>Depeyin Masscare turns 8 years while main suvivors, Suu and Oo now out from detention

>

ဒီပဲယင်းလုပ်ကြံမှုကြီး ၈ နှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲ ကျင်းပမည်
မိုးမခ၊ မေ ၂၄၊ ၂၀၁၁
လာမည့် မေ ၂၉၊ တနင်္ဂနွေနေ့၊ West Virginia, Moorefield မြို့ရောက် မြန်မာမိသားစုများက ဒီပဲယင်းလုပ်ကြံမှုကြီး ၈ နှစ်ပြည့် အထိမ်းအမှတ် ဘာသာပေါင်းစု ဆုတောင်းပွဲကို ကျင်းပမည်ဖြစ်၍ မြန်မာ့အရေး တက်ကြွသူ မိတ်ဆွေများကို ဖိတ်ကြားထားသည်။ စီစဉ်သူတဦးမှာ ဒီပဲယင်းလုပ်ကြံမှုကြီးမှ အသက်မသေဘဲ လွတ်မြောက်လာသူ အင်န်အယ်ဒီပါတီဝင် ဒေါ်ခင်အေးမြင့် ဖြစ်သည်ဟု သိရသည်။
လွန်ခဲ့သည့် ၈ နှစ်၊ ၂၀၀၃ ခုနှစ် မေ ၃၀ က အထက်မြန်မာပြည်၊ ဒီပဲယင်းအရပ်၊ ကျည်ရွာအနီးတွင် နယ်လှည့်ခရီးစဉ်ထွက်လာသော အင်န်အယ်ဒီနှင့် အတိုက်အခံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့်တကွ အန်အယ်ဒီပါတီဝင်များ၊ ထောက်ခံသူ ပြည်သူများကို စစ်အစိုးရ၏ အပေါင်းအပါ လက်နက်ကိုင်အကြမ်းဖက်သမားများက လုပ်ကြံတိုက်ခိုက် သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည်။ ထိုလုပ်ကြံမှုတွင် လက်နက်မဲ့သူ အင်န်အယ်ဒီပါတီဝင်များ၊ ပြည်သူများ ထိခိုက် ဒါဏ်ရာရပြီး အချို့မှာ ထိုနေရာတွင်ပင် သေကြေပျက်စီး ဖျောက်ဖျက်ခြင်း ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ လွတ်မြောက်ခဲ့သော်လည်း စစ်အစိုးရက ထိုအရေးအခင်းကို သတင်းမှောင်ချထားပြီး စစ်ဆေးအရေးယူခြင်း၊ တရားဥပဒေမျက်မှောက်သို့ ထုတ်ဖော်ခြင်းတို့ မပြုခဲ့ချေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ၂၀၁၀ ခုနှစ်အထိ အကျယ်ချုပ်ဖမ်းဆီးထားခဲ့ပြီး လွန်ခဲ့သည် လအနည်းငယ်ကမှ အကျယ်ချူပ်ရက်များ ပြည့်မြောက်သဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။
ထိုလုပ်ကြံမှုအရေးအခင်းမှ ထွက်ပြေးလွတ်မြောက်လာသူများအနက် ဒေါ်ခင်အေးမြင့်မှာ တဦးအပါအ၀င် ဖြစ်သည်။ ထိုသို့ ထွက်ပြေးလွတ်မြောက်လာသူ အချို့မှာ မြန်မာပြည်ပသို့ ရောက်ရှိလာကြပြီး ၎င်းတို့၏ ကိုယ်တွေ့ အတွေ့အကြုံများကို ကမ္ဘာသို့ တင်ပြနိုင်၍သာ စစ်အစိုးရ၏ အပေါင်းအပါ လက်နက်ကိုင်အကြမ်းဖက်တို့၏ မင်းမဲ့စရိုက်နှင့် ရာဇ၀တ်မှုကြီးများကို ပြည်သူတို့ သိရှိနိုင်ခြင်း ဖြစ်သည်။
ဒေါ်ခင်အေးမြင့်က မိုးမခသို့ ပြောကြားရာတွင် သူ့အနေနှင့် ထိုသို့သော နိုင်ငံတော်လုပ်ကြံမှုကြီးသဖွယ်ဖြစ်သော ဒီပဲယင်းလုပ်ကြံမှု နှစ်ပတ်လည်ကို အများပြည်သူတို့ မမေ့မလျော့ကြရန်၊ ထိုအရေးအခင်းကြောင့် အသက်စွန့်ခဲ့ရသူတို့ကို အလေးဂရုပြု ကောင်းမှုဆုတောင်း ပြုလုပ်နိုင်ရန်၊ လက်ရှိတွင် စစ်အစိုးရ၏ ကြံ့ဖွံ့အစိုးရလက်ထက်တွင်လည်း မြန်မာပြည်သူတို့ လွတ်မြောက်ခြင်း မရှိသေးကြောင်း၊ အမှန်တရားနှင့် တရားမျှတမှုကို လွတ်လပ် သန့်ရှင်းစွာ ထုတ်ဖော် အရေးယူနိုင်ခြင်း မရှိသေးသည်ကို ထင်ရှားစေရန် မိမိရောက်ရှိနေသည့် နေရာဒေသမှ အဆိုပါ အခမ်းအနားကို ကျင်းပရန် ၀ိုင်းဝန်းရသည်ဟု ပြောကြားသွားသည်။
ဒေါ်အောင်ဆန်းစုကြည် အာရ်အက်အေရေဒီယို မေးမြန်းခန်းတခုတွင် အဆိုပါ ဒီပဲယင်းဖြစ်ရပ်တွင် အရေးယူဆောင်ရွက်မှုတို့ ပြုလုပ်နိုင်ရန် စစ်အစိုးရတာဝန်ရှိသူတို့နှင့် ဆွေးနွေးခဲ့ဖူးကြောင်း၊ စစ်အစိုးရ၏ အမျိုးသားညီလာခံကို ပြန်လည်တက်ရောက်ရန်အထိ သဘောတူညီပေးခဲ့ကြောင်း၊ စစ်အစိုးရဖက်မှ ကတိစကားတို့ ပျက်ပြယ်သွား၍သာ ထိုအရေးအခင်းကြီးကို လူထုအများ သိရှိနားလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။
ယခု ဒီပဲယင်း ၈ နှစ်ပြည့်တော့မည့်အချိန်၊ ဒီပဲယင်းလုပ်ကြံမှုကြီး၏ ပစ်မှတ်၊ မျက်မြင်သက်သေဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကိုယ်တိုင် အကျယ်ချူပ်က လွတ်မြောက်လျက် ပြည်သူတို့နှင့်အတူ ရှိနေချိန်တွင်လည်း လက်ရှိ စစ်အုပ်စု၏ အစိုးရသည် ဒီပဲယင်းလုပ်ကြံမှုကြီးနှင့် ပတ်သက်ပြီး ဖြေရှင်း အရေးယူရန်၊ တရားဥပဒေနှင့်အညီ ဆောင်ရွက်ရန် မည်သည့် လက္ခဏာမျှ မပြဘဲ နှုတ်ပိတ်လျက်ရှိသည်။
မိုးမခမော်ကွန်းရုပ်သံအစီအစဉ်အတွက် ဆရာဦးဝင်းဖေနှင့် ဆရာမောင်စွမ်းရည်တို့က အိုအက်စ်အိုင် ဘားမားပရိုဂျက်၏ ကူညီပံ့ပိုးမှုဖြင့် မှတ်တမ်းတင်ခဲ့သော ရုပ်သံမှတ်တမ်းများကို ပြန်လည် တင်ဆက်လိုက်ပါသည်။
သီးခြားဖွင့်လှစ်သိမ်းဆည်းလိုက သည်လင့်ခ်များကို သွားပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts