>News from Thai-Burma border

>

မြဝတီတဝိုက် ကြားရသမျှ စပ်စပ်စုစု သတင်းများ
မိုးမခ အထောက်တော် (ထိုင်း-မြန်မာနယ်စပ်)
မေ ၁၈၊ ၂၀၁၁

● မျှော်တော်မူတံတား
မြ၀တီ -မဲဆောက်က ထိုင်း-မြန်မာချစ်ကြည်ရေး တံတားကြီးပိတ်ထားခဲ့တာ ၁ နှစ်ပြည့်ပါတော့မယ်။ ထိုင်း -မြန်မာ ကုန်ကူးသန်းမှုတွေမှာ ဒီတံတားပိတ်ထားတာကြာင့် ကုန်စည် စီးဆင်းမှုကျဆင်း၊ စီးပွားရေးလုပ် ငန်းတွေ လည်း ကျဆင်းခဲ့တယ်ဆိုပေမယ့် တရားမ၀င် ကုန်စည်စီးဆင်းမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ နယ်စပ်တံတားကြီးကို အားကိုးပြီး ရင်းနှီးမြှုပ်နှံထားတဲ့ တည်းခိုခန်းတွေ ဟိုတယ်တွေ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေဆဲဖြစ်သလို တချိန်က ကြက်ပျံမကျ စည်ကားခဲ့တဲ့ မဲဆောက်က ကျောက်ဝိုင်း (မြန်မာပြည်က ကျောက်စိမ်းနဲ့ တွင်းတွက်များရောင်းဝယ်ဖောက်ကားရာနေရာ) မှာလည်း ချောက်ကပ်ကပ် ဖြစ်နေဆဲပါပဲ။

ဒါပေမယ့် နယ်စပ်ချစ်ကြည်ရေးတံတားကြီး မကြာမီပြန်လည်ဖွင့်လှစ်တော့မယ်ဆိုတဲ့သတင်းကတော့ ဧပြီလမ ကုန်ခင် ကတည်းက ထွက်ပေါ်ခဲ့တာကြောင့် ကုန်သည်လုပ်ငန်းရှင်တွေက အစ ခေါင်းရွက်ဗျက် ထိုး ဈေးသ ည်အဆုံး ၀မ်းပမ်းတသာ မျှော်လင့်နေခဲ့ကြပါတယ်။ မြန်မာအရာရှိတွေ ထိုင်းအရာရှိတွေ တံတားနားတ၀ိုက် ရစ် ၀ဲ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ရှိခဲ့ပေမယ့် ဒီနေ့ (မေလလယ်) အထိတော့ ပြန်မဖွင့်သေးပါဘူး။

● လဲဦးမလားအကို
မြန်မာဖက်ခြမ်း မြ၀တီတံတားကနေ ကြံခင်းဈေးနားတ၀ိုက်အထိ စားပွဲခုံလေးတွေ ချပြီး ငွေလဲလှယ်သူေ တွ၊ မြန်မာနဲ့ထိုင်းကို ဖုန်းဆက်နိုင်တဲ့နေရာတွေကလည်း ဒုနဲ့ထေး ဖြစ်ပါတယ်။ ငွေလဲမလား .. ဖုန်းဆက်မ လားနဲ့ အပြိုင်အဆိုင် ဈေးကြိုနေကြတာကိုလည်း မမြင်ချင် မကြားချင် အဆုံးဖြစ်ပါတယ်။ မတ်လလယ် အ ထိ မြန်မာငွေတသိန်းကို ထိုင်းဘတ် ၃၄၀၀ ၀န်းကျင်နဲ့ လဲလှယ်မှုတွေရှိခဲ့ရာက ဧပြီလအတွင်းမှာ ၃၅၀၀ အထိ ဖြစ်ခဲ့သလို ယခု မေလဆန်းကနေ မေလလယ်အထိ ၃၆၀၀-၃၆၅၀ အထိ လဲလှယ်နေကြပါတယ်။

● ဒီဗွီဒီအခွေတွေ အ၀င်နည်း
မြ၀တီ မြို့ခံတွေသာမက ထိုင်းဖက်မှာ အလုပ်သွားလုပ်တဲ့ မြန်မာတွေကြောင့် အထူးအ၀ယ်လိုက်နေတဲ့ ဒီဗွီဒီအခွေဆိုင်တွေဟာ မြ၀တီ တမြို့တည်းမှာတင် တရာမက ရှိတယ်လို့ဆိုပါတယ်။ မြန်မာရုပ်ရှင်၊ သီချင်း၊ ဗွီစီဒီတွေသာမက သီချင်းခွေတွေ၊ တရားခွေတွေ နိုင်ငံခြား ဇာတ်ကားတွေကို ဒီဗွီဒီတချပ်တည်းမှာ ၄ ကားကနေ ဇာတ်ကား ၂၀ လောက်အထိ ပါဝင်တဲ့ ဒီဗွီဒီအခွေတွေဟာ အထူးအ၀ယ်လိုက်ပါတယ်။ တချို့ ဆိုင်တွေမှာ တခွေကို မြန်မာငွေကျပ် ၁၀၀၀ လောက် ရောင်းတာရှိပေမယ့် အများအားဖြင့်တော့ ကျပ် ၅၀၀ လောက်နဲ့ ရောင်းချ လျက်ရှိနေပါတယ်။

ဒါပေမယ့် အခုလပိုင်းအတွင်းမှာ ထိုင်းဖက် အ၀င်မှာ အစစ်ဆေးများနေသလို မြန်မာပြည်တွင်းမှာလည်း ဒီလို အခွေဆိုင်တွေကို စိစစ် တားဆီးတာတွေရှိတာကြောင့် အခွေတွေ အ၀င်နည်းနေတယ်လို့ကြားသိရပါတယ်။

● ပွဲမိန့်တွေ ရပ်
ယခင်က ကုန်စီးဆင်းမှုကောင်းမွန်ခဲ့တာကြောင့် မြ၀တီမှာ ဘာသာရေးပွဲ၊ လွတ်လပ်ရေးပွဲစသဖြင့် ပွဲမျိုးစုံကို အကြောင်းပြပြီး စတိတ်ရှိုးပွဲ၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ နတ်ပွဲတွေအပြင် လောင်းကစားပွဲတွေကလည်း စည်စည် ကားကားနဲ့ မပြတ်တမ်းရှိခဲ့ပေမယ့် ယခုနှစ်ပိုင်းအတွင်းမှာ (ရွေးကောက်ပွဲ ၀န်းကျင်ကနေ ယနေ့ထိ) ပွဲမိန့်တွေ ရပ်ဆိုင်း ထားခဲ့ပါတယ်။ (ဗုံးပေါက်မှာ ကြောက်လို့ဆိုလား)။

● ချစ်ဦးညိုနဲ့ မောင်စိန်ဝင်း တွေ့ကြပြီ
တခြားပွဲလမ်းသဘင်တွေ ရပ်ဆိုင်းထားခဲ့ပေမယ့် ယခု မေလ ၂၅-၂၆ ရက်နေ့တွေမှာတော့ စာပေဟောပြောပွဲတရပ်ကို ကျင်းပမယ်လို့ သိရပါတယ်။ စာပေနဲ့ စာနယ်ဇင်းအဖွဲ့နဲ့ စာပေချစ်မြတ်နိုးသူတွေ စုပေါင်းစီ စဉ်ပြီး မြန်မာပြည်က အထင်ကရ စာရေးဆရာတွေဖြစ်တဲ့ ဆရာချစ်ဦးညိုနဲ့ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ လာရောက်ဟောပြောမှာဖြစ်ပြီး ၀င်ကြေးက အခမဲ့ဖြစ်ပါသတဲ့။ မြ၀တီမြို့ သောင်ရင်းခမ်းမမှာ သွားရောက် အားပေးနိုင်ကြောင်း ကြေညာတွေ မြို့အနှံ့ကပ်ထားတယ်လို့ သိရပါတယ်။ မြ၀တီမျာ ဆယ်စုနှစ်မ က နေထိုင်ခဲ့တဲ့ ဆိုင်ကယ်ကယ်ရီမောင်းတဲ့ ကိုလှမင်းက “ကျနော်တို့ မြ၀တီနေခဲ့သမျှ စာပေဟောပြောပွဲ ရယ်လို့ တခါမှ မကြားဖူးပါဘူးဗျာ။ အခုလို နာမည်ကျော်စာရေးဆရာတွေ လာဟောမယ်ဆိုတော့ ၀မ်းသာမိ တယ်ဗျာ။ သွားနားထောင်မယ်ဗျာ။ ကြားဖူးတယ်ရှိအောင်” လို့ ဆိုပါတယ်။ တော်ပါသေးရဲ့။ စာပေဟောပြောပွဲဆိုတာ ချို (ဂျို) နဲ့လားလို့ အမေးမခံရတာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts