>BAWA to host annual SUU 66 Birthday

>

ဗမာအမေရိကန်အမျိုးသမီးမဟာမိတ် (BAWA) က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုပွဲ
နှစ်စဉ်မပျက် ကျင်းပမည်
မိုးမခ၊ ဇွန် ၂၊ ၂၀၁၁
လက်ခံရရှိသော ထုတ်ပြန်ချက်အရ ဆန်ဖရန်ဘေးဧရိယာ အခြေစိုက် Burmese American Woman Alliance (BAWA) အဖွဲ့က လာမည့် ဇွန်လ ၁၈ ရက်နေ့၊ ညနေ ၆ နာရီမှ ၁၀ နာရီ၊ First Congregational Church of Palo Alto, 1985 Luis Road, Palo Alto, CA 94303 လိပ်စာမှာ ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက် မွေးနေ့ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်အကျယ်ချူပ်ဖြင့် ဖမ်းဆီးခံထားရသည့် နှစ်များကလည်း နှစ်စဉ် မွေးနေ့အခမ်းအနား ကျင်းပခဲ့သည်။ ယခုနှစ်သည် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချူပ်မှ လွတ်မြောက်လာစဉ် ပထမဦးဆုံး အပြင်လောကမှာ ပရိသတ်နှင့် ထပ်တူ ဆင်နွှဲခွင့်ရမည့် မွေးနေ့ရက် ဖြစ်မည်ဟု ဆိုနိုင်သည်။
မနှစ် ၂၀၁၀ က စတင်ပြီး BAWA အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် လူ့အခွင့်အရေးဆုကို သတ်မှတ် ပေးအပ်ခဲ့ရာ ပထမဦးဆုံးအဖြစ် အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့က မဖြူဖြူသင်းကို ဂုဏ်ပြု ဆုချီးမြှင့်နိုင်ခဲ့သည်။ ထိုနှစ်က ကွယ်လွန်သူဒေါ်ရည်ရည်လေးဂုဏ်ပြု ကွန်မြူနီတီဆုကို ကယ်လီဖိုးနီးယားပြည်နယ်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာဦးအောင်ခင်ကိုလည်း ဂုဏ်ပြုနိုင်ခဲ့သည်ဟု သိရသည်။
ယခုနှစ် ၂၀၁၁ တွင် BAWA အဖွဲ့နှင့် အခြား ကွန်မြူနီတီအဖွဲ့များ၊ လူ့အခွင့်အရေးနှင့် အခြားတက်ကြွလှုပ်ရှားသူအဖွဲ့များ ပူးပေါင်းပါဝင်ပြီး ဂုဏ်ပြုဆု ရွေးချယ်ချီးမြှင့်ခြင်းများ ပြုလုပ်ကြမည် ဖြစ်ရာ ယခုနှစ်တွင် အောက်ပါ ဆုများ ချီးမြှင့်ရန် စီစဉ်နေသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်လူ့အခွင့်အရေးဆု
ကွယ်လွန်သူဒေါ်ရည်ရည်လေးဂုဏ်ပြု ကွန်မြူနီတီဆု
ကွယ်လွန်သူ ဒေါ်နော်လီဇာဘင်ဆင် ဂုဏ်ပြုဆု တို့ကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွက် အမည်စာရင်းသွင်းထားသူတို့အနက် မြန်မာပြည်က ဒီမိုကရေစီရေးလှုပ်ရှားသူ အမျိုးသမီးများထဲက ဒေါ်မေ၀င်းမြင့်၊ ဒေါ်ဝင်းမြမြ နှင့် ဒေါ်နန်းခင်ထွေးမြင့်တို့ပါဝင်ကြောင်း သတင်းရရှိသည်။
အဆိုပါပွဲတွင် လားရှိုးသိန်းအောင်က လာရောက်သီဆိုဖျော်ဖြေမည် ဖြစ်ပြီး ကလေးသူငယ်များက ကဗျာများ အကများ တင်ဆက်မည်ဟု သိရသည်။ ကောက်ခံရရှိသည့် အလှူများအားလုံးကို အင်န်အယ်ဒီပါတီ၏ HIV AIDS စောင့်ရှောက်မှုဂေဟာသို့ ပေးပို့လှူဒါန်းမည်ဟု ဆိုသည်။ ပယ်လိုအာတိုမြို့တော်ဝန်ကလည်း မွေးနေ့ပွဲသို့ တက်ရောက်အားပေးမည်ဟု ကြားသိရသည်။ ပွဲတော်ကို BAWA အပြင် BADA မြန်မာအဖွဲ့တို့ နှင့်အတူ အမေရိကန်အဖွဲ့များ ဖြစ်သည့် First  Congregation of Palo Alto’s Peace and Justice Global Women နဲ့ အခြား Peace and Human rights organizations များကိုလည်း ဖိတ်ကြားထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts