>ThitSar Weekly Journal suspended for 2 weeks

>

သစ္စာ သတင်းဂျာနယ် (True News weekly ) ၂ ပတ်အနားခံရ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေလ ၁၃၊ ၂၀၁၁
ကျပ် ၁၅ သိန်းတန် ဂျီအက်စ်ဖုန်းနှင့်ပတ်သက်သည့် သတင်းတပုဒ်ကို ဖေါ်ပြခဲ့ခြင်း အပေါ် မြန်မာ့ဆက်သွယ်ရေး တာဝန်ရှိသူက စာပေစိစစ်ရေးကို အရေးယူပေးရန် အကြောင်းကြားသဖြင့် သစ္စာသတင်းဂျာနယ်အား ၂ ပတ် ထုတ်ဝေခွင့် မပြုရန် အပြစ်ပေးခဲ့သည်ဟု သိရှိရသည်။
ယခုလ ၃ ရက်နေ့ ထုတ် သစ္စာသတင်းဂျာနယ်တွင် ကျပ် ၁၅ သိန်းတန်ဖုန်းပိုင်ရှင်များ အနေဖြင့် နောက်ထပ် ငွေ ၁ သိန်း ၈ သောင်း ထပ်ဆောင်းသွင်းလျင် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း တလုံး ငှားရမ်းခွင့်ရမည်ဆိုသည့် သတင်းကို ဖေါ်ပြခဲ့ပြီး ထိုသတင်းမမှန်ကန်ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူက အရေးယူပေးရန် စာပေစိစစ်ရေးကို အကြောင်းကြားခဲ့သည်ဟု သစ္စာသတင်းဂျာနယ်မှ သတင်းထောက်တစ်ဦးကပြောသည်။
သစ္စာဂျာနယ်မှ သတင်းစာမူများ ရုံးတင်ရန် ယနေ့သွားရောက်သည့် အခါ ယခုသတင်းပတ်မှ စပြီး ၂ပတ် စာမူများ ရုံးတင်လက်မခံကြောင်း အသိပေးခဲ့သည်ဟု အဆိုပါ သတင်းထောက်၏ ပြောဆိုချက်အရ သိရှိရသည်။
ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များ အနေဖြင့် ထုတ်ဝေခြင်း မပြုမီ စာပေစိစစ်ရေးသို့ အရင်တင်ပြရပြီး တင်ပြခြင်း မပြုသည့် သတင်းများအား ဖေါ်ပြခြင်း၊ ဓါတ်ပုံများ၊ မျက်နှာဖုံးတွင် ဖေါ်ပြခွင့်မပြုသည့် သတင်းများအား မျက်နှာဖုံးတွင် ဖေါ်ပြခြင်း ၊ ဖေါ်ပြခွင့်မပြုသည့် ဌာနဆိုင်ရာနှင့်ပတ်သက်သည့် သတင်းများအား ဖေါ်ပြမိခြင်းတို့ကြောင့် ဂျာနယ် ထုတ်ဝေခွင့် ယာယီရပ်နားခြင်း တခါတရံ အပြီးအပိုင်ရပ်နားစေခြင်းနည်းတို့ဖြင့် အပြစ်ပေးလေ့ရှိသည်။
လွန်ခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် အာဏာလွှဲပြောင်းယူခဲ့သည့် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ တက်လာပြီး ယခင်ကထက် စာလျင် အချို့သော သတင်းအကြောင်းအရာများ ရေးသားဖေါ်ပြခွင့်ရလာသည် ဟု ပြောဆိုရေးသားမှုများ ရှိနေစဉ် ယခုလို သစ္စာသတင်းဂျာနယ်အား ၂ ပတ်နားစေသည့် အဖြစ်အပျက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
 သစ္စာ သတင်းဂျာနယ်မှာ ၂၀၀၈ ခုနှစ်နှစ်ကုန်ပိုင်းတွင်လည်း ရွှေ့ပြောင်းလုပ်သားနှင့် ပတ်သက်သည့် သတင်းတပုဒ်ဖေါ်ပြရာတွင် ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာ ကလေးငယ်တဦး အလုပ်လုပ်ကိုင်နေသည့် ဓါတ်ပုံကိုဖေါ်ပြခဲ့သဖြင့် ၁ လရပ်နားခံခဲ့ရဖူးသေးသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် သတင်းနှင့်ပတ်သက်ပြီး မျက်နှာဖုံး တွင်ဖေါ်ပြခွင့်မပြုသည့် ဓါတ်ပုံများအား ဖေါ်ပြခြင်း၊ သတင်းစာမူကို ကြိုတင်တင်ပြခြင်း မရှိပဲ ဖေါ်ပြခြင်းတို့ကြောင့် ဂျာနယ် ၉ စောင်အား ၂ ပတ်နှင့် ၁ ပတ်အသီးသီး ရပ်နားစေခဲ့သဖြင့် ဂျာနယ်ထုတ်ဝေသည့် သမိုင်းတွင် ဂျာနယ်အများဆုံး တပြိုင်တည်း ရပ်နားအပြစ်ပေး ခြင်းဖြစ်ပွားခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts