>funding for the Union Building

>

တကသအမှုဆောင်ဟောင်း လွှတ်တော်ရှေ့နေကြီး ဦးသန်းတင် (၉၀) ပြည့် မွေးနေ့ပွဲ ပြုလုပ်
တကသ အဆောက်အအုံ ဆောက်ရန် ဒေါ်အောင်ဆန်းစုကြည်ထံ အလှူငွေ ဆယ်သိန်း မ တည်

မိုးယံမခ
ရန်ကုန်၊ ဇွန် ၂၆၊ ၂၀၁၁


ရှေ့နေကြီး ဦးသန်းတင်က မတည် အလှူငွေ ပေးအပ်နေသည်ကို ဦးတင်ဦးက လက်ခံရယူစဉ်


ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၉ လမ်း (အောက်) အမှတ် (၁၀) မြေညီထပ်မှာ ရှိတဲ့ ရှေ့နေကြီး ဦးသန်းတင်ရဲ့ နေအိမ်မှာ သူ့ရဲ့ အသက် (၉၀) ပြည့်မွေးနေ့ပွဲကို အခမ်းအနားကို ကျင်းပခဲ့ပါ တယ်။


အခမ်းအနားကို ၀ါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့ နှင့် လုပ်ဖော်ကိုင်ဖက်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟို အလုပ် အမှုဆောင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းကြီးများ၊ ပါတီ အသီးသီးမှ နိုင်ငံရေးသမားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ ဖိတ်ကြားထားတဲ့ မိတ်သင်္ဂများ တက်ရောက်ခဲ့ကြပါတယ်။

ကြွရောက် ချီးမြှင့်သူတွေကို နံနက်စာနဲ့ တည်ခင်း ဧည့်ခံပြီး မွေးနေ့ရှင်က ဘ၀ ဖြတ်သန်းမှု အကျဉ်းကို တင်ပြပြီး သူ့ရဲ့အသက် ၉၀ ပြည့်မွေးနေ့မှာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ရန် ဒေါ်ဆောင်ဆန်းစုကြည်ထံ အလှူငွေ ကျပ် ဆယ်သိန်း မတည်ရခြင်း အကြောင်းအရင်းကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။

‘‘ကျနော်က တကသမှာ ၁၉၅၄ ခုနှစ်က ဘဏ္ဍာရေးမှူး အဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၈၈ ခုနှစ်တုန်းကလည်း နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးတွေရဲ့ ပြည်သူများသို့ မေတ္တာရပ်ခံချက်နဲ့ နိုင်ငံတော် ၀န်ကြီးချုပ်ရဲ့မေတ္တာ ရပ်ခံချက်ကို ရည်ညွှန်းပြီး အချက် (၅) ချက်ပါတဲ့ ဆန္ဒပြုချက်ကို နိုင်ငံတော် ကောင်စီထံ လိပ်မူပြီး တောင်းဆိုချက် တင်သွင်းခဲ့ဖူးပါတယ်။ အဲ့ဒီအထဲက နံပါတ် (၅) ဆန္ဒပြုချက်ကတော့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အအုံကြီး တခု ဆောက်ပေးရေး ဖြစ်ပါတယ်။ အဲဒီလို ဆောက်လုပ်ဖို့ နိုင်ငံတော်က တာဝန် မယူလိုပါက ဤတောင်းဆိုသူက ဆော်သြပြီး အလှူငွေများ ကောက်ခံ ဆောက် လုပ် ခွင့်ပြုဖို့ပါပါတယ်။ အဲဒီလို ဆန္ဒပြုဖူးတာကို ကျနော့် စိတ်ထဲမှာ စွဲထင်နေပါတယ်။ ကျနော်တို့ ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ဒီတကသမှာ ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးပါတယ်။ ဒီနေ့ သူ့ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မြန်မာ့ ဒီမိုကရေစီရေးနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ တကသ အဆောက်အအုံ ဆောက်လုပ်ဖို့ အလှူငွေ မ တည်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ခံပေးပါလို့ ပြောတော့ ဒေါ်စုက ကျမ တယောက်ထဲတော့ လက်မခံနိုင်ဘူး။ ကော်မတီ ဖွဲ့ပြီး လုပ်ကြရင် ကောင်းမယ်လို့ ပြောဆိုခဲ့တဲ့ အတွက် ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို တယ်တိုင် မတက်ရောက်နိုင်ပေမယ့် ဦးတင်ဦးကို မတည်အလှူငွေ ကျပ်ဆယ်သိန်း ပေးအပ်တာ ဖြစ်ပါတယ်’’ လို့ ဦးသန်း တင်က ရှင်းလင်း တင်ပြခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးက ပြန်လည် ပြောကြားရာမှ ‘‘အခြေအနေ ပေးရင် ပေးသလောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကိစ္စကို ဆောင်ရွက်သွားမည်ဟု မိမိတို့ ယုံကြည်ကြောင်း၊ အားလုံးလည်း ၀ိုင်းဝန်း ဆောင်ရွက်ကြပါလို့ တိုက်တွန်လိုကြောင်း’’ စသည်ဖြင့် အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့ပါတယ်။

တက်ရောက်လာသူများထဲမှ တကသ အမှုဆောင်ဟောင်း ဦးသာဗန်းက ဦးသန်းတင်နဲ့ သူတို့ရဲ့ တကသ ဖြတ်သန်းမှု အတွေ့အကြုံများကို အမှတ်တရစကား ပြောကြားရင်း တကသ အဆောက်အအုံ ဆောက်လုပ်ရန် စေတနာရှင်များက ၀ိုင်းဝန်း၍ အလှူငွေများ ထည့်ဝင်ကြရန် ဆော်သြသွားပါတယ်။

တက်ရောက်လာကြသူများက တကသ အဆောက်အဦဆောက်လုပ်ရန် အလှူငွေများ ထပ်မံ ထည့်ဝင်ကြရာ အလှူငွေ လေးသိန်း ငါးသောင်း ကျပ် ထမ်မံ ရရှိပါတယ်။

ကြွရောက်လာသူများက မွေးနေ့ အမှတ်တရစကားများ ချီးမြှင့်ကြပြီး တကသ အမှုဆောင်ဟောင်း လွှတ်တော်ရှေ့နေကြီး ဦးသန်းတင်ရဲ့ အသက် ၉၀ ပြည့် မွေးနေ့ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ဦးသန်းတင်၏ အသက် (၉၀) ပြည့် မွေးနေ့ အခမ်းအနား မှတ်တမ်းတင် ဓာတ်ပုံများ







၁၉၈၈ ခုနှစ် နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေရဲ့ ပြည်သူများသို့ မေတ္တာရပ်ခံချက်နှင့်
နိုင်ငံတော် ၀န်ကြီးချုပ်၏ မေတ္တာရပ်ခံချက်ကို ရည်ညွှန်းသည့် အချက် (၅) ချက်ပါ ဆန္ဒပြုချက်



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts