မာမာအေး

Mar Mar Aye going back to Burma for her 2nd music tour

ဒေါ်မာမာအေး မြန်မာပြည်သို့ ဒုတိယဂီတခရီးစဉ် ပြန်မည်

မိုးမခအထောက်တော် ၀၀၂၊ မေ ၁၄၊ ၂၀၁၃

မေလ ၁၃ ရက် ညသန်းကောင်ယံအချိန်မှာ ဂီတအနုပညာရှင် မာမာအေး အမေရိကန်ပြည်မှ မြန်မာပြည်သို့ ဒုတိယအကြိမ်မြောက် ဂီတခရီးစဉ်အဖြစ် အလည်အပတ်ပြန်မယ်လို့ သိရပါတယ်။ ဒီတခေါက်မှာ စက်တင်ဘာလအထိ မြန်မာပြည်မှာ နေထိုင်ဖြစ်မယ်လို့ မိုးမခကို ပြောကြားပါတယ်။

ဒေါ်မာမာအေးရဲ့ ဒုတိယနေအိမ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနားပြည်နယ်၊ ဖို့ဝိန်းမြိုံတော်ကနေ အင်ဒီယာနာပူလိစ်မြို့တော်ကို ခရီးတထောက်ဝင်ပြီး လေယာဉ်နဲ့ မြန်မာပြည်သို့ သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ယခင် ပထမတခေါက် အိမ်ပြန်ခရီးစဉ်မှာ ရန်ကုန်မြို့တော်နဲ့ အနီးတ၀ိုက်မှာ ဂီတခရီးစဉ်တွေ ဖျော်ဖြေပွဲတွေနဲ့ ဖြတ်သန်းခဲ့ပြီးနောက် ယခုဒုတိယခရီးစဉ်မှာတော့ မြန်မာပြည်အထက်ပိုင်းမှာ ပရိသတ်ကို တွေ့ဆုံဖျော်ဖြေရန်အတွက် ဂီတခရီးစဉ်တခု စီစဉ်ဖြစ်မယ်လို့ သိရပါတယ်။

မုံရွာမှာ ဇွန်လဆန်း ၁ပွဲ၊ ဇွန် လလယ်မှာ မန္တလေးမှာ ၁ ပွဲ သီဆိုဖို့ ရှိတယ်။ မြန်မာပြည်အထက်ပိုင်းမှာ မြို့မဂီတအဖွဲ့နဲ့ သီဆိုဖြစ်မယ်လို့ သိရပါတယ်။ ပထမခရီးစဉ်မှာ မာမာအေး ကိုယ်တိုင်ဆိုခဲ့တဲ့ သီချင်းတွေ သီဆိုခဲ့ပြီး သည်အထက်အညာဂီတခရီးစဉ်မှာတော့ မြို့မဂီတအဖွဲ့နဲ့အတူ မြို့မတေးတွေ သီဆိုဖြစ်လိမ့်လို့ ကြားသိရပါတယ်။ အသေးစိတ်နဲ့ ပတ်သက်ပြီးတော့ ဒေါ်မာမာအေး မြန်မာပြည်ပြန်ရောက်ပြီးနောက် မေလ ၂၀ ရက်ခန့်မှာ စာနယ်ဇင်းများနဲ့ တွေ့ဆုံပွဲ ကျင်းပပြီး အသိပေးပြောကြားမယ်လို့ ဆိုပါတယ်။

“ဒီနှစ်ဆန်းမှာ အမေရိကန်ပြည်ထောင်စုကို ပြန်လာခဲ့ဖြစ်တာက ကျန်းမာရေးကိစ္စတွေ အပြင် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိသရရဲ့ ကျောင်းဖွင့်ပွဲတော်မှာ ကုသိုလ်ယူပြီး ဖျော်ဖြေဖို့အတွက်လည်း ပါတယ်။ ဧပြီလထဲမှာ ဖြစ်မယ်လို့ ဆိုပေမယ့် အခုတော့ အချိန်အပြောင်းအလဲရှိနေတာမို့ မြန်မာပြည်ကို မေလမှာ သွားဖြစ်ပြီ”

လို့ ဒေါ်မာမာအေးက ရှင်းပြပါတယ်။

မြန်မာပြည်ပြန်နေတဲ့ကာလအတွင်းမှာ ဒေါ်မာမာအေးရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်နေတာမို့ အသက် ၇၁ နှစ်ပြည့် အထိမ်းအမှတ်နဲ့ မြန်မာပြည်ကို ရောက်ရှိနေချိန်မှာ ဘယ်လိုမျိုး အစီအစဉ်ရှိသလဲလို့ မေးမြန်းရာမှာ …

“ဒီနှစ်က မြန်မာလို မွေးနေ့၊ မွေးရက် တိုက်တယ်။ အဲသည်အတွက် အစဉ်ပြုလုပ်နေကြ အလှူဒါန ဆွမ်းဒါနတွေ ပြုဖြစ်မယ်လို့ ထင်ပါတယ်” လို့ ဖြေကြားသွားပါတယ်။

ပထမအကြိမ် မြန်မာပြည်ခရီးစဉ်မှာ ဒေါ်မာမာအေးက သူရဲ့ “ပြောပြစရာတွေလည်း တပုံကြီး …” ဘီဘီစီအသံဆောင်းပါးတွေကို စာအုပ်နဲ့ စီဒီ ပထမပိုင်း ထုတ်ဝေခဲ့ပါတယ်။ ဒုတိယခရီးစဉ်မှာလည်း စာအုပ်ထုတ်ဝေဖို့ ပြင်ဆင်ထားတာတွေ ရှိသလားလို့ မေးမြန်းခဲ့ရာမှာ …

“ပထမစာအုပ်ကို အသံစီဒီနဲ့ ထုတ်ဝေတဲ့ဆီမှာ စာနဲ့ အသံနဲ့ တွဲဖတ်ကြရအောင် နားဆင်ကြရအောင် ထုတ်ခဲ့တာ။ အခုပြန်ကြားရတာက အသံစီဒီကို လူတချို့က ခိုးကူးပြီး ဖြန့်နေတယ်ဆိုတော့ သောတရှင်တွေအတွက်ကော စာရေးသူတွေအတွက်ပါ အနုပညာရသ အပြည့်အ၀ပေးခွင့်မရတော့ဘူးပေါ့။ အဲသည်လိုမျိုး ဆက်မဖြစ်အောင် အားလုံးနဲ့ တိုင်ပင်ဆွေးနွေးလိုပါတယ်။”

လို့ ဒေါ်မာမာအေးက ပြောကြားသွားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts