>SUU 66, Ashin Kaung – Poem

>

ပွဲဝင်မည့် အမေ
အရှင်ကောင်း (ရွှေဝါရောင်)
ဇွန် ၁၈၊ ၂၀၁၁
(ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့်မွေးနေ့သို့)

နိပါတ်တော်ထဲမှာ
မည်းမည်းကြုတ်ကြုတ်၊ ၀က်တအုပ်လေ
နွံသုတ်ရွှံ့လူး
ပတ္တမြားဂူရောင် မှောင်စေရွယ်စူးသတဲ့။
ပတ္တမြားစစ်၊ နွံမညစ်ခဲ့
ပြည်ချစ်မိခင်၊ ပြုံးပန်းဆင်၍
ပွဲဝင်ဖို့ရာ လာချေပြီ။

ပုံပြင်ထဲမှာ
မိုက်မဲဉာဏ်ကင်း၊ ခွေးတသင်းလေ
မြစ်တွင်းက သားရေချပ်အတွက်
ရေတွေကိုကုန်အောင် ဟပ်ကြမတဲ့။
ဘယ်ခါမခန်း၊ ပြည့်ရေချမ်းစစ်
ပြည်ချစ်မိခင်၊ ပြုံးပန်းဆင်၍
ပွဲဝင်ဖို့ရာ လာချေပြီ။

လောကထဲမှာ
အာဏာရူးမိုက်၊ လူတသိုက်လေ
တိုက်ခိုက်မမှီ လ၀န်းဆီကို
ရောင်ခြည်ကွယ်ရေး၊ တံတွေးနဲ့ ထွေးသတဲ့။
ပြည်သူ့ရင်မှာ၊ သာမြဲသာတဲ့
ရောင်ဝါမညစ်၊ လ၀န်းသစ်
ပြည်ချစ်မိခင်၊ ပြုံးပန်းဆင်၍
ပွဲဝင်ဖို့ရာ လာချေပြီ။

(ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ် မွေးနေ့သို့ )
သရုပ်ဖော် – အောင်ထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts