>UN says positive in Burma after meeting with Suu

>

အစိုးရသစ် အားရစရာရှိသော်လည်း လူ့အခွင့်အရေးတိုးတက်မှုစောင့်ကြည့်ရမယ်
ကုလအထူးကိုယ်စားလှယ်ထုတ်ပြော
အာရ်အက်အေရေဒီယို ကောက်နုတ်ချက်
မိုးမခ၊ မေ ၁၃၊ ၂၀၀၁
  မြန်မာအစိုးရသစ်ဟာ အားရကျေနပ်စရာလက္ခဏာရှိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar က မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမယ့် စစ်မှန်တဲ့ ပြောင်းလဲတိုးတက်မှုတွေ ရှိလာမလားဆိုတာတော့ စောင့်ကြည့်ဖို့ အရေးကြီးတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်လွှတ်ပေးရေးအပါအ၀င် လူ့အခွင့်အရေးတိုးတက်မှုအခြေအနေကို အလေးထား စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ မနေ့က ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာလဲ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် Mr. Martin Nesirky က
“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီးမွန်းနဲ့ မစ္စတာ နမ်ဘီယာတို့ဟာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ်တိုက်တွန်းခဲ့ကြသလို မစ္စတာနမ်ဘီယာ အနေနဲ့ အခုမြန်မာနိုင်ငံခရီးစဉ်အတွင်းမှာလည်း အစိုးရသစ်ကို အလေးထားပြီး တွန်းအားပေးပြောဆိုမှာဖြစ်တယ် …”
လို့ Mr. Nesirky ပြောသွားတာပါ၊
ဒီအတောအတွင်း နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မစ္စတာနမ်ဘီးယား အနေနဲ့ မြန်မာအစိုးရရဲ့ အသုံးချ မခံရဖို့ အရေးကြီးတယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ မစ္စတာနမ် ဘီးယားအနေနဲ့ တိုးတက်မှုမရှိတဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်းထောက်ပြပြောဆိုဖို့ လိုတယ်လို့ HRW အဖွဲ့ရဲ့ အာရှနိုင်ငံများဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။
မစ္စတာ နမ်ဘီးယားအနေနဲ့ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကျင်းပခဲ့ချိန်ကစလို့ လွန်ခဲ့တဲ့ ၆လအတွင်း မြန်မာနိုင်ငံမှာ တိုးတက်မှုမရှိတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အလေးထား ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ Ms Pearson ပြောသွားတာပါ။
တချိန်တည်းမှာဘဲ မြန်မာအရေးလှုပ်ရှားနေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့ကလည်း မစ္စတာ နမ်ဘီးယားအနေနဲ့ လတ်တလော ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ထောက်ပြဖို့ အရေးတကြီးလိုအပ်တယ်လို့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts