>SUU 66, InnGyin May – Article

>

အားသစ် အင်သစ် မျှော်လင့်ချက်အသစ်တွေ
အင်ကြင်းမေ
ဇွန် ၁၄၊ ၂၀၁၁


(၁)

လာမည့် ဇွန်လ (၁၉) ရက်နေ့ဟာ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၆) နှစ်ပြည့် မွေးနေ့ပွဲဖြစ်ပါတယ်။ ဒီနှစ်ကျရောက်တဲ့ မွေးနေ့ပွဲကတော့ မင်္ဂလာရှိသော၊ ပြီးပြည့်စုံသော၊ ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ပွဲ ဧကန် မလွဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မွေးနေ့ပွဲကို နှစ်ပေါင်း ဆယ်စုနှစ်တချို့ ပိုင်ရှင်မဲ့ ပြုလုပ်ခဲ့ရတာ ဖြစ်ပြီး ဒီနှစ်မှာ ထူးထူးခြားခြား မွေးနေ့ရှင် အမေစု ကိုယ်တိုင် အပြင်မှာ လွတ်လွတ် လပ်လပ် ကျင်းပရတော့မှာမို့ ဖြစ်ပါတယ်။

ပိုင်ရှင်ရှိတဲ့ မွေးနေ့ပွဲ ဖြစ်တဲ့ အတွက် မြန်မာပြည်သားတွေ အတွက် သာမက ကမ္ဘာကပါ အထူး ၀မ်းသာတဲ့ ပွဲဖြစ်မှာပါ။ အမေစုရဲ့မွေးနေ့ပွဲကို ဒီနှစ်မှာတော့ အနုပညာသည်တွေပါ ပူးပေါင်းပါဝင် ဆင်နွှဲကြမယ်ဆိုတဲ့ သတင်းကြားရတာ အတိုင်းထက် အလွန် ၀မ်းသာလို့ မဆုံးပါဘူး။ ဒီမိုကရေစီ လိုလားသူ အမှန်တရား အတွက် ရဲဝံ့စွာ တိုက်ပွဲ ၀င်နေကြတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေ အားလုံး ပါဝင် တက်ရောက်ကြလိမ့်မယ် လို့ ယုံကြည် မျှော်လင့်မိပါတယ်။

(၂)

ပြည်တွင်းမှာ အခုလို အမေစုရဲ့ မွေးနေ့ပွဲ ပြုလုပ်နေကြချိန် ကျမတို့လို ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း ရောက်ရှိရာနိုင်ငံ၊ ရရှိတဲ့အခွင့်ရေးကို အသုံးချလို့ အမေစုရဲ့ မွေးနေ့ပွဲကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ကျင်း ပပြုလုပ်သွားကြမှာ ဖြစ်ပါ တယ်။ အဆိုတော်တွေ အနုပညာရှင်တွေကလည်း သူတို့ အနုပညာ အစွမ်းဖြင့် အမေ့ မွေးနေ့ပွဲကို ဂုဏ်ပြုကြဖို့အစီအစဉ်တွေ ပြုလုပ်နေကြပါပြီ။

ကျမတို့ အခုလို ဘာကြောင့် အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို မှတ်မှတ်ရရ ပြုလုပ်ကြသလဲဆိုရင် မြန် မာပြည်သူ၊ ပြည်သားတွေအပေါ်ထားရှိတဲ့ အ မေ့ရဲ့ အနှိုင်းမဲ့ အနစ်နာခံ စွန့်လွှတ် ပေးဆပ်မှုတွေနှင့် ဦးဆောင် လမ်းပြမှုတွေကြောင့် လို့ပြောရမှာပါ။ ကျမတို့နိုင်ငံ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံ မဖြစ်ဖြစ်အောင် လုပ်ဆောင်ရာမှာ အမေ့ရဲ့အသက်ကိုတောင် ပဓာနမထားခဲ့ဘူးဆိုတာ လက်တွေ့ပေါင်း များစွာနဲ့ ကျမတို့ သိရှိခဲ့ရပါပြီ။

ဒီထက် ပိုလို့လည်း အမေ့ရဲ့ စိတ်ဓါတ်နဲ့ ခွန်အားတွေကို မြန်မာပြည်ကြီး အတွက် အကောင်းဆုံးဖြစ်အောင် ပေးဝေနေဦးမှာပါ။ ဘယ်တော့မှ ဘာအကြောင်းနှင့်မှ တွေဝေတုန့်ဆိုင်းနေမှာ မဟုတ်ပါဘူး။ အမေစုကတော့ ကျမတို့ မြန်မာနိုင်ငံဒီမိုကရေစီရဖို့ သူ့ဘ၀တခုလုံးကို ပုံအပ်ပြီး အကောင်းဆုံး ပေးဆပ်မြဲ ပေးဆပ်နေဦးမှာဖြစ် တယ်လို့ ကျမ ယုံကြည်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာကပါ အမေ့ကို ချစ်ခင် လေးစားလျက်ရှိတာမို့ ဆုတံဆိပ်ပေါင်း များစွာဖြင့် ချီးမြှင့် ဂုဏ်ပြုလိုက်ကြတာ ယနေ့ ထိ မစဲနိုင်အောင်ပါပဲ။

အမေ့ရဲ့ ဂုဏ်ရည်တွေထဲမှာ လက်နက်နှင့် ရမ်းကားနေသူတွေကို လက်နက်မဲ့ နှလုံးရည်ဖြင့် ခုခံတိုက်ပွဲ ၀င်နေခြင်းဟာ အံ့အားသင့်လောက်တဲ့ ဂုဏ်ရည်ဖြစ် ပါတယ်။ အမေ့ရဲ့အသက်ကို တခုခုဖြစ်မှာကို ကျမတို့မြန် မာပြည်သားတွေသာမက နိုင်ငံတကာကပါ စိုးရိမ်စိတ်ဖြင့် အမြဲသတိပေးနေကြရတာပါ။

အခုဆို အမေ ဒေါ်အောင်ဆန်းစုကြည်ဟာ မအားလပ်တဲ့ကြားက နယ်မြို့ တွေကို ခရီး စထွက်ဖို့ ပြင်ဆင်နေပါပြီ။ လူငယ် ကွန်ယက်အဖွဲ့တွေနဲ့ ပါတီဝင်တွေကလည်း အမေ့အတွက် အသက်ပေးလို့ ကာကွယ်စောင့်ေ ရှာင့်ကြဖို့ ပြင်ဆင်နေကြပါ တယ်။ မနာလို မရှုစိမ့်နိုင်သူတွေကတော့ ဘယ်လို အကွက်ဆင်ပြီး လုပ်ကြံသတ်ဖြတ်ရမလဲ ဆိုတာ စဉ်းစားနေကြလိမ့်မယ်လို့ ကျမ သံသယဖြစ်မိပါတယ်။ မြေခွေးလို ကောက်ကျစ်တဲ့စိတ်နဲ့ အချိန်မရွေး ချောင်းမြောင်း တိုက်ခိုက်ချင်နေကြတာပါ။ ဒီပဲယင်း၊ ဂွတ္တလစ်၊ ဓနုဖြူ စသဖြင့် လုပ်ကြံ သတ်ဖြတ်ဖို့ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြတာပါ။ သူတော်ကောင်း နတ်ကောင်း စောင်မတယ် ဆိုတဲ့ စကားကိုတော့ ကျမ လက်ခံယုံ ကြည်ချင်ပါတယ်။ တရားကို စောင့်သောသူကို တရားကလည်း ပြန်စောင့်ရှောက်တယ် ဆိုတာ ဒါမျိုးပဲလို့ဆိုရင် ရမယ် ထင်ပါတယ်။ အမေစုကို ဘယ်လိုပင်လုပ်ကြံသတ် ဖြစ်မှုတွေပြုလုပ်ခဲ့ပေမယ့် အမေဟာ အသက်ဘေးမှ အကြိမ်ကြိမ် လွတ်မြောက်လာနိုင်ခဲ့ပါတယ်။ ကျမ နားလည်သလို ဘာသာပြန်ကြည့်ရရင် လူထုကို အကာအကွယ်ပေး ချင်တဲ့၊ ပေးဖို့ ကြိုးပမ်းနေတဲ့ အမေစုကို လူထုက ပြန်ပြီးအကာ အကွယ်ပေးကြ တာဖြစ် တယ်လို့ ဆိုချင်ပါတယ်။

(၃)

မွေးနေ့ရှင်ကိုယ်တိုင် ကျင်းပနိုင်လို့ အတိုင်းမသိ ပျော်ရွှင်လိမ့်မယ် ဆိုပေမယ့် အပြည့်အ၀မှ ပျော်နိုင်ပါ့မလား ကျမ စိုးရိမ်မိပြန်တယ်။ ဘာကြောင့်လဲ ဆိုတော့ နအဖဗိုလ်ချုပ်ကြီးများရဲ့ ကလေးကလား အပြုအမူတွေေ ကြာင့်ပဲ ဖြစ်ပါ တယ်။

သူတို့အခေါ် လွတ်ငြိမ်းချမ်းသာခွင့် (ထောင်ဒဏ်တနှစ်ပဲ လျှော့ပေါ့ပေးတယ် ဆိုတဲ့ ကြေညာချက်) ကြောင့် ယုံကြည်ချက် အတွက် ပေးဆပ်နေကြတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူပေါင်း (၄၇) ဦးပဲ လွတ်မြောက် လာခဲ့ပါတယ်။ အမေ ဘယ်လိုခံစားရလေမလဲ။ စိတ်တို ဒေါသ ထွက်မှုတွေနဲ့ တပြိုက်နက်ထဲမှာလည်း စိတ်မကောင်း ဖြစ်မိမှာ အမှန်ပါ။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်မြောက်စေချင်တဲ့ သဘောထက် နိုင်ငံတကာ နဲ့ ပြည်သူလူထုရဲ့ဖိအားကနေ အရပ်ဝတ် အမည်ခံ စစ်အစိုး ရ လွတ်မြောက်ချင်တာက အဓိက ဖြစ်နေတာက ကလေးလေးတောင် သိနိုင်ပါတယ်။

အမေစုပြောနေကျစကား ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက် မရှိ ပြန်လွှတ်ပေးရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ကျမတို့ ဆက်လက် တောင်းဆို တိုက်ပွဲ ၀င်ကြရပါလိမ့်မယ်။

(၄)

နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာရောက် မြန်မာပြည်သားတွေသာမက ကမ္ဘာကပါ အမေ့မွေးနေ့ပွဲကို ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ သရုပ်ဖော်လို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီနှစ်မှာလဲ ဗြိတိန်နိုင်ငံမှာ ပန်းချီဆရာတွေ အမေစုရဲ့ပုံတူ ပန်းချီကားတွေ ရေးဆွဲပြီး အမေ့ကို ဂုဏ်ပြုတဲ့ ပန်းချီးကားပြပွဲ ပြုလုပ်နေပါပြီ။ အလားတူပဲ နိုင်ငံ တကာေ ရာက် မြန်မာပြည်သား ဒီမိုကရေစီလိုလားသူတွေနဲ့ အထူးသဖြင့် ထိုင်းနိုင်ငံမှာရောက်ရှိနေ ကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကလည်း သွေးလှူပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ပြုလုပ်ကြ ဖို့ လုပ်ဆောင်နေကြပါပြီ။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေက အမေ့ရဲ့မွေးနေ့ပွဲကို ပိုလို့တန်ဖိုးထား လုပ်ကိုင်ကြတယ်လို့ ကျမတော့ မှတ်ချက်ချချင် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နှစ်စဉ်နှစ်တိုင်း အမေ့ရဲ့ မွေးနေ့ပွဲကို ဂုဏ်ပြုသော အားဖြင့် သွေးလှူပွဲ၊ ဆုတောင်းပွဲ၊ ငါးလွှတ်ပွဲ၊ ပန်းချီပြပွဲ စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ စတဲ့စတဲ့ ပွဲတွေပြုလုပ်ကြတဲ့အခါ အလုပ်သမားတွေဟာ အလုပ်ရှင်က အလုပ်ထုတ် သည်ဖြစ်စေ၊ အပြစ်ပေးသည်ဖြစ်စေ၊ ဘယ်လိုမှဂရုမစိုက်ပဲ အတက်ကြွဆုံး တက်ရောက်ကြတာ ကျမ အကြိမ်ကြိမ်ကြုံခဲ့ ရလို့ပါ။ အမေ့ရဲ့မွေးနေ့ပွဲတွေမှာ တက်ရောက် လာတဲ့ အလုပ်သမား ဦးရေဟာလည်း တနှစ်ထက် တနှစ် တိုးသည်ထက် တိုးတိုးလာ တာကို ကြည့်ယုံနဲ့တင် ခန့်မှန်းနိုင်ပါတယ်။ မွေးနေ့ရှင် အမေစုကို ဂုဏ်ပြုတဲ့ ပွဲတွေကို ထိုင်းနိုင်ငံမှာ သာမက မလေးရှားရောက်အလုပ်သမားတွေကလည်း ဘယ်လောက် အခက်အခဲ အဖမ်း အဆီးတွေ ရှိနေပါစေ။ အတတ်နိုင်ဆုံး စုပေါင်း ကုသိုလ်ပြုတဲ့ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်တတ်ကြပါတယ်။

နိုင်ငံတကာမှာ အမေစုရဲ့ မွေးနေ့ပွဲတွေကို ပြုလုပ်ကြတဲ့ မြန်မာပြည်သား တွေဟာ အခွင့်အလမ်းချင်း တနိုင်ငံနဲ့ တနိုင်ငံ မတူကြပါဘူး။ မလေးရှားလို နိုင်ငံလို မျိုး၊ ထိုင်းလိုနိုင်ငံလိုမျိုးတွေမှာက ဒုက္ခတွေ ပိုလို့ကြီးပါတယ်။ တနှစ်ကဆို အမေ့ရဲ့မွေး နေ့ ပွဲကို တက်ရောက်လာကြတဲ့ မြန်မာပြည်သားတွေဟာ ပွဲပြီးလို့ အခန်းထဲက အထွက် အောက်မှာ အဆင်သင့် စောင့်ဆိုင်းနေတဲ့ မလေးရှားရဲတွေရဲ့ ဖမ်းဆီး ခေါ်ဆောင်တာကို ခံကြရတာပါ။

အဲဒီလို အဖမ်းခံရနိုင်တယ်လို့ ခန့်မှန်းမိကြပေမယ့် အမေစုရဲ့မွေးနေ့ပွဲကို မကျင်းပဘဲ မနေနိုင်ကြပါဘူး။ အမေ ပေးဆပ်နေတာထက် ကျမတို့ပေးဆပ်ရတယ် ဆိုတာ ဘာဟုတ်တော့လို့လဲ ဆိုတဲ့ အတွေးတွေနဲ့ပါ။ ဘယ်လို အခက်အခဲကို မဆို မြန်မာပြည်သားတွေက ကျော်လွှား ဖြတ်သန်းလို့ အမေ့ကို ဂုဏ်ပြုကြမှာဖြစ်ပါတယ်။ အမေ့ရဲ့ အနှိုင်းမဲ့ မေတ္တာတွေကြောင့်လို့ဆိုရမှာပါ။

ကျမတို့လို ပြည်ပရောက်ဒုက္ခသည်တွေကတော့ အမေစုရဲ့ မွေးနေ့ပွဲကို ပြည်တွင်းမှာ ဂုဏ်ပြု တက်ရောက်ဖို့ အခွင့်အလမ်း မရှိပေမဲ့ အမေ့ရဲ့မွေးနေ့ပွဲမှာ အမေက ရပ်ဝေးရပ်နီးက လူထုတွေကို နှုတ်ဆက်လာမယ့် အမေ့ရဲ့ ပီတိ အပြုံးနဲ့ အမေ့ရဲ့ ခွန်းချွေစကားတွေကိုတော့ ကြားရမြင်ရမှာပါ။ ပြည်ပရောက် မြန်မာပြည်သားတွေအတွက် အမေ့အပြုံး အမေ့စကားတွေဟာ ခွန်အားတွေ ဖြစ်လို့နေမှာပါ။

(၅)

မနှစ်ကတော့ အမေစုရဲ့ မွေးနေ့ပွဲကို ပြည်တွင်းမှာ NLD ပါတီဝင်တွေ ဦး ဆောင်ပြီး သစ်ပင်စိုက်ပွဲတွေ ပြုလုပ်ကြပါ တယ်။ သစ်တပင်ကောင်း ငှက်တသောင်းနား နေနိုင်တာမို့ အမေ့ရဲ့ မေတ္တာ၊ ဂရုဏာတွေေ ကြာင့် ပြည်သူ အထောင်အသောင်း အေး မြ ချမ်းသာကြဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြတယ်လို့ မှန်းဆမိပါတယ်။

ဒီနှစ်မှာတော့ ပိုင်ရှင်ရှိတဲ့ မွေးနေ့ပွဲကို မြန်မာပြည်သား အားလုံး ပါဝင်ဆင်နွှဲ ခွင့်ရရှိမှာ ဖြစ်သလို အမေ့ရဲ့  မွေးနေ့ပွဲမှာ မင်္ဂလာအပေါင်းနဲ့ ပြီးပြည့်စုံပြီး နိုင်ငံရေး အဓိပ္ပါယ်လည်း တစုံတရာ ကြီးလိမ့်မယ်လို့ ကျမယုံကြည် ပါတယ်။

အမေရဲ့သတ္တိ၊ အမေရဲ့ ခွန်အား အပြည့်ပါတဲ့ မွေးနေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားဟာ မြန်မာပြည်သူ ပြည်သားတွေ အပါအ၀င် အဝေးရောက် ဒီမိုကရေ စီလိုလားသူ ကျမတို့ အားလုံးအတွက် ဖြန့်ဝေပေးလိုက်တဲ့ အဆုံးအစ မရှိတဲ့ အားသစ် အင်သစ် မျှော်လင့်ချက်အသစ်တွေ ဖြစ်မှာ သေချာပါတယ်။

အမေ ဒေါ်အောင်ဆန်းစုကြည် ဒီထက်မက သက်ရှည်ကျန်းမာပြီး နိုင်ငံအကျိုး ဆထက်တိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလျက် …

● ● ●

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts