Op-Ed U Win Tin

Hantharwaddy U Win Tin – Op-Ed from D-Waves

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဟံသာဝတီဦးဝင်းတင်၏ ဒီလှိုင်းခေါင်းကြီးများ ၊ မေ ၁၆၊ ၂၀၁၃
https://www.facebook.com/hantharwaddyuwintin

နှစ်မြွာဘဝ ကိစ္စမြားမြောင် ကျုပ်လိုကောင်လို့ စာဖွဲ့ရမလားတောင် ထင်ယောင်ဝိုးဝါး ဖြစ်နေရသဗျာ။ 

ကျုပ်ကဆယ်ကျော်သက်ကတည်းက စာနယ်ဇင်းသမား လုပ်လာခဲ့တာ။ အိုနာတန်းရောက်တော့ နိုင်ငံရေးသမားဖြစ်၊ သေနာတန်းရောက်တော့ စာနယ်ဇင်းသမား ပြန်ဖြစ်။ ဖြစ်ချင်ရာတွေ ဖြစ်လာခဲ့တာ။

ဖြစ်ပြန်ပြီ တစ်မျိုး။ ဟောတစ်မျိုးဖြစ်ပြန်ပြီ။ ဟောဖြစ်ပြန်ပြီနှစ်မျိုး။ ဟောနှစ်မျိုး ဖြစ်ပြန်ပြီ။ ကျုပ်အကျဉ်းထောင်ထဲမှာ ဝါပေါင်းနှစ်ဆယ်ဆိုခဲ့ရတုန်း နိုင်ငံရေးသမား၊ စာနယ်ဇင်းသမား ဖက်စပ်ဖြစ်ရပြန်တယ်။ ဟော …. အခုအကျယ်ထောင်ထဲမှာ နှစ်ငါးဆယ်လောက် ဝါဆိုမယ်ကြံတုန်း နိုင်ငံရေးသမား၊ စာနယ်ဇင်းသမား ဖက်စပ်ဖြစ်ရ ပြန်သဗျား။

ဒီလိုဗျာ။ ကျုပ်က မသန်မစွမ်းဘဝမှာ ဒီလှိုင်းလို ဂျာနယ်တစ်စောင်ကိုဝင်ရုန်းဖို့ ပခုံးပေါ် တာဝန်ကျလာပြန်တယ်။ ဒီအထဲ ဒီလှိုင်းသတင်းစာဆိုတာကြီး ရုန်းရမယ့်တာဝန်ကလည်း ပေါ်လာသေး။ မတတ်နိုင်ဘူး။ ရုန်းလိုက်ဦးတော့ ဖေ့သားကြီးပေါ့။ အဲ …. အဲ မတတ်နိုင်ပါဘူးဆိုတာ ကျုပ်ပါးစပ်က ထွက်တာမဟုတ်ဘူး။ ကျုပ်ရဲ့ဇောချန်မာန်ဇွဲပါးစပ်က ထွက်လာတဲ့စကားဗျ။

ပြောမယ့်သာ ပြောတာပါ။ ကျုပ်မှာ ဇောပဲရှိတော့တာပါ။ အပြောပဲကျန်တော့တာပါ။ အဲဒီအပြောရယ်နဲ့ပဲမီဒီယာတွေ၊ စာနယ်ဇင်းတွေ၊ ရုပ်သံဌာနတွေက အမေးတွ၊ အစမ်းတွေ၊ အပင့်တွေ၊ အထောင်တွေကို တတ်ယောင်ကား အဖြေဘုရားလောင်း လုပ်နေရသေးသဗျား။

ဒီလိုနဲ့ကျုပ်မှာလည်း သေခါနီးမှ စာနယ်ဇင်းသမားကြီးယောင်ယောင်၊ ဘာယောင်ယောင် ဖြစ်နေရပြန်သပေါ့။ အမေးရှိလာတော့ အဖြေရှိရသပေါ့ဗျာ။

ဒီနေ့ မီဒီယာဆရာလေးတွေက တော်ရှာပါပေသဗျာ။ မေးတတ်၊ စမ်းတတ်၊ စပ်စုတတ်၊ ညောင်မြစ်တူးတတ်၊ ပုတ်သင်ဥဖော်တတ်ဗျ။ ပြောစရာလေးတစ်ခုပဲရှိတယ်။ သူတို့လေးတွေ သတင်းပြန်ရေးတဲ့အခါ၊ ဗျူးပြန်စီတဲ့အခါ စာရေးတာ မချောဘူးဗျာ။ မသန့်ဘူးဗျာ။ စကားပြေ အူပေါက်ပြီး တောရောက်၊ တောင်ရောက်၊ နေပြည်တော်ရောက် ဖြစ်တတ်တယ်။ အဲဒါကလေး တစ်ခုကတော့ ပြောစရာ၊ ဆိုစရာ ဖြစ်နေတတ်တာပေါ့။

ဒီလောက်တော့ ရှိမှာပေါ့လေ။ လူကြီးကြီးတွေ လုပ်နေတယ်ဆိုတဲ့ နိုင်ငံတော်သတင်းစာ ဆိုတာကြီးတွေမှာတောင် မကြောက်တန်းတရား သောက်ရမ်းမှားတာတွေ ဖြစ်ပေါ်နေတာကိုး။ ဟိုတစ်လော ကချင်တိုက်လို့သေတဲ့ မသာပုံဆိုတာကြီးဟာ ဟိုတစ်နေ့က လေယာဉ်ဝင်တိုက်လို့သေတဲ့ ဆိုင်ကယ်စီးမသာပုံ ဖြစ်နေတာကြည့်လေ။

ရခိုင်ပြည်နယ်မှာပဋိပက္ခ မီးလောင်ပုံဆိုတာတွေမှာ ရန်ကုန်မီးလောင်ပုံတွေ ရောလွင့်တဲ့ အယ်လ်ဂျာဇီးရား မူဆလင်အသံလွှင့်ဌာနက သင်တန်းဆင်းတွေ အစိုးရသတင်းစာတွေမှာ ရောက်နေသလားမှ မသိတာ။

သတင်းထောက်ကလေးတွေ မေးကြတဲ့အထဲမှာ ‘အများပြည်သူဝန်ဆောင်မှုသတင်းစာ’ ဆိုတာလည်း ပါသေးသဗျ။ အစိုးရသတင်းစာတွေက ဘယ်တုန်းကမှ အများပြည်သူဝန်ဆောင်မှုဆိုတာ မလုပ်ခဲ့ရှာကြဘူးနဲ့ တူပါရဲ့။ ဒီစကားလုံးကို ခုမှကြားဖူးပြီး ခုမှခံတွင်းတွေ့ ရှာပုံရပါရဲ့။ တစ်ဝန်ဆောင်တည်းဝန်ဆောင် နေတော့တာပဲ။

ကျုပ်ကတော့ ရှေးရိုးသမားမို့လားမသိ။

ဝန်ဆောင်ဆိုတာထက်ရှေ့ဆောင်ဆိုတဲ့ စကားမျိုးကို ပိုကြိုက်သဗျာ။ စာနယ်ဇင်းသမားဆိုတာ လူထုရဲ့ ရှေ့ဆောင်ရှေ့ရွက်ပြုသူပဲ။ (အရပ်စကားနဲ့ပြောရင် ဆရာပေါ့ဗျာ။) စာနယ်ဇင်းဆရာဟာ လူထုကို အမှန်ရှာရဲအောင်၊ အမှားခွာရဲအောင် ရှေ့ဆောင်လမ်းပြမလုပ်တတ်တောင် တွဲခေါ်၊ ဆွဲခေါ်တော့ လုပ်ရမှာကိုးဗျ။ အစိုးရ သတင်းစာ ဆရာကြီးတွေလုပ်သလို ဝါဒဖြန့်တဲ့ အလုပ်နဲ့ပဲ အို-နာ-သေဘဝ မရောက်သင့်ဘူးဆိုတာ ကျုပ် တဖွဖွ ပြောပြမိသဗျာ။

စာနယ်ဇင်း မျိုးဆက်သစ် ဆရာလေးတွေကို ကျုပ်ပူဇော် သက္ကာယပြုမိတဲ့ အထင်အမြင်လေးတစ်ခု ရှိသေးသဗျ။

သတင်းသမားဟာ မြင်တာတွေရေးရတယ်။ ကြားတာတွေ ရေးရတယ်။ လူထုတွေမြင်အောင် ကိုယ်မြင်တာ ပြန်ရေးပြရမယ်။ ဟုတ်ပြီ။ နေဦး။ ဒါလောက်နဲ့ မပြီးသေးဘူး။ လူထုတွေကြားအောင် ကိုယ်ကြားတာ ပြန်ရေးပြရမယ်။ (ကိုယ်ကြားတာဆိုတာ စကားသင့်အောင်ပြောတာ။ ကိုယ့်ကို သူတစ်ပါး ပြောလိုက်လို့ ကိုယ်ကြားတာကိုသာ ပြောတာမဟုတ်ပါဘူး။

ကိုယ့်နှလုံးသားကကိုယ့်ကိုပြောတဲ့စကား၊ ကိုယ့်ဦးနှောက်က ကိုယ့်ကိုပြောတဲ့စကား၊ အဲဒီစကားတွေကိုကိုယ်ကြားသလို၊ ကိုယ်နားလည်သလို၊ ကိုယ်ခံစားရသလို လူထုတွေ ကြားအောင်၊ နားလည်အောင်၊ ခံစားအောင် ပြန်ပြောရမယ်။) အသံမထွက်တဲ့ အဖြစ်အပျက်၊ အချက်အလက်တွေ၊ ထမင်းစား-ရေသောက်၊ ထီးထမ်း၊ လမ်းလျှောက်တွေ ကိုလည်းပြောပေါ့။

ဒါပေမဲ့ လူထုတွေ စဉ်းစားနိုင်အောင်၊ တွေးတောနိုင်အောင်၊ ချိန်ဆနိုင်အောင်၊ ပိုင်ခြားနိုင်အောင်၊ သုံးသပ်နိုင်အောင်၊ ဝေဖန်နိုင်အောင်၊ ဆုံးဖြတ်နိုင်အောင်၊ အတွေးအထင်-အမြင်အယူတွေကိုလည်း ပိုလို့-ကဲလို့ပြောပါ။ ပြောတတ်အောင်၊ ပြောနိုင်အောင်၊ ပြောရဲအောင်၊ ပြောဖြစ်အောင် ပြောကြပါ။
အင်္ဂလိပ်စကားလုံး သုံးလိုက်ပါရစေဗျ။ facts (သတင်းအချက်အလက်တွေ) လည်း ရေးပါ။ opinion (အတွေးအမြင်) တွေလည်း များများရေးပါ။

ဒီနေ့ စာနယ်ဇင်းတွေမှာ သတင်းအချက်အလက် သက်သက်တွေထက် အတွေးအမြင်၊ အယူအဆတွေ ပိုလွှမ်းလာဖို့ လိုနေပါပြီ။

ခေတ်ပြိုင်စာနယ်ဇင်းတွေ အသံထွက်ကြပါ။ အသံမြည်ကြပါ။ အသံဟိန်းကြပါ။

စာနယ်ဇင်းဆိုတာ သတင်းသားသက်သက်ရေးနေရုံနဲ့ ပြီးစတမ်း မဟုတ်ပါဘူး။ အသံထွက်မှ အသက်ဝင်၊ အသက်ရှင်ပါလိမ့်မယ်။ သတင်းက ပွားလာတဲ့ သဘောထားအမြင်တွေကိုလည်း များများဖော်ထုတ်ဖွင့်ဟရေးသားကြပါလေ။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။အတွဲ(၂) အမှတ်(၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts