀၊ ၂၀၁၁

အယူခံဝင်ဦးမည်ဟု တရားရုံးရှေ့ရောက် သတင်းထောက်များကို ပြောနေသော မစ္စတာ ရော့စ် ဒန်ကလေ


ယခင်မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဖြစ်ပြီး
ယခုလက်ရှိ မြန်မာတိုင်းမ် (အင်္ဂလိပ်ပိုင်း) ၏ စာတည်းမှူးချုပ် ဖြစ်သူ သြစတေးလျ နိုင်ငံသား ရော့စ် ဒန်ကလေအား နာကျင်စေမှုနှင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေအရ စွဲဆိုသည့် အမှုအား ယနေ့ စီရင်ချက်ချရာတွင် ထောင်ဒဏ် တစ်လ အပြစ် ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ဒဏ်ငွေ ၁ သိန်း သို့မဟုတ် ထောင်ဒဏ် ၆ လ ကျခံစေရန် ကမာရွတ်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မခိုင်ဇာလင်း


ဖေဖေါ်ဝါရီလ ဆန်းပိုင်းက နိုက်ကလပ်မှ မြန်မာ အမျိုးသမီး မခိုင်ဇာလင်းကို ရော့စ်ဒန်ကလေက သူ၏ နေအိမ်တွင် ရိုက်နှက်ခဲ့သည်ဟူသော တိုင်ကြားချက်အရ ကမာရွတ်မြို့နယ် ရဲစခန်းက ရော့စ် ဒန်ကလေအား ဖမ်းဆီး တရား စွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထောင်ဒဏ် တစ်လ ချမှတ်သော်လည်း တရားရုံးက ချုပ်ရက်များအား ထုတ်နှုတ်ခံစားခွင့် ပြုခဲ့သဖြင့် ရော့စ် ဒန်ကလေမှာ ချုပ်ရက် ၄၄ ရက် နေထားပြီး ဖြစ်သဖြင့် ထပ်မံ ကျခံရန် မလိုတော့ဘဲ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေအရ ချမှတ်သည့် ပြစ်ဒဏ် အတွက် ဒဏ်ငွေကျပ် တစ်သိန်း ပေးဆောင်ရန် ရှိသည်ဟု သိရှိရသည်။ ရော့စ် ဒန်ကလေက သူ့တွင် အပြစ် မရှိဟု ယုံကြည်သဖြင့် သာမန် နာကျင်စေမှု ဖြင့် ချမှတ်သည့် ပြစ်ဒဏ်ကို အယူခံ ၀င်ဦးမည်ဟုလည်း လာရောက် နားထောင်သည့် သတင်း မီဒီယာက မေးမြန်းသည့် အခါ ဖြေကြားခဲ့သည်။

အဆိုပါ စွဲဆိုမှုအရ သာမန် နာကျင်စေမှု ပုဒ်မ (၃၂၃) ဖြင့် တရား စွဲဆိုခဲ့ပြီး နိုင်ငံခြားသား လိုက်နာရမည့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေကိုလည်း ချိုးဖောက်သည်ဟု ယူဆကာ တရား စွဲဆိုထားခဲ့သည်။ သာမန် နာကျင်စေမှု စွဲချက်တွင် ယခု အပြစ်ရှိသည်ဟု ယူဆသဖြင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေကိုလည်း အလို အလျောက် ချိုးဖောက်ပြီးသား ဖြစ်သည်ဟု တရားရုံးက ဆုံးဖြတ်ကာ ဒဏ်ငွေ တစ်သိန်း မဆောင်နိုင်က ထောင်ဒဏ် ၆ လ ကျခံစေရမည်ဟု အမိန့် ချမှတ်ခဲ့သည်ဟု လည်း ယနေ့ တရားရုံးသို့ သွားရောက် နားထောင်ခဲ့သူက ပြောပြသည်။

သြစတေးလျ နိုင်ငံသားဖြစ်သူ ရော့စ်ဒန်ကလေသည် ၂၀၀၀ ခုနှစ်တွင် တပ်မတော်ထောက်လှမ်းရေး အကြီးအကဲ တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်သိန်းဆွေ၏ သား ဆန်နီဆွေနှင့် ပူးပေါင်းပြီး မြန်မာတိုင်းမ် ဂျာနယ်ကို ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် တပ်မတော် ထောက်လှမ်းရေး အဖွဲ့အား ဖျက်သိမ်းပြီး ခေါင်းဆောင်များအား ဖမ်းဆီး အကျဉ်းချပြီးနောက် မြန်မာတိုင်း ဂျာနယ် ယခင်ရရှိခဲ့သည့် စာပေစိစစ်ရေး မတင်ပြဘဲ ထုတ်ဝေ ဖြန့်ချိခွင့် စသည့် အခွင့်အရေးများ ရုပ်သိမ်း ခံခဲ့ရသည်။

ထို့နောက် နှစ်အနည်းငယ် အကြာတွင် ဗိုလ်ချုပ်သိန်းဆွေ၏ သားဖြစ်သူပိုင် အစုရှယ်ယာများအား စစ်အစိုးရက ဖိအားပေး ရောင်းချစေခဲ့ရာ စွယ်စုံ မီဒီယာ ပိုင်ရှင် ဒေါက်တာ တင်ထွန်းဦး က ၀ယ်ယူခဲ့သည်။ ထို့နောက်ပိုင်း မြန်မာ ကွန်ဆိုလီဒိတ်တက် မီဒီယာ ကုမ္ပဏီ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ရော့စ်ဒန်ကလေ က ပိုင်ဆိုင်ပြီး ဒေါက်တာ တင်ထွန်းဦးက ၅၁ ရာခိုင်နှုန်းပိုင်ဆိုင် ထားသည်ဟု သတင်းဖေါ်ပြချက်များ အရ သိရှိရသည်။

ရော့စ် ဒန်ကလေအား ဖမ်းဆီးပြီး နောက် သီတင်းပတ်အတွင်း မြန်မာတိုင်းမ် ဂျာနယ် ထုတ်ဝေသည့် မြန်မာ ကွန်ဆိုလီဒိတ်တက် မီဒီယာ ကုမ္ပဏီ လီမိတက်၏ အမှုဆောင် အရာရှိချုပ် ရာထူးကို ဒေါက်တာ တင်ထွန်းဦးက လွှဲပြောင်း ရယူခဲ့သည်။ ထိုအချက်ကြောင့် မြန်မာနိုင်ငံ မီဒီယာ နယ်ပယ်မှ အယ်ဒီတာတစ်ဦးက ဝေဖန် ပြောဆိုရာတွင် ဒေါက်တာ တင်ထွန်းဦး အစုရှယ်ယာ ၀ယ်ယူသည့် ကိစ္စရပ်တွင်သာမက ယခု ဖြစ်ပျက်သည့် အမှုတွင်ပါ နောက်ကွယ်မှ စစ်အစိုးရ လက်ချက် ပါရှိနိုင်သည်ဟု သူ့အနေဖြင့် ယုံကြည်ပြီး ရော့စ်ဒန်ကလေ၏ အားနည်းချက် ဖြစ်သည့် အမျိုး သမီးငယ်များနှင့် ဆက်စပ်သည့် အမှုအခင်းဖြင့် တရား စွဲဆိုဖို့ စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သူ့အမြင်ကို ပြောပြသည်။

ရော့စ် ဒန်ကလေသည် နိုင်ငံခြားသား ဖြစ်ခြင်း သတင်း ဖေါ်ပြမှုများနှင့် ပတ်သက်ပြီး တခါတရံ စာပေစိစစ်ရေးအား ပြန်လှန် စောဒက တက်ခြင်း စသည့် အချက်များကြောင့် ပြည်တွင်း၌ တစုံတရာ သြဇာရှိသည့် သတင်းဂျာနယ် နှစ်စောင်အား တာဝန်အရှိဆုံးသူ တစ်ဦးအဖြစ် အစိုးရဘက်မှ မထားလိုခြင်း ဖြစ်မည်ဟုလည်း အဆိုပါ အယ်ဒီတာက ပြောဆိုခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts