>journal pieces on June 17

>

သတင်းသမားကို ဆေးရုံဝန်ထမ်းတို့ ကြောက်ရခြင်း နဲ့ ဂျာနယ်ဖြတ်စများ

နွားကျောင်းသားကိုဝင်း
ဇွန် ၁၇၊ ၂၀၁၁



Envoy ဂျာနယ်

ဆင်းရဲတဲ့ ချင်းပြည်နယ် နဲ့ လူငယ်နိုင်ငံရေးသမား (Envoy ဇွန် ၁)
ချင်းပြည်နယ်က လွှတ်တော်တက်သူတယောက်နဲ့ အင်တာဗျူးပါ။ စီးပွားရေးချွတ်ခြုံကျတာကို ကုစားမယ်လို့ ဆိုတယ်။ ပြီးတော့ သူတို့ဒေသအကြောင်းလည်း ပြောပြထားပါတယ်။

ရုပ်သေးအဖွဲ့ (Envoy ရက်စွဲ မမှတ်မိ)
မြန်မာပြည်မှာ ရုပ်သေးအဖွဲ့ အရေအတွက်က လက်ချိုးရေရလောက်အောင် နည်းနေပါပြီ။ အဲဒီထဲက တဖွဲ့ ဖြစ်တဲ့ “ထွေးဦး မြန်မာ” က ပရိသတ်ဆီ အရောက်သွားမယ့် အစီအစဉ်တခုအကြောင်း သတင်းပါ။


တင်မိုး ကဗျာစာအုပ် (Envoy မေ ၁၂)
ကကြီး ခခွေး ကစားပေး လို့ အမည်ရတဲ့ ဒီစာအုပ်ကို ဆရာကြီး တင်မိုးရဲ့ အမှာစာနဲ့ ထုတ်ထားပါတယ် တဲ့။ စာအုပ်အဟောင်းကို ပြန် ပုံနှိပ် ဖြန့်ဝေတာ ဖြစ်မှာပါ။ ကလေးတွေအတွက် စာအုပ် ရှားပါးတဲ့ ကာလ ဖြစ်တဲ့အတွက် ၀မ်းသာစရာပါပဲ။ နှစ်အတန်ကြာ ပိတ်ခံထားရတဲ့ ဆရာကြီးရဲ့ လက်ရာတွေ ထုတ်ဝေခွင့် ရလာတာလည်း ၀မ်းသာစရာပါ။ ဒီထက်မက ၀မ်းသာချင်ပါသေးတယ်။


Voice အယ်ဒီတာ ကျော်မင်းဆွေနဲ့ အင်တာဗျူး (Envoy ဖေဖော်ဝါရီ ၁၀)
ဆရာကျော်မင်းဆွေ ဘာပြောထားသလဲ စိတ်ဝင်စားသူ ရှိကြမှာမို့ တင်ပေးလိုက်ပါတယ်။ သတင်းလောက ဖြတ်သန်းခဲ့ပုံ နဲ့ ဒီလောကဆိုင်ရာ သူ့အမြင်တွေကို တွေ့ရမှာပါ။


အီးဗိုက် (Envoy ဖေဖော်ဝါရီ ၂၄)
E-mail တို့ E-government တို့က အင်တာနက်မှာ သုံးရတာတွေပါ။ E-Bike ဆိုတဲ့ ဆိုင်ကယ်ကတော့ အင်တာနက်မှာ မောင်းဖို့ မဟုတ်ဘူး၊ လမ်းပေါ်မှာ မောင်းဖို့ပါ တဲ့။ ဓာတ်ဆီ အင်ဂျင်ဝင် ထည့်စရာမလို၊ ပလပ်ပေါက်ထိုး အားသွင်းပြီး မောင်းရုံပါပဲ တဲ့။
လျှပ်စစ်ဓာတ်အားရတဲ့ ဒေသတွေအတွက် အသုံးဝင်မယ်၊ သဘာဝပတ်ဝန်းကျင်သမားတွေ ကြိုက်ကြမယ်ပေါ့လေ။

ရွေ့လျား ကြံရည်ဆိုင် (Envoy ဖေဖော်ဝါရီ ၂၄)
စိတ်ဝင်စားစရာ ခပ်တိုတို အင်တာဗျူးကို ဖတ်ပါအုံး။ ကြံချောင်းကို ရေထဲ မစိမ်ဘူး ဆိုတာကိုတော့ အားလုံးက သဘောတူမယ် မထင်ဘူး။


7DAY ဂျာနယ်၊ မေ ၅ ဖြတ်စများ

သတင်းသမားကို ဆေးရုံဝန်ထမ်းတို့ ကြောက်ရတဲ့ အကြောင်းရင်း
ပြီးခဲ့တဲ့ တပတ်အတွင်း FaceBook မှာ သတင်းသမား တဦး ရေးထားတယ် – ဆေးရုံဝန်ထမ်းတချို့က သတင်းသမားဆိုရင် ဟိုကြေး ဒီကြေး မတောင်းရဲတော့ဘူး တဲ့။
သူ့ဆောင်းပါးကို အတွေးပွား ဆွေးနွေးထားကြတာတွေလည်း အများကြီးပါပဲ။
အင်း – ဆေးရုံမှာ လူနာသွားတွေ့ရင် သတင်းသမားလို့ ပြောကြရမလို ဖြစ်နေပါပြီ။
သတင်းသမားဆိုရင် ဘာကြေးညာကြေး ဆိုပြီး ညစ်တာ မခံရတဲ့ အခြေအနေတချို့ ရှိလာတာဟာ အခု ဒီ 7DAY ဂျာနယ်ကလိုမျိုး ဖွင့်ချချက်တွေကြောင့်များလား။
ဒီဆောင်းပါးရှည်က ရန်ကုန်မြို့ဆေးရုံတွေရဲ့ အခြေအနေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြပါတယ်။ ဆေးရုံဝန်ထမ်းတွေက လူနာရှင်တွေကို ဓားပြတိုက်နေတယ်ပေါ့။ ဖတ်ကြည့်ပါအုံး။ ဆေးရုံပေါ်က သုံးသောင်းတန်အတွေ့အကြုံ တဲ့။
ဒို့ခေတ်ရောက်ပြီ၊ ညံ့ကြတော့မည်
ခန့်ကျော်ထင်လှိုင်ရဲ့ ဆောင်းပါးက ဒီနေ့ခေတ် ပညာရေးအခြေအနေ၊ ဆရာ ဆရာမ ကျောင်းသူ ကျောင်းသားတို့ရဲ့ လေ့လာအားထုတ်မှု အခြေအနေတွေကို ပြောပြထားပါတယ်။ ဒီခေတ်မှာ ညံ့လာကြပြီ တဲ့။ သူပြောတာတွေ အကုန်လုံး မဟုတ်တောင် သဘောတူစရာ အချက်တွေ များပါတယ် ဆိုတာ တွေ့ရမှာပါ။


မြန်မာအသင်းကို အားပေးပုံ
ခန့်ကျော်ထင်လှိုင်ရဲ့ ဆောင်းပါးပါပဲ။ မြန်မာဘောလုံးလောကကို ကြေးစားအဆင့် ပြောင်းပြီး ၃ နှစ်အကြာ ဖြစ်ထွန်းမှုများကို သုံးသပ်ပြထားတာပါ။ ဓာတ်ပုံထဲက ပရိသတ်တယောက် ကိုင်ထားတဲ့ ဆိုင်းဘုတ်ကလည်း စာရေးသူရဲ့ အမြင်ကို ထင်ဟပ်နေသလိုလို။


ရန်ကုန်သူ ရန်ကုန်သားများ ခွေးရူး သုံးသောင်းနှင့် အတူနေထိုင်
ရန်ကုန်ခွေးလောကမှာ အင်အား တသိန်းရှိတယ်၊ ၃၀ ရာခိုင်နှုန်းက ခွေးရူးရောဂါ ရှိနေပါတယ် တဲ့။ ဒီရာခိုင်နှုန်း ရှိတယ် ဆိုတာ ယုံကြည်ရပါ့မလား။ ခွေးသေ ၂၁ ကောင်ကို သုတေသနလုပ်ပြီး တွေ့ရတဲ့ ရလဒ်လို့ ဆိုပါတယ်။
ခွေးအရေအတွက် ထိန်းချုပ်ဖို့တော့ လိုပါပြီ။ ခွေးတွေက ကွန်ဒွန်မသုံး၊ တားဆေးမသုံးတော့ ထိန်းရ လွယ်မယ် မထင်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts