>U Win Tin – Will Praying, Donating and Doing Signature let the Political Prisoners Free ?

>

ဆုတောင်းပြီး ငွေလှူရုံ၊ လက်မှတ်ထိုးကြရုံနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မှာလား
ဦးဝင်းတင်နဲ့ မေးခွန်း
မိုးမခ၊ ဇွန် ၉၊ ၂၀၁၁
ယမန်နေ့က ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံကြရာမှာ ဒေါ်စု ခရီးစဉ်အတွက် ပြောဆိုရင်းက ဆက်လက်ပြောဖြစ်တဲ့အကြောင်းအရာကတော့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ အင်န်အယ်ဒီပါတီ၊ မိတ်ဆွေကွန်ယက်တွေ၊ ၈၈ မျူိးဆက်တွေ၊ မြန်မာပြည်အရေး တက်ကြွသူတွေ လုပ်ဆောင်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားများနဲ့ မိတ်ဆွေဖွဲ့ အားပေးကူညီရေး၊ လက်မှတ်ရေးထိုးပြီး တောင်းဆိုရေး လှုပ်ရှားမှုများ အကြောင်း ဖြစ်ပါတယ်။
မိုးမခအွန်လိုင်းကတဆင့် လက်မှတ်ရေးထိုးကြသူ စာရင်း ၁ ထောင်ကျော်အနက် စိစစ်ပြီး စာရင်းအရ လက်မှတ်ဦးရေ ၉၇၆ ဦးကို ယခင်အပတ်က အင်န်အယ်ဒီပါတီဌာနချူပ်က တာဝန်ယူသူများထံကို ပထမအသုတ်အဖြစ် ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်လက်မှတ်ထိုးနေဆဲ စာရင်းများကိုလည်း တင်ပို့သွားမည် ဖြစ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ လက်မှတ်ပေါင်း ပြည်တွင်းမှာ စုဆောင်းသလောက် ၁ သိန်းကျော် ရရှိပြီး ဖြစ်တယ်၊ ဆက်လက်ပြီး ကောက်ခံ စုဆောင်းမှုတွေ ပြုလုပ်နေတဲ့အကြောင်းကိုလည်း အင်န်အယ်ဒီပါတီက ပြန်လည်ပြောကြားခဲ့ပါတယ်။
နောက်တချက်ကတော့ မိုးမခကတဆင့် အင်န်အယ်ဒီ လူမှုထောက်ကူအဖွဲ့ရဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်မှုကွန်ယက်ကို လက်တွဲတဲ့လှုပ်ရှားမှုအဖြစ် နိုင်ငံရေးအကျဉ်းသား ၅၀ ဦးကို မိုးမခမိတ်ဆွေများက လစဉ် တဦးကို အနည်းဆုံး ကျပ်ငွေ ၁ သောင်းနှုန်းဖြင့် ဂုဏ်ပြုတဲ့ လစဉ်အစီအစဉ်ကိုလည်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နေတဲ့အကြောင်း၊ မိုးမခမိတ်ဆွေ၊ အင်န်အယ်ဒီမိတ်ဆွေတို့က မိမိတို့ တတ်နိုင်သလောက် ကူညီ ထောက်ခံမှု ပြသခွင့်ရတာကို ၀မ်းသာကြောင်း တဆင့်စကား ဆရာကို ပြောပြဖြစ်ပါတယ်။
“အဲသည်မှာ မေးမိတဲ့မေးခွန်းကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာဖို့အတွက် ဆုတွေတောင်း၊ ငွေတွေလှူ ပြီးတော့ လက်မှတ်တွေ ထိုးနေကြရုံနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှာမို့လားဆိုတဲ့ စကားတွေ လူအချို့က အမြဲ ပြောလာတယ် ဆရာရယ်။ ဆရာတို့ ပြည်တွင်းမှာလည်း ဆုတောင်းနေတာတွေ၊ လှုပ်ရှားနေတာတွေကို အားမလို အားမရ ပြောကြတာတွေ ကြားရတယ် ဆရာရယ်။ အဲတာကို ဆရာက ဘယ်လိုပြောချင်သလဲ …”
မှန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာဖို့ ဆုတောင်းတာ၊ လက်မှတ်ထိုးတာ၊ လှူကြတန်းကြတာတွေ လုပ်နေရုံမျှလောက်နဲ့ကတော့ သူတို့တွေ လွတ်လာကြလိမ့်မယ် မဟုတ်ဘူး ဆိုတာကို ကျနော်လက်ခံပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆိုတာက နိုင်ငံရေးအခြေအနေတွေ အပြောင်းအလဲတွေ ဖြစ်လာမှသာ သူတို့တွေ လွတ်မြောက်မှာ ဖြစ်တယ်။ အခုလို စစ်တပိုင်းအစိုးရခေါ်ခေါ်၊ စစ်အစိုးရပဲ ခေါ်ခေါ်၊ သူတို့က နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထိန်းသိမ်းထားတာဟာ တိုင်းပြည်ကို ပြည်သူလူထုကို ဒါးစာခံလုပ်ထားတာ၊ ပြန်ပေးဆွဲထား ဖြစ်တယ်။
အင်္ဂါဆုတောင်းပွဲမှာလည်း ဒီအကြောင်းကို ကျနော်ပြောခဲ့တယ်။ ဆုတောင်းနေရုံနဲ့ လွတ်လာမှာ မဟုတ်သော်လည်း အခုလို ဆုတောင်းပွဲတွေ လုပ်နေတာကြောင့် ဒါဟာ အားကိုဖြစ်စေတယ်။ ကြီးကျယ်တဲ့ တွန်းအားကို ဖြစ်စေတယ်လို့ ကျနော်က ယုံကြည်တယ်လို့ ပြောခဲ့တယ်။ စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို ဒါးစာခံလုပ်ပြီး ဖမ်းထားတဲ့အတွက် ကျနော်တို့တတွေက ဒီလိုမျိုး သူတို့ကို အမြဲအားယူပြီး တွန်းနေရမှာပဲလို့ ယူဆတယ်။ အဲသလို တွန်းနေတဲ့ဆိုတဲ့ အားဟာ၊ တွန်းအားတွေဟာ မေ့ထားတာ၊ ဥပက္ခာပြုထားတာ၊ မပြောမဆိုဘဲ ပစ်ထားတာထက်စာရင် အများကြီး ကောင်းမွန် ထိရောက်တဲ့ လုပ်ငန်းဖြစ်တယ်။ ကျနော်တို့က အမြဲတမ်း သတိရနေတယ်၊ ပြောဆိုနေတယ်ဆိုတာ အလွန်ကောင်းတဲ့ လက္ခဏာ လုပ်ရပ်ဖြစ်တယ်ဆိုတာကိုတော့ ကျနော်က ယုံကြည်တယ်။ သည်လို ပြောချင်တယ်။
“ဟုတ်ကဲ့။ နိုင်ငံတကာက မြန်မာပြည်လွတ်မြောက်ရေး၊ လူ့အခွင့်အရေးကိစ္စတွေကို အမြဲမပြတ် ပြောဆိုနေကြတယ်။ ဒေါ်စု အကျယ်ချူပ်ကျနေစဉ်ကလည်း သူတို့တွေက အဖိနှိပ်ခံ မြန်မာပြည်သူလူထုကိုယ်စား ဒေါ်စုလွတ်မြောက်ဖို့ တစာစာ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ နှစ်ရှည်လများ လုပ်ခဲ့ကြတယ်။ အခုလို ဒေါ်စု လွတ်မြောက်လာပြန်တော့လည်း ဒေါ်စုကိုယ်တိုင်က သူနဲ့ ဘ၀တူ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ စူးစိုက်ပြီး လုပ်တယ်။ ဆရာကိုယ်တိုင်လည်း ဒီထောင်ဝတ်စုံအပြာကြီး မချွတ်တမ်း ၀တ်ပြီး လှုပ်ရှားနေတယ်။ အဲသည် သဘောတွေပေါ့နော် ဆရာ။”
ဟုတ်တယ်။ လက်မှတ်ထိုးခြင်း၊ ဆုတောင်းခြင်း၊ ငွေကြေး တစုံတရာ လှူဒါန်း ကူညီခြင်းတို့ဆိုတာတွေဟာ အင်အားကို ဖြစ်စေတဲ့ တွန်းအားတွေပဲ။ ကျနော်ပြောခဲ့သလို ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေ အားလုံးဟာ ကျနော်တို့မြန်မာပြည်သူလူထုအတွက် Forgotten Prisoners တွေ မဟုတ်ဘူး။ အမေ့ခံ၊ အပစ်ပယ်ခံတွေ မဟုတ်ဘူး ဆိုတာကို တယောက်တလက် ၀ိုင်းဝန်းပြီး ပြသကြတဲ့ အင်အားတွေဖြစ်တယ်။ သည်လိုမျိုး မြင်ကြစေချင်တယ်။ မေ့ဖျောက်ပြီး  ပစ်ထားတာထက်စာရင် အများကြီးကောင်းတယ်။ အဲသည်ကနေ တဆင့်ပြီး တဆင့် နိုင်ငံရေးလှုပ်ရှားမှုတွေ ရှေ့တိုးလာရမှာ  ဖြစ်တယ်။ ချီတက်သွားရမှာ ဖြစ်တယ်။ ဆန္ဒဖော်ထုတ်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေဟာ တဆင့်ပြီး တဆင့် သွားကြရမှာပဲ ဖြစ်တယ် ဆိုတာကို ပြောချင်တယ်။ ဒါတွေဟာ အခြေခံကိစ္စလေးတွေ၊ အောက်ခြေက စရတဲ့ ပထမအစကလေးတွေ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတဲ့ ခရီးရှည်ကြီးအတွက် ပထမဦးဆုံး စလှမ်းလိုက်တဲ့ ခြေလှမ်းလေးတွေ ဖြစ်တယ်။ လိုအပ်တယ်လို့ ပြောချင်တယ်။
ဒီလိုမျိုး ပြည်သူလူထုရဲ့ တထောင့် တနေရာကနေပြီးတော့ တတ်စွမ်းနိုင်သလောက် နိုင်သလောက် ၀ိုင်းပြီး ထမ်းရွက်ကြတဲ့ လှုပ်ရှားမှုတွေဖြစ်တဲ့ ဆုတောင်းတာ၊ ကူညီထောက်ပံ့တာ၊ လက်မှတ်ထိုး ထုတ်ဖော်တာတွေဟာ ဆရာတို့အနေနဲ့က ကြိုဆိုစရာ အားပေးစရာ၊ ၀မ်းသာ ဂုဏ်ယူစရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
“ဟုတ်ကဲ့ပါဆရာ။ ကျနော်တို့ဆီက မိုးမခမိတ်ဆွေတွေ၊ အင်န်အယ်ဒီမိတ်ဆွေတွေက အခုလို လှုပ်ရှားမှုတွေမှာ ပါဝင်လက်တွဲလာကြတဲ့နေရာမှာ ကျနော်တို့ဝိုင်းတော်သားတွေကိုယ်တိုင်ကလည်း တထောင့်တနေရာကနေပြီး ပါဝင်ဆောင်ရွက်ခွင့်ရလို့ အမြဲတမ်း အားတက်နေတယ်။ ပိုပြီးတော့ ကြိုးစားဖို့လည်း ဆန္ဒတွေ ရှိလာတဲ့အကြောင်းလည်း ပြောခွင့်ပြုပါ ဆရာ။ ကျနော်တို့က ကျေးဇူးတင်ပါတယ် ဆရာ။”

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts