>Moe Nat Thar – New General’s New Speech

>

ဗိုလ်ချုပ်ကြီးသစ်ရဲ့ ပထမပွဲတက်မိန့်ခွန်း
မိုးနတ်သား
မိုးမခ၊ မေ ၁၉ ၊ ၂၀၁၁
ရွှေဝါပြည်ကား နှယ်နှယ်ရရမဟုတ်။
အပြောင်းအပြောင်းတွေ ဖလောင်းဖလောင်းထနေတဲ့ ပြည်ကြီးရခိုင်တည်း။
အထူးအဆန်းတွေကလဲ ရူးနှမ်းလောက်ပေသည်။
အခု မြန်မာ့တပ်မတော်ကြီး၏ အချုပ်အချာမှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဖြစ်သွားသောဟူ၏။ စီနီယာအတိုင်းလည်း တွက်လို့မရ။ ဘယ်သူ ဘယ်သူနဲ့ ဘယ်သူပေါင်းများစွာ ပေါ်ခဲ့သည်။
ဒီတပ်ကို လွဲပြောင်းယူတာခြင်းအတူတူပင်ဖြစ်သော်ငြား အရင်ပုဂ္ဂိုလ်လို “ဗိုလ်ချုပ်မှူးကြီး” မဟုတ်တော့ပေ။ “ဗိုလ်ချုပ်ကြီး” သာဖြစ်၏။ အရင်းစစ်တော့ အမြစ်ကို မြေမှာတွေ့ရသည်။
အရင်ပုဂ္ဂိုလ်သည် မြန်မာပြည်သူလူထုကြီးမှာ တပ်မတော်ကနေ ပေါက်ဖွားလာဟန် “ ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုသည့် အာဏာ့ရှင်ဗိုလ်နေဝင်း၏ဆောင်ပုဒ်ကို ချောင်ထုပ်ကာ “ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ” ဟု ဗြောင်ရှုပ်လေသည်။ ပြည်သူရဲ့မိဘက တပ်မတော်၊ တပ်မတော်ရဲ့မိဘက သူဆိုပြီး “ချုပ်မှူးကြီး” ဇာတ်ထွက်ခဲ့သည်။
ယခုပုဂ္ဂိုလ်ကား ထိုသို့မဟုတ်ပေ။
ဘဇာကြောင့်ရယ်မသိ၊ ကာကွယ်ရေးဦးစီးချုပ်အသစ်စက်စက်ဘဝနဲ့ တပ်မတော်နေ့ကြီးကို ပွဲဦးတက် ဂါရဝအပြုမခံလိုက်ရသော်ငြား ဗိုလ်သင်တန်းဆင်းပွဲ ပထမဆုံးပွဲတက်မိန့်ခွန်းတွင် –
“မိမိတို့ တပ်မတော်သည် တိုင်းရင်းသားပြည်သူများကြားမှ သန္ဒေတည်ပေါက်ဖွားလာသည့် ပြည်သူ့ တပ်မတော်” ဟု အတိအလင်း ရှင်းရှင်းဘွင်းဘွင်းဆိုလိုက်ချေသည်။
ထိုအဆိုကို ထောက်သော် “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ပြန်ဖြစ်ခွင့်ရပြီ။ “မှူး” လဲဖြုပ်ကာ “ဗိုလ်ချုပ်ကြီး”သာ တပ်တော့သည့်အတွက် ပြည်သူသည် မိဖနေရာ ပြန်ရတာ သေချာသည်ဟု ဆိုနိုင်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်သဘောထားကတော့ သမ္မတသစ်ကြီးပြောသလို “လူသာဓုခေါ်၊ နတ်သာဓုခေါ်” နိုင်စရာ ရှိပေသည်။
အရင်ပုဂ္ဂိုလ်နှင့် မတူသည့်အချက်တွေ များစွာရှိသေးသည်။
အရင်ပုဂ္ဂိုလ်က မြန်မာပြည်ကို တေဇ မော်ဒယ်စား၊ အဲလေ  ကြောင် ပုဇွန်စားသလို ကျွတ်ကျွတ်ဝါးခဲ့ပေသည်။
မြန်မာပြည်ကို မယားပါပစ္စည်းသုံးသလို သုံးခဲ့ပေသည်။ မြန်မာပြည်ကြီးကိုပဲ သူပိုင်သယောင်ယောင်။ ခုတော့လဲ မြန်မာပြည်သားလေး ပြန်ဖြစ်သွားပြန်ချေပြီ။ ဘယ်အခြမ်းတွေ ငါမတွယ်လိုက်ရသေးဘူးလို့များ တွေးနေ ဆွေးနေအုံးမည်လား မသိပေ။ လုပ်ချင်ရာလုပ်၊ သတ်ချင်တိုင်းသတ်၊ ဖြတ်ချင်တိုင်းဖြတ်ပြီး ခပ်တည်တည်နှင့် အခြေခံဥပဒေစာအုပ်ထဲတွင် စာတစ်ကြောင်း ဝင်ရေးသွားသေးသည်။
“ နောက်ကြောင်းပြန် အရေးမယူရ” တဲ့။
ကြောင်တော့ တော်တော်ကြောင်သည်။
“ ဥပဒေလိုက်နာ ဘေးကင်းကွာ ” ဟုလည်း ဆိုသည်။
“တရားဥပဒေစိုးမိုးရေး” ဟုလည်း မိုးလင်းက မိုးချုပ်အော်သည်။
“ တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ဒို့ပြေ ဒို့မြေ ” ဟုလည်း သီချင်းပြဌာန်းသည်။ ပြီးတော့မှ
နောက်ကြောင်းပြန် အရေးမယူရတဲ့။
ဗိုလ်ချုပ်ခင်ညွန့်တို့တုန်းကတောင် ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရ လို့ အော်ဟစ်ပြီး လာဘ်စားမှုနဲ့ အရေးယူခဲ့သေးသည်ဘဲ။ အဲသလောက်တော့ သူ့ကိုလဲ လုပ်လို့ ရမည်ထင်ပါသည်။ ဒီကိစ္စက သူ့ကို အရေးယူသည်ဆိုတာထက် “နိုင်ငံတော်ပိုင်များ နိုင်ငံတော် ပြန်ရရေး” ဆိုသည့်သဘောသာ ဖြစ်မည်ထင်သည်။ မြန်မာနိုင်ငံတော်ကြီးအနေနှင့် သူပိုင်ပစ္စည်းကို ကာကွယ်၊ ပြန်လည်ရယူခွင့်ရှိမည်ထင်ပါသည်။
( ဥပဒေပညာရှင်များ ဆွေးနွေးကြပါကုန် )
ယခုတပ်မတော်ချုပ်သစ်သည် “ ပြည်သူများနဲ့ လက်တွဲပြီး ပြည်သူ့အကျိုးကို ဖေါ်ဆောင်ပေးကြရမည်။ ယင်းမှာ မိမိတို့တပ်မတော်၏ အမျိုးသားနိုင်ငံရေးတစ်ခုပင်ဖြစ်သည် ” တဲ့။
ကဲ တပ်မတော်ရေ  အမျိုးသားနိုင်ငံရေးတွေကတော့ တစ်ခုပင် ကမည်မထင်။ အပုံအပင်ရှိချေ၏။
ယခုအခါ ဧရာဝတီသည် သေငယ်ဇောနဲ့ မျောနေပြီ။ ချင်းတွင်းလဲ တွင်းလောက်သာ ဆင်းရတော့မည့်ကိန်း။ သံလွင်ကား အသံမလွင်တာ ကြာ၍ အသံတောင် ပြာနေပေပြီ။ မြန်မာပြည်ဆိုတာ ဤမြစ်ကြီးသုံးစင်း၏ အပေါင်းဖြစ်သည်။ ဤမြစ်သုံးစင်းဂျောင်းလျှင် မြန်မာပြည်လဲ ဂျောင်းပေတော့မည်။
မြန်မာပြည်ဟေ့ ဆိုလျှင် မြစ်ချောင်းအသွယ်သွယ်၊ သစ်တောအစိမ်းစိမ်း၊ ရွေရောင်တဝင်းဝင်း ဘုရားပုထိုး များနှင့် ပြုံးပန်းတဝေဝေမျက်နှာများကို မြင်ယောင်မိကြပေမည်။
ခုတော့ မြစ်ချောင်းတို့ကား ဖုန်တထောင်းထောင်း။ သစ်တောစိမ်းစိမ်းများကား မီးညွန့်ရောင် ပြောင်လက်။ မြန်မာ့မျက်နှာများတွင် အပြုံးများ တဖြည်းဖြည်းပါးလျားလာပြီ။ မကြာခင် စေတီပုထိုးများတွင် ရွှေရောင်များညှိုးမှိန်၍ အမျိုးပါတိမ်ကောပေတော့မည်။
ဤအရေးများသည် သွေးအေးနေ၍ မဖြစ်တော့ပေ။
တာဝန်သိရုံမဟုတ်၊ တာဝန်သိရဲသည့် တပ်မတော်လိုလာပြီ။ ပြည်သူတစ်ချို့က ကွက်ပြီး တာဝန်သိနေရုံနဲ့ မဖြစ်တော့ပေ။ အခုဟာက ပြည်သူက အခွန်လဲထမ်းရသေး။ တာဝန်လဲ သိသိနေရသေး ဖြစ်နေသည်။ လခစားသူများက ဘာမှ မယ်မယ်ရရ တာဝန်မယူသလိုဖြစ်နေသည်မှာ ကြာတောင်းကြာလေပြီ။ ဒီအဖြစ်ဆိုးကြီးနဲ့ အောက်ပါအဖြစ်ဆိုးများ ရပ်တန်းက ရပ်သင့်ပြီ။
နိုင်ငံတော်မျက်ခုံးမွေးပေါ် စင်္ကြံလျှောက်နေသူများက သစ်တောကြီးတစ်တောကို အလွယ်လေး ဖြောင်နေချိန် တွင် တာဝန်သိသူတစ်ချို့က သစ်တစ်ပင်စိုက်ရတာ သိပ်ခက်ခဲနေသည်၊ အခန့်မသင့်လျှင် ထောင်အနှစ် ရ၀- ၈၀ လည်း အချခံရနိုင်သည့် ကမ္ဘာ့ကလေကချေအကျဆုံး တိုင်းပြည်ဖြစ်နေသည်မှာ ရင်နာစရာ ကောင်းလှသည်။
ဗိုလ်ချုပ်ကြီးသစ်က တပ်မတော်အစဉ်အလာကို ပြန်ပြောင်းအောက်မေ့ရာတွင်
“ ပြင်ပအင်အားကြီးနိုင်ငံများက သူတို့၏သြဇာခံနိုင်ငံဖြစ်အောင် အမျိုးမျိုး ကြံဆောင်လုပ်ကိုင်မှုများကိုလည်း ကြံ့ကြံ့ခံတွန်းလှန် ရပ်တည်ခဲ့လျက် ” ဟု ဆိုထားလေသည်။
အခု တရုပ်နဲ့ အိန္ဒြိယလို အင်အားကြီးနိုင်ငံများက မြန်မာပြည်ကို အရင် ကိုလိုနီများ ဂုတ်သွေးစုပ်သလိုမျိုး လောက်ပင် မကတော့ဘဲ သွေးကြောမကြီး ဖေါက်ပြီး ပိုက်သွယ်ယူသည့်အဆင့် ရောက်နေပေပြီ။ သို့အတွက် ဆက်ပြီး ကြံ့ကြံ့ခံပါဦးလို့ မေတ္တာရပ်ပါသည်။
လက်သဲဆိပ်ရင် လက်ထိပ်နာတတ်လေသည့် တပ်မတော်ကြီးခင်ဗျား …
 မြစ်ဆုံစီမံကိန်းစသည့် စီမံကိန်းများသည် လက်သဲဆိပ်ရုံ အဆင့်မျိုးမဟုတ်၊ ငယ်ထိပ်ကို သံမှိုနဲ့ရိုက်နေခြင်းဖြစ်ပါသည်ခင်ဗျား။
တပ်မတော်က အစဉ်အလာအတိုင်း အမျှော်အမြင်ကြီးကြီးနဲ့ အချိန်မီ သေချာစီစစ်ပါမှသာ။ ကိုယ့်တိုင်းပြည်အတွက် လိုအပ်လို့ လုပ်နေတာလား။ ပျက်တာနဲ့ ရမှာ ဘာကများနေလဲ။  လျှပ်စစ်က ကိုယ်သုံးဖို့လား။ သူများအတွက်လား။ သူတို့နိုင်ငံသားကလေးတွေစားတဲ့ထဲမှာတောင် မယ်လမင်းထဲ့ရောင်းတဲ့သူတွေကို ကျုပ်တို့က ဘာယုံရမှာလဲ။
ဧရာဝတီကြီးကို ငွေက ကယ်နိုင်လား။ ပညာရှင်များနဲ့ သေချာသုံးသပ်ကြဖို့ လိုနေပါပြီ။ ဂရုတစိုက် အကာအကွယ်ပေးမှသာ။ မဟုတ်လျင်တော့ မြန်မာပြည်သည် မြန်မကြာမီပင် ဟဝှာပြည်ဖြစ်တော့မည် ဖြစ်ကြောင်းပါခင်ဗျား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts