>Ashin Pyinnyar Nanda – Unity

>

ညီညွတ်မှ အောင်ပွဲခံနိုင်မည်
အရှင်ပညာနန္ဒ
ဇွန် ၁၆၊ ၂၀၁၁
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ကြီး ၃ တိုက်တို့၏ အဓိပတိနှင့် မဟာနာယကချုပ် ဖြစ်တော်မူသော ဆရာတော်ကြီး ဘဒ္ဒန္ထရာဇဓမ္မာဘိဝံသဟာ အမေရိကန်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် ဓမ္မဒူတခရီး ကြွရောက်တော်မူလာပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာ နယူးယောက်ပြည်နယ် Rensselaer မြို့၊ ဓမ္မဝါဒီ အောင်မြေ မင်္ဂလာကျောင်းဆရာတော် ဦးဣဿရိယနှင့်စေတနာရှင်ဒကာ ဒကာမများရဲ့ ပင့်ဖိတ်မှုကြောင့် တရားဓမ္မများချီးမြှင့်ရန် နောက်ပါသံဃာနှစ်ပါးနှင့်အတူ ကြွရောက်တော်မူလာပါတယ်။

Rensselaer မြို့လေးဟာ ထိုင်းနယ်စပ်မှရောက်ရှိလာသော မြန်မာဒုက္ခသည် အများစုနေထိုင်ရာ မြို့လေးတမြို့ ဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ နောက်တလခွဲဆိုရင် သက်တော် ၇၈ နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့် ကျန်းမာရေးကောင်းတော်မူဆဲ တပည့်များရှိရာ နိုင်ငံအတော်များများသို့ ကြွရောက်တော်မူဆဲ ဖြစ်ပါတယ်။
ည ၈ နာရီအချိန်မှာတော့ တရားနာယူရန် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ပါတယ်။ ဆက်လက်ပြီး ကျောင်းထိုင်ဆရာတော် ဦးဣဿရိယမှ ဆရာတော်ကြီးရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားပါတယ်။
အဲဒီနောက် ဆရာတော်ကြီးထံက ငါးပါးသီလခံယူတော်မူကြပြီး မှတ်သားဖွယ်ရာ သြဝါဒကထာကို ချီးမြှင့်တော်မူပါတယ်။ အများကြည်ညိုမှတ်သားနိုင်စေရန် ဆရာတော်ကြီးရဲ့ အဆုံးအမ သြဝါဒကထာကို ပြန်လည် ဝေငှဓမ္မဒါနပြုလိုက်ပါတယ်။
သြဝါဒအကျဉ်းချုပ်
ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။
သမဂ္ဂါသခိလာ ဟောထ၊ ဧတံဗုဒ္ဓါနသာသနံ။ ။
အဝိဝါဒံ။ အချင်းချင်း ငြင်းခုန်ခြင်း ခိုက်ရန်ဖြစ်ခြင်း အပြန်ပြန်သဘောထားကွဲခြင်းကို။
ဘယတော၊ ကြောက်ဖွယ်ဘေးကြီးဟူ၍။ ဒိသွာ၊ မြင်ကြ။
အဝိဝါဒံ၊ မငြင်းမခုန်ခိုက်ရန်မဖြစ် သဘောထားညီညွတ်ခြင်းကို။
ခေမတော၊ ငြိမ်းချမ်းရေးလမ်းစဉ်ကြီးဟူ၍၊ ဒိသွာ၊ မြင်ကြ။
သမဂ္ဂါ၊ အချင်းချင်း ညီညီညွတ်ညွတ် နေထိုင်ကြ။
သခိလာ၊ အချင်းချင်းဆက်ဆံတဲ့အခါ ပြေပြေပြစ်ပြစ်ဆက်ဆံကြ။
ဧတံဗုဒ္ဓါန သာသနံ၊ အဲဒါ ဘုရာရှင်တိုင်းဆုံးမတဲ့ အဆုံးအမပဲ၊ အဲဒီတော့ တို့ဗမာတွေ အချင်းချင်း ညီညွတ်ကြစေချင်တယ်၊ ကရင်နဲ့ ဗမာရန်ဖြစ်လိုက် ရှမ်းနဲ့ ဗမာရန်ဖြစ်လိုက် ကရင်အချင်းချင်း ဗမာအချင်းချင်း တိုင်းရင်းသားတွေ အချင်းချင်းရန်ဖြစ်နေကြလို့ ဗမာပြည် မတိုးတက်နိုင်ကြောင်း၊ ရန်ဖြစ်တယ်ဆိုတာ အကုသိုလ်ဖြစ်ကြောင်း ညီညွတ်တယ်ဆိုတာ ကုသိုလ်ဖြစ်ကြောင်း ရှေးဦးစွာ မိန့်ကြားတော်မူပါတယ်။
ဆရာတော်ကြီးက …
သူအနေနှင့် နိုင်ငံအတော်များများ ရောက်ဖူးကြောင်း၊ ရောက်တဲ့နေရာမှာ ဗမာတွေကွဲနေတာ တွေ့ရကြောင်း။ နှစ်ယောက်ရှိရင်လည်းကွဲနေကြောင်း နောက်ဆိုရင် ကိုယ့်အရိပ်နဲ့ ကိုယ်တောင် ကွဲနိုင်ကြောင်း ဟာသလေးစွက်ပြီး ဟောကြားသွားသလို အဲဒီလိုအကျင့်ဆိုးတွေကို ဖျောက်ဖို့လိုကြောင်း အချင်းချင်းညီညွတ်မှ တိုင်းပြည်ပြန်လည်တိုးတက်မှာဖြစ်ကြောင်း ကရုဏာလွမ်းသော အသံတော်များဖြင့် ဟောကြားတော်မူပါတယ်။
ဆက်လက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်လောက်က အတွေ့အကြုံတခုကို ပြောပြပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ခန့်က ထိုင်းဝန်ကြီးတယောက် ဗမာပြည်လာကြောင်း၊ အဲဒီအခါတုန်းက အာရှမှာ ခေတ်အမီဆုံးဖြစ်တဲ့ မင်္ဂလာဒုံလေဆိပ်ကိုကြည့်ပြီး တအံ့အသြဖြစ်နေကြောင်း၊ ဗမာပြည်အဆင့် မီဖို့ ထိုင်းနိုင်ငံအနေနဲ့ နှစ်ပေါင်းများစွာ ကြိုးစားရအုံးမှာလို့ ပြောဖူးကြောင်း၊ ခုအချိန်မှာ ဗမာနဲ့ ထိုင်း ဘယ်သူက ပိုပြီး တိုးတက်နေတယ်ဆိုတာ အားလုံးမျက်မြင်ဖြစ်ကြောင်း ခုတော့ ထိုင်းနိုင်ငံ အဆင့်အတန်း မီဖို့ နှစ်ပေါင်းများစွာ ငါတို့ ဗမာတွေ ကြိုးစားရအုံးမှာဖြစ်ကြောင်း အချင်းချင်း ညီညွတ်ကြဖို့လိုကြောင်း အားမလို အားမရ မိန့်ကြားတော်မူပါတယ်။
ဆက်လက်ပြီး ဆရာတော်ကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ဘယ်နှစ်နိုင်ငံရှိသလဲလို့ တရားနာ ပရိတ်သတ်ကို မေးတော်မူပါတယ်။
ကုလအဖွဲ့ဝင်နိုင်ငံ ၂၀၀ နီးပါးရှိကြောင်း ကျွန်းထွက်တဲ့ နိုင်ငံဟာ ၆ နိုင်ငံသာရှိကြောင်း၊ ဗမာ့ ကျွန်းသစ်ဟာ အခြားနိုင်ငံကထွက်တဲ့ ကျွန်းသစ်ထက် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်း၊ ရေနံနဲ့ သဘာဝသယံဇာတတွေလည်း ဗမာနိုင်ငံနေရာအတော်များများမှာ ထွက်ကြောင်း၊ ဗမာနိုင်ငံဟာ တကယ့်ကို ပြီးပြည့်စုံတဲ့ နိုင်ငံဖြစ်ပေမယ့် ဗမာတွေ မချမ်းသာဘဲ ဆင်းရဲနေတာတွေဟာ မညီညွတ်လို့ ဖြစ်ကြောင်း ညီညွတ်ကြဖို့ အထပ်ထပ်အခါခါ ဆုံးမတော်မူပါတယ်။
ဘုရားက ဟောထားတယ်၊ သဘောထားကွဲနေတဲ့သူတွေကို ညီညွတ်အောင် စေ့စပ်ပေးရမယ်တဲ့၊ ညီညွတ်ပြီးသားသူတွေကိုလည်း ပိုပြီးညီညွတ်လာအောင် လုပ်ပေးရမယ်တဲ့။ ခုတော့ ငါတို့နိုင်ငံမှာ အဲလို မဟုတ်ဘူး၊ အချင်းချင်းရန်ဖြစ်နေကြတယ် ကွဲနေကြတယ်။ မညီညွတ်ကြဘူး။ ဘယ်ကိစ္စမဆို ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့လိုကြောင်း အချင်းချင်းမေတ္တာထားပြီးလုပ်မှ တိုင်းပြည်တိုးတက်မှာ ဖြစ်ကြောင်း၊ ဘုရားအဆုံးအမအတိုင်း လိုက်နာဆောင်ရွက်ကြစေလိုကြောင်း တစုံတရာကို ရည်ညွန်းပြီး ဟောနေသလို ခံစားမိပါတယ်။
အထူးအားဖြင့် ကလေးသူငယ်များအား ဗမာစာသင်ပေးဖို့ အလေးအနက်ထား တိုက်တွန်းတော်မူပြီး အချို့ ဒကာ ဒကာမတွေဟာ မိမိတို့ သားသမီးဗမာစာ ဗမာစကား မပြောတတ်တာကို ဂုဏ်ယူနေကြာင်း၊ ဗမာစာနဲ့ စကားဟာ တတ်ကိုတတ်ရမှာ ဖြစ်ကြောင်းနဲ့ ဘာသာစကားဆိုတာ များများတတ်လေ ကောင်းကြောင်း ဦးဇင်းတွေအနေနဲ့လည်း ကလေးငယ်တွေကို ဂရုတစိုက် ဗမာစစာသင်ပေးဖို့ မိန့်ကြားတော်မူပြီး သာဓုသုံးကြိမ်ခေါ်ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပါတယ်။
(ဥပဒေသ)
ကောင်းပင်စိုက်က၊ ကောင်းကျိုးရ၊ လောကဓမ္မတာ။
ဆိုးပင်စိုက်က ဆိုးကျိုးရ၊ လောကဓမ္မတာ။ ။
ဇွန် ၁၁ ၂၀၁၁
***ဆရာတော်ကြီးဟာ ၁၉၉၀ ခုနှစ် မန္တလေးမှာပြုလုပ်တဲ့ ပတ္တနိက္ကုဇ္ဖနကံဆောင်မှုကြောင့် မစိုရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ (ပျံလွန်)နှင့်အတူ နဝတ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ် ၁ နှစ်၊ ၇ လ ပြစ်ဒဏ်ပေးခြင်းခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်း ဖြစ်ပါတယ်။ မျိုးချစ်စိတ်ထက်သန်သော ဆရာတော်တပါးဖြစ်ပြီး စစ်အစိုးရ ဆက်ကပ်လှူဒါန်းထားသော ဘွဲ့တံဆိပ်များကို မလွဲမကင်းသာ လက်ခံထားရသော်လည်း အသုံးပြုတော်မူခြင်း မရှိကြောင်း သိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts