>SUU 66, Myo Thein Tun

>

အခက်အခဲတွေကြားမှ
ပန်းချီမျိုးသိန်းထွန်း (သို့မဟုတ်) လူရွှင်တော် စုတ်ဖွား
ဇွန် ၁၂၊ ၂၀၁၁

ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးမခသို့ ဆရာမျိုးသိန်းထွန်းပေးပို့လာသည့် ဒေါ်စုပုံတူ ပန်ချီကား

မိုးမခ မြန်မာဝက်ဆိုဒ်မှ ဇွန်လ ၉ ရက်နေ့ ၊၂၀၁၁ နေ့စွဲဖြင့် ကျနော်ထံ အီး မေးလ်တစောင် ဝင်လာပါတယ်။ ကျနော်အပါဝင်ပေါ့နော် …။ အခြားရုပ်ရှင်သရုပ် ဆောင်၊ စာရေးဆရာ၊ ဒီဇိုင်းပညာရှင်များနှင့် ပန်းချီဆရာ များအတွက်လည်း ပါပါ တယ်။ မိုးမခမှာ “စု ၆၆” အတွက် နေ့စဉ် အနုပညာတင်ဆက်မဲ့ အီးဘုတ် (e-book) လေး အတွက်ပါတဲ့..။

တကယ်တော့ … ဇွန်လ (၁၉) ရက်နေ့ ၂၀၁၁ မှာကျရောက်မယ့် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ် မြောက်မွေးနေ့ အတွက်ပေါ့နော်။ မိုးမခကစာရေးလာ တော့ ခေါင်းစဉ်မှာ “ဆရာ ဆရာ မများခင်ဗျား” တဲ့ လေးလေးစားစားပေါ့။ စာမူတောင်း တာဆိုတော့ လူကို စာရေး ဆရာလို မြင်ပုံရပါတယ်။ သဘာဝကျ ပါတယ်။ အများအ မြင် သူတို့အမြင်ပေါ့နော်။ ခက်တာက ဒီလိုခင်ဗျ။ ကျနော့် အမြင်၊ ကျနော်အထင် ပေါ့လေ။

ကျနော်က ဟိုးအယင်က ….၊ ဟိုးအယင်ကဆိုတာ ၁၉၈၄ ကနေ မြန်မာ ပြည်ကမထွက်ခင် ၁၉၉၁ ထိပေါ့။ အဲဒီနှစ်တွေမှာ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) က“စုတ်ဖွား” လို့ခေါ်တဲ့ လူရွှင်တော်။ ဒီရောက်တော့.. ဒီရောက်တော့ဆိုတာ နယူး ယောက်ပါ..။ အဲနယူးယောက်ကိုရောက်တော့ အခု ပန်းချီဆရာမျိုးသိန်းထွန်းပေါ့။

ပန်းချီဆရာဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားဘဲဆွဲတာ ခုထိ။ အိမ်ခန်းက ကျဉ်းကျဉ်း နဲ့ နေစရာမရှိ။ နယူးယောက်လေ သိတဲ့အတိုင်းဘဲ။ ပြပွဲ လုပ်မယ်ဆိုတဲ့ ရည်ရွှယ်ချက်နဲ့ပါ။ ထားပါတော့။

အခုဟာက ခက်တယ်။ ခက်တယ်ဆိုတာက … မိုးမခက စာမူတောင်းတဲ့လူ။ ကျနော့်ကို ဒေါ်အောင်ဆန်း စုကြည်ရဲ့ပုံတူပန်းချီကားတွေချည်းဘဲဆွဲနေတဲ့လူမို့ ပန်း ချီဆရာတယောက်အနေ အမြင်နဲ့ စာမူတောင်းတာ လားပေါ့လေ။ ပန်းချီဆရာဆိုတာ ကလည်း စာရေးဆရာနဲ့ နီးစပ်တာဘဲ ဖြစ်နိုင်တယ်ပေါ့လေ။ ဒါက ကျနော့်အမြင်။

အခုခက်တာက ကျနော့်ကို “စုတ်ဖွား”ဆိုတဲ့ နာမည်နဲ့ စာမူတောင်းတော့ တော်တော်လေး ဦးနှောက်ခြောက် သွား တယ်။ လူရွှင်တော်ဆီမှာ စာမူလာတောင်း တော့ ကျနော်က ရီစရာတွေ ရေးရမှာလားပေါ့။ ကျနော် ရှောက်တွေးနေတာ ပြောတာ ပါ။ အခုဟာက ကျနော်ကိုယ် တိုင် လေးစားပြီးကြည်ညိုရ တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၆၆ နှစ်မြောက်မွေးနေ့လေ။ ကျနော် ရီစရာသွားရေး လို့ ဘယ်သင့်တော်ပါ့မလဲ။

ဒီလူ ကျနော်ရဲ့ နာမည်အရင်းကို မသိလို့ဖြစ်ပါလိမ့်မယ်။ မဆန်းပါဘူး။ နာ မည်အရင်းပျောက်နေတာကြာပြီဘဲ။ ဒီမှာက စုတ်ဖွား၊ ကိုစုတ်ဖွားဆိုပြီးဘဲ သိကြ တော့၊ အင်း ဖြစ်ပါလိမ့်မယ်။

ကျနော့်ယောက္ခမကတောင် ကျနော့်မိန်းမ သူသမီးကိုပေါ့လေ၊ မေးဘူး တယ်။ “ဟဲ့ နင့်ယောက်ကျား နာမည်အရင်းက ဘယ်သူလဲ” တဲ့။ အဲဒီလိုပါဘဲ။ ဒါက အများကြီးတော်သေးတာ။ ဒီထက်ဆိုးတာ ရှိသေးတယ်။

မိတ်ဆွေတွေက ထမင်းစားဖိတ်တဲ့အခါတို့၊ ဘာတို့ဆိုရင်၊ မရင်းတရင်းပေါ့ လေ။ မိတ်ဆွေတွေမေးတာ ကြုံဖူးပါတယ်။ “ကိုစုတ်ဖွား ခင်များရဲ့လူနာမည်က ဘာ လဲ” တဲ့။ ဖြေရမှာတောင် တွန့်သွား ပါတယ်။ အဲဒီလို အဲဒီလိုတွေ။

နေအုံး … ဒီထက်ဆိုးတာရှိသေးတယ်။
တလောက သာသနာ့ဥသျှောင်မှာ ကျနော်ငွေလှူတော့ အလှူခံဖြတ်ပိုင်း ကို ဘုန်းကြီးကရေးတာကိုး။ ဘုန်းကြီးက ဖြတ်ပိုင်းမရေးခင် ဘာမေးလည်းဆိုတော့ ..
“ဒကာကြီး … လူနာမည်ဘဲရေးရမှာလားတဲ့ …” ကဲ့ကြည့်။

ပိုဆိုးပါတယ် …။ ဒီထက်ဆိုးတာရှိသေးတယ်။ မိတ်ဆွေတွေရဲ့ကလေး တွေကဆိုရင်၊ ကျနော့်ကိုချစ်ကြတယ်၊ ရင်းနှီးကြတယ်လေ။ ကျနော်က ခလေးလည်း ချစ်တတ်၊ စတတ်နောက်တတ်တာကိုး။

ကလေးတွေက ကျနော်နဲ့တွေ့ရင် “ဦးစုတ်ဖွား … ဦးစုတ်ဖွား” ခေါ်တာ ပေါ့။ အဲဒါ ခလေးတွေရဲ့ မိဘတွေ ကကြားတော့ ခလေးတွေကိုဆူတာပေါ့။ ဘာဆူစရာ ရှိလဲ။ ဆူပြန်တော့လည်း ရိုးရိုးမဆူဘူးလေ။ “ဟဲ့ … နင်တို့တွေ မိုတ်မိုက်ရိုင်းရိုင်းနဲ့ … လူကြီးကိုများ …. လူနာမည်ခေါ်ပါလား”
ပိုဆိုးကုန်ပြီ။

ကလေးတွေကလည်း တခွန်းမခံ။ ဒီမှာမွေးထားတဲ့ကလေးတွေ။ မဟုတ် မခံလေးတွေ။ “အမေတို့ကလည်း သမီးတို့တွေက လူနာမည်မှမသိတာ”။ တော်တော် ဆိုးကုန်ပြီ။ ခက်ကုန်ပြီ။

ခက်ကုန်ပြီ …။
အဲဒီလိုပေါ့လေ။ ကျနော် နာမည်အရင်းမသိလို့ “စုတ်ဖွား” ဆိုတဲ့နာမည်နဲ့ စာမူတောင်းတာဘဲ ဖြစ်ရမှာပေါ့။ ဒါပေမယ့် ခုတော့ကျနော်က …“ပန်းချီဆရာ မျိုး သိန်းထွန်း”၊ စာမူရေးရအောင်လည်း စာရေးဆရာလည်း မဟုတ်။ ရေးမယ်ဆိုအုံး တော့ အရေးအသားလည်း မကျွမ်းကျင်။ ခက်နေပြန်ပါပြီ။

အင်း …သိပြီ ..သိပြီ။
ကျနော် ရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတွေ အများအပြားရှိနေပြီဘဲ။ ဆုံးဖြတ်ချက် ချလိုက်သည်။

ဒီနှစ် ၆၆ နှစ်မွေးနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အ တွက် ကျနော်၏စာမူအစား ကျနော်ရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပန်းချီကားများကို လိုအပ်သလိုအသုံးပြုရန် မိုးမခသို့ပေး ပို့မည်။ ပန်းချီကားတွေလည်း ပို့ရင်း ဒေါ်အောင်ဆန်းစုကြည်အ တွက် မွေးနေ့ဆုမွန်ကောင်းပေး ပို့လိုက်မယ်လို့ ကျ နော်ပြောလိုက်မည်။ ခက်နေတာတွေ လွယ်သွားပြီ။ ပြီးတော့ ဆုတောင်းလိုက်မည်။

ဒေါ်အောင်ဆန်းစုကြည် ….
ကျန်းကျန်းမာမာနဲ့ သက်တော်ရာကျော်ရှည်ပါစေ … လို့ ။

ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးမခသို့ ဆရာမျိုးသိန်းထွန်းပေးပို့လာသည့် ဒေါ်စုပုံတူ ပန်ချီကား


ပန်းချီဆရာ မျိုးသိန်းထွန်း (သို့မဟုတ်) လူရွှင်တော် စုတ်ဖွား၏ ပန်းချီဆွဲနေဟန်



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts