ဟံသာဝတီ ဦးဝင်းတင်

MoeMaKa Interview with U Win Tin – 21 year of election denial

>

၉၀ ရွေးကောက်ပွဲ နှစ်လည်နဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုကြိုဆိုတဲ့ ဦးဝင်းတင်စကား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇွန် ၁၊ ၂၀၁၁
လွန်ခဲ့တဲ့ အပတ် ၁၉၉၀ ရွေးကောက်ပွဲ နှစ်လည် မေ ၂၇ မတိုင်ခင်မှာ အင်န်အယ်ဒီရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် ကျန်းမာရေးချို့ယွင်းပြီး ဆေးရုံတက် ကုသမှု ခံယူခဲ့ရပါတယ်။ ထို့အတွက် မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးလမ်းကြောင်းကို ဦးတည်ရန် ကြိုးပမ်းခဲ့တဲ့ သမိုင်းမှတ်တိုင် တခုဖြစ်တဲ့ ၁၉၉၀ပြည့် ပါတီစုံရွေးကောက်ပွဲ ၂၁ နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို ဆရာတက်ရောက်ခွင့် မရလိုက်ပါဘူး။
၁၉၉၀ခုနှစ်တုန်းက ပါတီစုံရွေးကောက်ပွဲ ကျင်းပခဲ့စဉ်မှာ ယခုပါတီရဲ့ အတိုက်အခံခေါင်းဆောင်ကြီးများဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ဟာ စစ်အုပ်စုရဲ့ ဖမ်းဆီး အကျဉ်းချခြင်းကို ခံခဲ့ရတဲ့ အချိန်ဖြစ်ပါတယ်။ အဲသည်လို ဖိနှိပ်ကန့်သတ်ထားတဲ့ အတားအဆီး ဖိနှိပ်မှု ဥပဒေမဲ့ မတရားမှုတွေကြားထဲကပဲ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ အနိုင်ရရှိခဲ့တယ်။ မြန်မာပြည်သူတွေက အင်န်အယ်ဒီပါတီကို တခဲနက်ထောက်ခံ အားပေးခဲ့ကြလို့ ရွေးကောက်ပွဲအနိုင်ရ အတိုက်အခံပါတီကြီးအဖြစ် သမိုင်းမှတ်တိုင် စိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲသည်တုန်းက ၉၀ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီပါတီကို ဦးဆောင်ခဲ့သူ အတိုက်အခံပါတီခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခဲ့ပြီး ယခုပြန်လည်လွတ်မြောက်လာသူ ကျန်ရှိနေသေးတဲ့ ခေါင်းဆောင်ကြီးများ၊ ပါတီဝင်များက အခမ်းအနားပြုလုပ်ကြတာဖြစ်လို့ ဆရာဦးဝင်းတင်က သည်အခမ်းအနားကို တက်ရောက် အလေးအနက်ပြုချင်တာကို ကျနော်တို့ နားလည် ခံစားနိုင်ပါတယ်။
အဲသည်အတွက် အဲသည်အခမ်းအနားမှာ ဆရာပြောဆိုတင်ပြခွင့် မရလိုက်တဲ့ အခမ်းအနားအတွက် အမှာစကားကို မိုးမခက ထပ်ဆင့်ပြန်လည် မေးမြန်းပြီး တင်ဆက်လိုက်ပါတယ်။
“ဟုတ်ကဲ့ပါဆရာ။ ၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်မှာ ဆရာအမှတ်တရ ပြောချင်တာ ဘာများ ရှိသလဲဆရာ။ ပြန်ပြောပြနိုင်ရင်ပြောပါဦး။ ခုချိန်မှာ စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲတခုကို ဒီမိုကရေစီနည်းမကျဘဲ ကျင်းပထားပြီးပြီ၊ အဲသည်ရဲ့ ရွေးကောက်ပွဲရလဒ်တွေကလည်း ပြည်သူလူထုဆန္ဒနဲ့ ဒီမိုကရေစီနည်းမကျသော်လည်း စစ်အုပ်စုက တဖက်သတ် အတည်ပြုလက်ခံပြီး သူတို့လက်ဝေခံ ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်တွေ ထူထောင်ပေးခဲ့ပြီးပြီ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူလူထုတွေ အားလုံးကို ဆန့်ကျင် ဆောင်ရွက်နေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စုနောက်လိုက်တွေရဲ့ သမိုင်းကို ဖျောက်ဖျက် မျက်ကွယ်ပြုနေတဲ့ နှစ်ပတ်လည်မှာ ဆရာ ဘာများ ပြောချင်သလဲ”
“ကျနော်အခု ဆေးရုံပေါ်ကနေ သည်စကားတွေကို ပြောနေတာ ဖြစ်ပါတယ်။ ကျနော်ဟာ အိုတဲ့ စခန်းကနေ နာတဲ့ စခန်းကို ရောက်နေပြီ ဖြစ်တယ်။ နောက်ဆုံးပိတ်ကျတော့လည်း သေရမှာပဲပေါ့။ အဲသည်လိုအချိန်မျိုးမှာ ကျနော်တို့ပါတီရဲ့ အခြေအနေကလည်း ကြီးပြင်းလာတယ်။ အသက်အရွယ်ရလာတယ်။ ဆိုတော့ ကျနော်တို့ပါတီလည်း အိုပြီ ဆိုရင်တောင်မှ ဇရာကနေပြီတော့ ဗြာဓိတို့ မရဏကိန်းတို့တော့ မဆိုက်ပါစေနဲ့။ ပါတီကို ပြန်ပြီး ရှင်သန်အောင်၊ လန်းဆန်းအောင်၊ တက်ကြွ နိုးကြားနေအောင် လုပ်ကြပါလို့ တိုက်တွန်းပါတယ်။ ဒါကို ပြောချင်တယ် တချက်ပေါ့ကွာ ဟုတ်လား။”
ဟုတ်ကဲ့ပါ ဆရာ။
” နောက်တချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေပေါ့ကွာ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကျနော်တို့တွေ ဆက်လက်ပြီး ၀ိုင်းဝန်း တောင်းဆိုနေကြတယ်။ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ဟာ မလွတ်မြောက်သေးဘူး။ ကျနော်တို့ ဆက်လက်ပြီး သူတို့လွတ်မြောက်အောင် ကြိုးစားသွားကြရမယ်။ ကြိုးစားတဲ့နေရာမှာ ထောင်ပြင်မှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေကလည်း ကွန်ယက်သဖွယ် စုစည်းကြသလိုမျိုး၊ ထောင်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း ကွယ်ယက်သဘောမျူိုး ထောင်အချင်းချင်း ချိတ်ဆက်ပြီးတော့ စုစည်းနိုင်ရမယ်။
အကျဉ်းသားတွေကိုယ်၌ကလည်း ကိုယ်ထူကိုယ်ထအနေနဲ့ ကိုယ့်အရေးကိစ္စကို တိုက်ပွဲလို သဘောထားပြီး တိုက်ပွဲဝင်နေကြရမယ်။ ဘယ်လိုမျိုး တိုက်ရမယ်ဆိုတာ ကျနော်တို့က အပြင်ကနေပြီးတော့ ပြောလည်း မပြောလိုဘူး။ ပြောလည်း မပြောသင့်ဘူး။ ပြောလည်း မပြောကောင်းပါဘူး။ ဒါပေမယ့် မိမိတို့ လက်ရှိ အသီးသီးအနေအထားနဲ့ မိမိတို့ တောင်းဆိုချက်တွေကို မိမိတို့ အခွင့်အရေးတွေကို အမြဲတောင်းဆိုနေရမှာ ဖြစ်တယ်။ အဲသည်မှာ နိုင်ငံရေးကိစ္စတွေ ပါရင်လည်းပါမယ်။ တခြားလူ့အခွင့်အရေးကိစ္စတွေ ပါချင်လည်း ပါနိုင်တယ်။ အဲဒါတွေက မိမိတို့ အခြေအနေနဲ့ သဘောထားပဲ ဖြစ်တယ်လို့ ပြောချင်တယ်။ ဒါကို ကျနော်က တချက်အဖြစ် ပြောတယ်။”
ဟုတ်ကဲ့ပါဆရာ။
“နောက်တချက် ကျနော်ပြောတာကတော့ အခု အစိုးရအသစ်ပြောင်းလာတဲ့အခါမှာ လူတချို့က အခြေအနေတွေ အပြောင်းအလဲတွေ ပေါ်လာမယ်လို့ ယူဆနေကြတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လူတွေက ပြောဆိုသုံးသပ်တာက မြွေအရေခွံလဲတယ်လို့ ပြောဆိုလာကြတယ်။ ကျနော်ကတော့ အဲသလို မမြင်ဘူး။ မြွေအရေခွံလဲတာ မဟုတ်ဘူး။ သူတို့တွေက ခြင်္သေအရေခွံခြုံထားတဲ့ မြေခွေးတွေဖြစ်တယ်။ အခု ခြင်္သေ့အရေခွံခြုံထားရာကနေပြီးတော့ ကျားအရေခွံ ခြုံချင် ခြုံမယ်၊ ကြောင်အရေခွံ ခြုံချင်ခြုံမယ်။ ဘာတွေပဲ ပြောင်းခြုံခြုံ သူတို့ဟာ မြေခွေးတွေပဲ။ စစ်အာဏာရှင်တွေဆိုတာ ကြီးကြီး ငယ်ငယ် ဘာအရွယ်တွေဖြစ်ဖြစ် မြေခွေးတွေပဲ။ ဒီအရေခွံတွေကို ပြပြပြီးတော့ ပြောင်းပြောင်းပြီးတော့ ပြည်သူလူထုကို ခြိမ်းခြောက်နေတာ၊ ဖိနှိပ်နေတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က မြေခွေးတွေကို မောင်းထုတ်ရမယ်။ အဲဒါပါပဲ။”
(ဓာတ်ပုံ ခရက်ဒစ် – James Mackay ENIGMA IMAGES/www.enigmaimages.net )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts