မောင်ရင်ငတေ

Maung Yin Nga Tay – Articles

ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
မေ ၁၄၊ ၂၀၁၃

● နှစ်ကူးသင်္ကြန် (Nouvel An Birman, Rennes, France. 11. Mai. 2013)

၁၃၇၅ ခုနှစ် မြန်မာနှစ်သစ်ကူးပွဲတော်ကို ယနေ့ညမှာ ပြင်သစ်ပြည်ရောက် မြန်မာများမှ စုပေါင်း ကျင့်ပကြပါတယ်၊ ပြင်သစ်မှာရောက်ရှိနေထိုင်တဲ့ မြန်မာလူမျိုးဦးရေကလည်း နည်းပါးလှတာက တကြောင်း ကျင့်ပတဲ့နေရာကလည်း မြို့တော်ပါရီမှာ မဟုတ်တာကလည်းတကြောင်း တက်ရောက် လာတဲ့ မြန်မာဦးရေကတော့ ဆယ်ဦးခန့်မျှသာရှိပါတယ်၊ ပွဲတော်ကျင့်ပတဲ့မြို့ကတော့ ပြင်သစ်ပြည် အနောက်မြောက်ပိုင်းဒေသ Bretagne ပြည်နယ်က Rennes ဆိုတဲ့မြို့မှာ ဖြစ်ပါတယ်၊ Rennes မြို့မှာ လွန်ခဲ့တဲ့ ၁၈ နှစ်ကျော်က ရောက်ရှိအခြေချ နေထိုင်နေတဲ့ မြန်မာပြည် သံဖြူဇရပ်နယ်က မွန်တိုင်းရင်းသူ Roxane MaAye ရဲ့ဦးဆောင်မှုနဲ့အတူ မြန်မာလူမျိုးများ စုပေါင်းပြီးကျင့်ပ ပြုလုပ်ခဲ့တာ ယခုအကြိမ်နဲ့ဆိုရင် တတိယအကြိမ်တိုင်အောင် ရှိခဲ့ပါပြီ၊ ဒေသခံပြင်သစ်လူမျိုးများနဲ့ ရင်းနှီးခင်မင်စွာ နေထိုင်ခဲ့ကြတာကြောင့် မြန်မာလူမျိုးနဲ့ မြန်မာကို ခင်မင်ရင်းနှီး စိတ်ဝင်စားကြတဲ့ ပြင်သစ်လူမျိုး မိသားစုများ စုစုပေါင်းဦးရေ တရာကျော် ဒီပွဲကိုတက်ရောက် ပါဝင်ဆင်နွဲကြပါတယ်၊ နောင်နှစ်ခါများမှာတော့ ဒိထက်မက မြန်မာလူမျိုးများရော ပြင်သစ်လူမျိုးများပါ ပိုမိုပါဝင်လာကြ လိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ၊

 

 

အခမ်းအနားကတော့ သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်သလို ကုန်ကျစရိတ်များကိုလည်း စုပေါင်း ထည့်ဝင်ကြပြီး ပျော်ပျော်ပါးပါး ဝိုင်းလုပ်ဝိုင်းစားကြတဲ့ ပုံစံမျိုးပါ၊ မအေးဦးဆောင်တဲ့ မြန်မာတွေရယ် သူမနဲ့အတူ နှစ်ရှည်လများ ညီအကိုများ မောင်နှမများပမာ  ခင်မင်ရင်းနှီးစွာ ဆက်ဆံလာခဲ့ကြတဲ့ ပြင်သစ်လူမျိုးမိသားစု လေးငါးဆယ်ဦးရယ် ဝိုင်းဝန်းပြီး တနှစ်တခါ ဒီအချိန်ဒီအခါ ရောက်လာရင် တော့ ဒီပွဲကို ကြိုးစားပြီး ပြုလုပ်ချင်စိတ်တွေနဲ့ လုပ်ဖြစ်အောင် လုပ်ခဲ့ကြတာပါ၊ ဘာအသင်းအဖွဲ့မှ အမည်တတ်စရာ မပါပါဘူး၊ တဦးချင်းဆီက ကိုယ်အသိစိတ်နဲ့ကိုယ် ပါဝင်ခဲ့ကြတာပါ၊
အထူးသဖြင့်ကတော့ မြန်မာစကားကို မင်္ဂလာပါလို့ ဆိုတာကလွဲလို့ တလုံးမှ တတ်လည်းမတတ် နားလည်းမလည်ပေမဲ့ မြန်မာသီချင်းသံစဉ်တွေကို နှစ်သက်တဲ့ အထူးသဖြင့် သင်္ကြန်သီချင်းတွေကို စိတ်ဝင်စားတဲ့ မောင်ရင်ငတေတို့လို ရွှေပြည်တော်သားတွေကို အမြဲတမ်း ကူညီချင်နေတတ်တဲ့ Monsieur Domanique မွန်ဆီယာဒိုမနစ်လို့ အမည်တွင်တဲ့ ဘရီတန်နယ်သား အနုပညာသမား ကျောင်းဆရာတဦးကလည်း ဒီပွဲကို မပြုလုပ်ပြုလုပ်ဖြစ်အောင် ဦးဆောင်တိုက်တွန်း နှိုးဆော်ခဲ့သူပါ၊ ဒါတောင်မှ ဒီတကြိမ်ဟာ စတုတ္ထအကြိမ်မြောက်ပွဲလို့ သတ်မှတ်ရမှာဖြစ်ပေမဲ့ မနှစ်တုန်းကတော့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ပွဲမလုပ်ဖြစ်နိုင်ခဲ့လို့ ဒီနှစ်ကို တတိယအကြိမ်အဖြစ်သာ သတ်မှတ်နိုင်ခဲ့တာပါ၊ အဲဒီလိုမျိုး မလုပ်ဖြစ်တာကို မကျေနပ်မရောင့်ရဲနိုင်တဲ့ မွန်ဆီယာဒိုမနစ်ဟာ သူနေထိုင်ရာ ခြံဝန်းအိမ်လေးထဲမှာ သူတတ်နိုင်သမျှ ပွဲကြီးမဟုတ်တောင် ပွဲလေးလုပ်ဖြစ်အောင် လုပ်ခဲ့တာကိုတော့ အသိမှတ်ပြုခဲ့ရပါတယ်၊ သူတို့တတွေဟာ ရွှေတိုင်းပြည်ကိုသွားပြီး ဆင်ဖမ်းမယ် ကျားဖမ်းမယ်လို့ ပြောသံများကိုတော့ မကြားဖူးခဲ့ရိုး အမှန်ပါ၊ အဲဒီလိုသွားမဲ့ လူမျိုးတွေကလည်း ဒီလောက်ပွဲမျိုးတွေကို အချိန်ကုန်လူပင်ပန်းခံပြီး လုပ်ကြမယ်မထင်မိကြောင်းပါ၊ ဘယ်လိုဘဲဖြစ်ဖြစ် နောင်နှစ်တွေမှာ ဒီလိုမျိုး ဆက်လက်ပြီး ကျင့်ပနိုင်ရန်အတွက်လည်း ဆုတောင်းပေးလိုက်ပါတယ်၊
အခန်းအနားမှာတော့ မြန်မာနှစ်သစ်ကူးပွဲတို့ရဲ့ ထုံးစံအတိုင်း သင်္ကြန်အက သင်္ကြန်သီချင်းများနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး မိုးမခဝိုင်းတော်သားတဦးဖြစ်သူ ပြင်သစ်ဆရာပါရီမောင်နဲ့ အဖွဲ့ကလည်း အခန်း အနားပြင်ဆင်တာကအစ ဓါတ်ပုံဗီဒီယိုမှတ်တမ်းတင်ခြင်းတွေကို တက်ကြွစွာပြုလုပ်နေကြတာကို တွေ့မြင်ရပါတယ်၊ ဒီသင်္ကြန်ပွဲကို ဦးစီးကျင့်ပသူမအေးရဲ့ တပင်တိုင် မွန်အက ကရင်အကများ ရောက်ရှိလာကြတဲ့ မြန်မာအမျိုးသမီးများရဲ့ စုပေါင်းသင်္ကြန်ယိမ်းနဲ့လည်း ရှိတဲ့သူနဲ့ ပွဲစည်ကား အောင် ပြုလုပ်နိုင်ခဲ့ကြပါတယ်၊ တက်ရောက်လာသူပရိတ်သတ်များကို မြန်မာ့ရိုးရာ အစားအစာများ အမျိုးမျိုး ဘေးဘရာတွေ ကင်းဝေးစေမဲ့ ဘယာကြော်ရယ်ကစ မြန်မာတွေရဲ့ ပါလေရာသူကြီးဟင်း ဖြစ်နေတဲ့ မုန့်ဟင်းခါးအဆုံး ဧည့်ခံကျွေးမွေးပါတယ်၊ တက်ရောက်လာတဲ့ ထိုင်းလူမျိုးတဦးကလည်း ထိုင်းသင်္ကြန်သီချင်းနဲ့ ပါဝင် အားပေးသီဆိုခဲ့ပါတယ်၊ မျိုးဆက်သစ်ပြင်သစ်မြန်မာကပြားလေးများရဲ့ ခေတ်ပေါ်ယိမ်းကလည်း ဗိုက်ပြည့်ပြီး အိပ်ငိုက်နေတဲ့ ပရိတ်သတ်တွေကို အိပ်မက်တွေကလန့်နှိုး လိုက်စေပြန်ပါတယ်၊ မနက် ၂ နာရီကျော်မှာတော့ နောက်နှစ်ခါလည်း ဆုံတွေ့ကြဖို့ နှုတ်ဆက်ရင်း ၁၃၇၅ ခုနှစ်ကူး သင်္ကြန်ကို ပျော်ရွှင်စွာ ပြီးဆုံးစေခဲ့ပါတယ်၊
မအေးအတွက် ဂုဏ်ပြုကဗျာ

ဒီလိုအစားအစာမျိုးတွေနဲ့ ဧည့်ခံခဲ့သလို

ဒီလိုခေတ်ပေါ်အကမျိုးတွေလည်း မပါမဖြစ်ပါခဲ့ပါတယ်၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts