>Phyu Phuy Thin – Contemporary politics from youth perspective (16)

>

လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၁၆)
ဖြူဖြူသင်း
မေ ၂၂၊ ၂၀၁၁
ဆယ့်သုံးရက်နေ့က တကမ္ဘာလုံးက မျှော်လင့်စောင့်စားနေတဲ့ အထူးသဖြင့် မြန်မာပြည်သူ တိုင်းရင်းသားပေါင်းစုံက မျှော်လင့်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တယောက် ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။
ဒီတော့ ကမ္ဘာအနှံ့အပြားက တိုင်းပြည်ခေါင်းဆောင်တွေက ချီးကျူးထောပနာပြုကြ၊ ဂုဏ်ပြုကြိုဆိုကြနဲ့ အသံတွေ ဆူညံခဲ့ပါတယ်။ ဒါပေမယ့် ကျမတို့လူငယ်ထုအနေနဲ့ကတော့ ကျမတို့ လူထုခေါင်းဆောင်ကို အားပါးတရ ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုကြပေမယ့် အခြားတဖက်မှာတော့ စစ်အစိုးရရဲ့လုပ်ရပ်ကိုတော့ ပြစ်တင်ရှုံ့ချခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းကမှ ဖမ်းဆီးချုပ်နှောင်ထားရမှာ မဟုတ်ပါဘူး။ ၂၀၀၃ ဒီပဲယင်းမှာလည်း လုပ်ကြံခံရတယ်ပြီးတော့ တရားလိုက တရားခံပြန်ဖြစ်ပြီး ထောင်သွင်းအကျဉ်းချခံရတယ်။ လူတယောက် သူတို့စီစဉ်ထားတဲ့ လုံခြုံရေးတွေကို ကျော်ဖြတ် ရေကူးဝင်တာနဲ့ ထပ်မံထောင်ချလိုက်ပါတယ်။ အမိန့်ချတော့လည်း ကောင်းမွန်စွာနေရမယ်ဆိုတဲ့ တဖက်သားကိုနှိမ်တဲ့ စကားလုံးကို ထည့်သွင်းထားလိုက်ပါသေးတယ်။

ဒါက ဘာကိုပြသလဲဆိုတော့ စိတ်နေစိတ်ထားသေးသိမ်သူတို့ရဲ့ သဘောသဘာဝကိုပြသနေတာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးတွေကိုထားလိုက်ပြီးတော့ ခု ကျမတို့ခေါင်းဆောင်၊ လူငယ်ထုခေါင်းနဲ့အတူ အလုပ်တွေ အများကြီး လုပ်ရပါ့မယ်။ တောင်းဆိုတိုက်ပွဲဝင်မှုတွေကို အရှိန်ဟုန်မြှင့်ရပါ့မယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှုဟာ အင်မတန် ခမ်းနားကြီးကျယ်တဲ့ လွတ်မြောက်မှုဆိုပေမယ့် တိုင်းပြည်ကို တကယ်လွတ်မြောက်အောင် ဆက်လုပ်နေရအုံးမှာဖြစ်လို့ပါပဲ။ 
အလားတူ ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်ရေးတွက် ဆက်လက် တောင်းဆိုနေရအုံးမှာ ဖြစ်ပါတယ်။ ဘဝပေါင်းများစွာဟာ မလွတ်မလပ်ဖြစ်နေတာပါ။ ထောင်အသေးထဲက ကိုမင်းကိုနိုင်တို့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရမှာဖြစ်သလို ထောင်ကြီးထဲကျနေတဲ့ ကျမတို့အားလုံး လွတ်မြောက်ရေးတွက်လည်း ဆက်လက် လုပ်ကိုင်နေရအုံးမှာဖြစ်ပါတယ်။ 
ဒီတော့ ဘယ်လိုလုပ်ကြမလဲ။ အဖြေက အရှင်းသားရှိပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်ကို ရိုးသားစွာ လိုက်ပါပြီး နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားကြရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်ထုကို အားကိုးတယ်လို့။ ဒါကြောင့် လူငယ်ထုစွမ်းအားကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။ လူငယ်ထုဆိုရာမှာလည်း တတိယအင်အားစုလို့ ကြွေးကြော်နေတဲ့ အသိုက်အဝန်းက မွေးထုတ်ပေးလိုက်တဲ့ လူငယ်တွေကိုတော့ သတိနဲ့ စည်းရုံးရမှာပါ။ သူတို့ဟာ တတိယအင်အားစုဆိုတာကို အယူဝါဒတခုလို ကျင့်ကြံ အားထုတ်နေသူများ ဖြစ်ပါတယ်။ 
ကျမ ခုပြောနေတာက လူငယ်တွေကို ပြောနေတာမဟုတ်ပါဘူး။ လူငယ်တွေကို ဒိုင်ခံဖျက်ဆီးနေတဲ့ အဲ့ဒီကုမ္ပဏီ ထောင်ထားသူတွေကို ပြောနေတာပါ။ လူငယ်တွေကတော့ နိုင်ငံရေးကိုလည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် အဖမ်းခံရမှာလည်း ကြောက်ကြတယ်။ ကြံ့ဖွတ်လိုဟာမျိုးကိုလည်း ရွံ့ရှာစက်ဆုပ်ကြတဲ့အခါကျတော့ နိုင်ငံရေးလည်း လုပ်ရမယ်။ လူမုန်းလည်း မခံရဘူး။ နိုင်ငံရေးလည်း လုပ်ခွင့်ရနေတယ်လို့ ထင်မှတ်ပြီးတော့ အဲ့ဒီနေရာတွေရောက်ကုန်တာ ဖြစ်ပါတယ်။ နိုဝင်ဘာထဲ (I Vote) လှုပ်ရှားမှု ခပ်သေးသေး ဖြစ်ခဲ့ပါတယ်။ ဒါကလည်း ဒီတတိယအင်အားစု အမည်ခံ လူတွေနဲ့ စစ်အစိုးရပေါင်လုပ်တာလို့ လူငယ်တွေက သတ်မှတ်ပါတယ်။
“သေချာတယ် အမ၊ ဒီလူတွေလုပ်တာ အထူးသဖြင့်တော့ ထောင်ထားတာ ကျနော် နားလည်တာက သူတို့က ကုမ္ပဏီပဲ၊ စီးပွားရေးကုမ္ပဏီပဲလေ။ ခုတော့ အဲ့လိုမှမဟုတ်တာ နိုင်ငံရေးသင်တန်းလိုဟာမျိုးတွေ ပေးတယ်။ ပေးတဲ့ဟာမှာလည်း လူငယ်တွေကို နိုင်ငံရေး လူလည်ကျနည်းတွေ သင်ပေးနေတယ်လို့ပဲ ကျနော် နားလည်တယ်။ ကျနော်က အဲ့ဒီသင်တန်းက လူငယ်တော်တော်များများနဲ့ စကားပြောဖူးတယ်။ သူတို့က ဘာပြောသလဲဆိုတော့ ကျနော်တို့က ကိုယ့်အတွေးခေါ်နဲ့ကိုယ် ရပ်တည်တာ၊ ဘယ်သူ့လွှမ်းမိုးတာမှ မခံဘူး။ နိုင်ငံရေးလုပ်ရင်လည်း ကိုယ့်အတွေးခေါ်နဲ့ ကိုယ်လုပ်မယ်၊ ဒီလိုအမြဲပြောတယ်။ 
ကြားလိုက်ရင်တော့ အားရစရာပေါ့အမရာ၊ ဒါပေမယ့်လည်း ဒီလိုစကားမျိုး ပြောတတ်လာတာလည်း ဒီ မြန်မာအီးဂရက်စ်က သင်ပေးလိုက်တာလို့ ဒီသင်တန်းနဲ့နီးစပ်တဲ့ ဆရာတယောက်က ပြောတယ်။ ဒီကိစ္စ ရုတ်တရက်ကြည့်ရင် ဘာမှမထူးဘူးလို့ ထင်မှတ်ရပေမယ့် ရေရှည်ကျရင် တိုင်းပြည်က လူငယ်တွေဟာ လူငယ်တွေ မဟုတ်တော့ဘဲ လူလည်တွေ ဖြစ်ကုန်တော့မယ်လို့ ကျနော် ထင်တယ်။ ဒီသင်တန်းက အစောကပြောသလို ကွန်မြူနစ်တွေ ဆဲလ်မွေးသလို မွေးထားတာ မြင်လွယ်အောင် ပြောရရင်တော့လေ”
ကျမအနေနဲ့ ဒီလိုဟာမျိုးထိ ထဲထဲဝင်ဝင် မသိနိုင်ပါဘူး။ ဒါပေမယ့် တတိယအင်အားစု ဆိုပြီးတော့ နာမည်တော့ ကြီးလာတယ်။ တကယ်တော့ ဒီတတိယအင်အားစု အယူဆဟာ ၂၀၀၅၊ ၂၀၀၆ လောက်မှာ ၈၈ မျိုးဆက် ကျောင်းသားများကနေပြီး တိုင်းပြည်ကိုချပြခဲ့တဲ့ အင်မတန်ကောင်းမွန်တဲ့ အယူဆ ဖြစ်ပါတယ်။ သူတို့က အန်အယ်လ်ဒီ ဝိုင်းရံရေး အယူဆကိုပြောတာ ဖြစ်ပါတယ်။ 
ဒီတော့ ကိုယ်တိုင်က အန်အယ်လ်ဒီဖြစ်ဖို့ အခက်ခဲရှိနေတဲ့ လူငယ်တွေအတွက် လမ်းတခုဖောက်ခဲ့တာလို့ ကျမ သိထားတာဖြစ်ပါ။ ခုထိလည်း အန်အယ်လ်ဒီ ကို ဝန်းရံနေကြဆဲဖြစ်ပါတယ်။ တိုင်းပြည် ကောင်းရာကောင်းကြောင်း ဆောင်ရွက်ချင်တဲ့လူငယ်တွေဟာ စံပြပုဂ္ဂိုလ်တော့ ရှိရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် အစရှိသဖြင့်တဲ့ စံပြပုဂ္ဂိုလ်တွေ ရှိရပါလိမ့်မယ်။ သူတို့တွေလို နေထိုင်ကျင့်ကြံရတာ၊ သူတို့တွေပြောတဲ့ စကားတွေ မှတ်သားနာယူရတာ၊ သူတို့ လွှမ်းမိုးမှုဟာ လူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံး အကျင့်အကြံတွေပေးနေတာ ဖြစ်ပါတယ်။ 
အထက်ကပြောသလို တတိယအင်အားစု အမည်ခံတွေက လူငယ်တွေကျတော့ ကျနော်ကတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ကျမကတော့ ဘယ်သူ့ကို လေးစားအားကျ အတုယူတယ်ဆိုတာမျိုး ပြောရမှာကို ရှက်နေဟန်တူပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားတာဟာ အင်မတန်မှ ကောင်းတဲ့ အမူအကျင့်ဖြစ်ပါတယ်။ လူငယ်တိုင်းမှာလည်း ဒီလိုစိတ်ဓာတ် ရှိသင့်ပါတယ်။ နောက်တချက်ကတော့ လူငယ်တွေဟာ အမြဲလေ့လာပြီးနေတာပါ။ တနေ့နေ့မှာ ဒီလိုသင်တန်းတွေကနေ လွန်မြောက်သွားပြီးတော့ တကယ့်နိုင်ငံရေးထဲ လူငယ်တွေအားလုံး ပါဝင်လာနိုင်ပါစေလို့ ကျမ ဆုတောင်းမိနေပါတယ်။
ကျမ မဖြူဖြူသင်းပါ။
(လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုအစီအစဉ်ကို ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts