>Daw Suu visited the families of ethnic leaders in prison

>

အကျဉ်းကျရှမ်းခေါင်းဆောင် မိသားစုဝင်အား ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေး
သျှမ်းသံတော်ဆင့်
ဇွန် ၁၄၊ ၂၀၁၁

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းကျ ရှမ်းခေါင်းဆောင် မိသားစုဝင်များကို တနင်္လာနေ့က အိမ်တိုင်ရာရောက် သွားရောက် တွေ့ဆုံ အားပေး စကား ပြောကြားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည် နဲ့ လူငယ် အယောက် ၂၀ လောက် ဦးခွန်ထွန်းဦးအိမ်မှာ ဒီမနက် လာတွေ့တာ။ SNLD အဖွဲ့ဝင်တွေလည်း ပါတယ်။ အဓိကကတော့ အကျဉ်းကျ ရှမ်းခေါင်းဆောင်တွေရဲ့ မိသားစုတွေကို အားပေးဖို့ ဖြစ်တယ်” ဟု SNLD ပါတီဝင်တဦးက ပြောသည်။



ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ဝေဝေလွင်၊ နန်းခမ်းအောင်၊ နန်းခင်အုန်းတင့် (ဝဲမှယာ)


ဇွန် ၁၃ ရက် နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ဒေါ်အောင်ဆန်းစုကြည် နှင့် လူငယ် ၂၀ ခန့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နှစ်ရှည် ထောင်ကျခံ ရှမ်းခေါင်းဆောင် မိသားစုများ အား ရန်ကုန်မြို့ ပြည်လမ်းရှိ ခွန်ထွန်းဦး နေအိမ်၌ တွေ့ဆုံကြသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရှမ်းခေါင်းဆောင် မိသားစုများ ဖြစ်သည့် ခွန်ထွန်းဦး၏ ဇနီး ဒေါ်ဝေဝေလွင်၊ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်၏ ဇနီး နန်းခင်အုန်းတင့်၊ ဗဟိုကော် မတီဝင် စိုင်းလှအောင်၏ဇနီး နန်းခမ်းအောင်တို့ ပါဝင်သည်။

DSC-0098

နန်းခင်အုန်းတင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ဝေဝေလွင်၊ နန်းခမ်းအောင် (ဝဲမှယာ)

“ခေါင်းဆောင်တွေရဲ့ ကျန်းမာရေး အခြေအနေကို လာရောက် မေးမြန်းတာပါပဲ။ မိသားစုကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည် စကားပါးလိုက်တာကတော့ – ‘ အကျဉ်းကျနေတဲ့ ရှမ်းခေါင်းဆောင်တွေ အားလုံးကို ပြောပေးပါ၊ အသက်ကလည်း ကြီးလာကြပြီ ဆိုတော့ ကျန်းမာရေး ဂရုစိုက်ပါ။ နိုင်ငံရေးသမားတွေ ကျန်းမာအောင်နေရင် နိုင်ငံရေး လုပ်နေတာပါဘဲ’-တဲ့ အားပေးစကား ပြောသွားတယ်” – ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့် နောက်ပိုင်း တိုင်းရင်းသား ခေါင်းဆောင်များ ၏ မိသားစုဝင်များအား အိမ်တိုင်ရာရောက် သွားရောက် အားပေးခြင်းသည် ယခု ပထမဆုံး အကြိမ် ဖြစ်သည်။


ဦးခွန်ထွန်းဦး ဦးဆောင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်သည် NLD ပြီးလျင် ၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယအနိုင်ရသည့်ပါတီ ဖြစ်သည်။


၂၀၀၅ နှစ်ဦးပိုင်းတွင် နအဖ စစ်အုပ်စုက ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး (SNLD ဥက္ကဋ္ဌ)၊ ဦးစိုင်း ညွှန့်လွင် (SNLD အထွေထွေအတွင်းရေးမှူး)၊ စိုင်းလှအောင် (SNLD ဗဟိုအလုပ်အမှုဆောင်)နှင့် ရှမ်းပြည် မျိုးဆက်သစ် လူငယ် ခေါင်းဆောင် ဆရာဦးမြင့်သန်း (၂၀၀၅ မေ သံတွဲထောင်၌ ကွယ်လွန်)၊ စိုင်းညီညီမိုး၊ စိုင်းမျိုး ယင်းထွန်း၊ ဦးထွန်းညို နှင့် ရှမ်းပြည်တပ်မတော် (အပစ်ရပ်) နာယက ဗိုလ်ချုပ်ဆေထဲန့်တို့အား ပြည်ထောင်စုမှ ခွဲထွက်လိုမှု အပါအ၀င်နှင့် အခြား စွဲချက် များစွာဖြင့် ထောင်ဒဏ် ၇၅ နှစ်မှ ၁၀၆ နှစ် အထိ အသီးသီး ချခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts