>Peacmaker & Actor U Tun Wai – Maung Swan Yi

>

ငြိမ်းချမ်းရေးသမား၊ ဒီမိုကရေစီတိုက်ပွဲခေါင်းဆောင် ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ
မောင်စွမ်းရည်
မေ ၁၁၊ ၂၀၁၁


ရုပ်ရှင်ကြည့်ပရိတ်သတ်က ရုပ်ရှင်မင်းသားတဦးရဲ့အမည်မှာ ရှေ့က “ဦး”၊ “ကို” စသည် ထဲ့ပြီးခေါ်လေ့မရှိပါ။ ခင်မောင်ရင်၊ ဘတင့်၊ ကျော်ဆွေ၊ မြတ်လေးထွန်းဝေ… စသဖြင့် ခေါ်လေ့ရှိပါ တယ်။ မင်းသားထွန်းဝေကို လူချင်းခင်စက သူများနဲ့ ရောပြီး ကိုထွန်းဝေလို့ပဲ ကျနော်တို့ခေါ်ပါတယ်။ နောက်မှ သူ့အသက်ဂုဏ်ဝါ ကို လေးစားသမှုနဲ့ ဦးထွန်းဝေလို့ခေါ်ပါတယ်။ ဦးထွန်းဝေနဲ့ ရင်းနှီးတဲ့ မန္တလေးသားတွေက ရွှေမန်းထုံးစံအတိုင်း “လေးလေး” ခေါ်ကြလေရဲ့။ ကျနော်လဲ တခါတလေ “လေး လေး” လို့ပဲ ခေါ်ပါတယ်။ ဦးထွန်းဝေကလဲ သဘောကျပါတယ်။

ရုပ်ရှင်လောနဲ့ကျနော် လုံးဝပတ်သက်ဆက်စပ်တာမဟုတ်လို့ ကျနော့်အနေနဲ့ ရုပ်ရှင်လောက သားတွေကို သိရှိရင်းနှီးမှု လုံးဝမရှိခဲ့ပါဘူး။ ရုပ်ရှင်ဒါရိုက်တာ ၀င်းဖေနဲ့ မောင်မိုးသူတို့ကို သိကျွမ်းရင်းနှီး တာက မန္တလေးတက္က သိုလ်မှာ ကျောင်းနေဖက်သူငယ်ချင်းဖြစ်ခဲ့လို့၊ မင်းသားမြတ်လေးကိုေ တာ့ ကျောင်းသားသမဂ္ဂကိစ္စတွေနဲ့ပတ် သက်တဲ့အပြင် သူက မန္တလေးဘဏ်တိုက်တခုမှာ အလုပ်လုပ်ခဲ့ဖူး လို့။ ကောလိပ်ဂျင်နေ၀င်းဆိုတာကေ တာ့ ကျောင်းသားမသမဂ္ဂတွေကလုပ်တဲ့ပွဲတော်တွေမှာ အားက စားသမားအဖြစ် သာမန်ပဲသိခဲ့ရပြီမှ ရန်ကုန်ကျနော်ရောက်လာတဲ့အခါ ဆရာဒဂုန်တာရာဆ်ီကို မကြာ ခဏသွားတော့ ဆရာတာရာနဲ့ အတူနေသူ ကိုနေ၀င်းနဲ့လဲ မကြာခဏတွေ့ဆုံမိကြလို့၊ ဒါရိုက်တာ ဦးသုခဆိုရင် ဦးလေး လူထုဦးလှနဲ့ မိတ်ဆွေ ရောင်းရင်း သူငယ်ချင်းတွေ ဖြစ်ကြလို့။ အဲသလို အကြောင်းအမျိုးမျိုးတွေနဲ့ သူတို့နဲ့ခင်မင်ရင်းနှီးနေခဲ့ကြတာဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ လုံးဝ မပတ်သက်ခဲ့ပါ ဘူး။

ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေနဲ့ သိကျွမ်းရင်းနှီးခဲ့ကြတာကလဲ ရုပ်ရှင်နဲ့ လုံးဝမပတ်သက်။ သူ့ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့တပည့်၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ့ရဲ့ ရှေ့တန်း ရဲဘော်ကြီးတဦးအဖြစ်နဲ့ ဆက်စပ် သိကျွမ်းလာခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို အပြင်မှာ “အရှင်လတ် လတ်” တွေ့မြင်ဖူးတာက မန္တလေးမှာကျင်းပတဲ့ မန္တလေးခြောက်ခရိုင် ပြည်တွင်းငြိမ်း ချမ်းရေးချီတက် ဆန္ဒပြပွဲကြီး (၁၉၆၃) မှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့လို့ပါပဲ။ အဲဒီတုန်းက အိမ်တော်ရာ ဆယ့်လေး ခန်း ဇရပ်ကြီးမှာ အဆုံးသတ်ဆုံရပ်အဖြစ် လူထုစည်းဝေးပွဲကြီး ကျင်းပပါတယ်။ မောင်မိုးသူက အခမ်း အနားမှူးလုပ်ပါတယ်။ ငြိမ်းချမ်းရေးလှုပ်ရှားမှုများမှာ ခုလိုပါဝင်တယ်ဆိုတာ မင်းသားကြီးအတွက် မလွယ်ပါဘူး။ အစိုးရက မုချငြိုငြင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဆရာကြီးမှိုင်းရဲ့ လက်ရင်း တပည့်အဖြစ်နဲ့ တသက်လုံး ဂုဏ်ယူနေထိုင် ကျင့်ဆောင်သွားခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်း မင်းသားထွန်းဝေဆိုတာ သရုပ်ဆောင်မှုကို အားကိုးတဲ့ “သဘာဝမင်း သားကြီး” တဦးဖြစ်ပါတယ်။ အထူးသဖြင့် မင်းသားထွန်းဝေနဲ့ မင်းသားမြတ်လေးတို့ဟာ “စကားပြော ကောင်းတဲ့ မင်းသားတွေ” အဖြစ်လဲ ထင်ရှားပါတယ်။ ဇာတ်ကားတကားမှာ “ဒုက္ခပါပဲ” ဆိုတာကို တလုံးချင်းပြောလိုက်တဲ့ သူ့အမူအရာဟာ ပရိတ်သတ်က စွဲစရာဖြစ်သွားပြီး သူ့ကို တုပပြောဆိုခဲ့ကြ တာကို ကျနော်သတိပြုခဲ့မိဖူးပါတယ်။ တကယ်တော့ သူဟာ မူလက သတင်းစာသမား၊ သတင်း ထောက်တယောက်ပါ။ “ဇင်မင်းပို” ခေါ် တရုတ်သတင်းစာရဲ့ သတင်းထောက်အဖြစ်နဲ့ မန္တလေးမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်တော့လဲ မန္တလေးမှာ အကြာကြီးနေခဲ့တာကြောင့် သူ့ကို မန္တလေးသားအဖြစ် ထင်မှတ်ကြတာတွေ့ရဖူးပါတယ်။ သူ ရုပ်ရှင်လောကကိုဝင်တော့ ကျနော်တို့ အလယ်တန်းကျောင်းသားအရွယ်လောက်ပဲ ရှိပါသေးတယ်။ သာဓုရဲ့ဝတ္ထု “တဇောက်ကန်း” ထင် တယ်။ တဇောက်ကန်းဝတ္ထုကို “ဗိုလ်မြဒင်” အမည်နဲ့ ရုပ်ရှင်ရိုက်တော့ မင်းသားထွန်းဝေကို ပရိတ်သတ် စွဲခဲ့ပါတယ်။ ကျနော်ကတော့ သာဓုဝတ္ထုကိုဖတ်ဖူးတာကြောင့် “တဇောက်ကန်း” ရုပ်ရှင်ကို မြင်းခြံ ရုပ်ရှင်ရုံတခုမှာ တမတ်တန်းကသွားတိုးပြီးကြည့်ခဲ့ဖူးတာကို သတိရနေပါတယ်။ နောက်တော့ မင်းသား ထွန်းဝေပါတဲ့ ရုပ်ရှင်ကားတွေဆိုရင် မလွတ်တမ်းလောက် ကြည့်ခဲ့ပါတယ်။ ၁၉၅၇ (အသက် ၃၇ နှစ်) မှာ အကယ်ဒမီရခဲ့တယ်။ အကယ်ဒမီ နှစ်ထပ်ကွမ်း ရဖူးခဲ့ပါတယ်။

ဦးထွန်းဝေဟာ သာမန်သတင်းထောက်တယောက်မဟုတ်ပါဘူး။ ဓာတ်ပုံဆရာဖြစ်လို့ ဓာတ်ပုံ သတင်းထောက် အဖြစ်လဲ လူသိများပြီး “ဓာတ်ပုံဆရာ” လို့ ခေါ်လောက်အောင် ကျွမ်းသူတဦးလဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တြာ ဖစ်ချင်လို့ ရုပ်ရှင်လောကနဲ့နီးစပ်သွားရာက ရုပ်ရှင်မင်းသားအဖြစ် ဒါရိုက်တာတွေက မျက်စိကျတာခံရပြီး ရုပ်ရှင်သရုပ်ဆောင်ဖြစ်သွားခဲ့ရတာလို့ သိရပါတယ်။ ကြေးစား ဓာတ်ပုံဆရာအဖြစ်နဲ့ လူထုစီးကရက် ကုမ္ပ ဏီ ပြက္ခဒိန်မျက်နှာဖုံးတွေဟာ ကိုထွန်းဝေရဲ့ လက်စွမ်းပြတွေ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အထူးအမှတ် တရဖြစ်ခဲ့ရတဲ့ ဓာတ်ပုံကတော့ “ကွမ်းအစ်တလုံး ယောင်တထုံး” နဲ့ ဒူးတဖက် ထောင်၊ တဖက်ချထိုင်နေတဲ့ အဖိုးသခင်ကိုယ်တော်မှိုင်းရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ကွမ်းအစ်တလုံး၊ ယောင်တထုံးနဲ့ ရင်ဖုံးအင်္ကျီ၊ ဖျင်ပငန်နီ နဲ့ ယောဂီပုဆိုး၊ မင်ကြောင်ထိုးနဲ့၊ အဖိုးက၀ိ ပညာရှိ” စတဲ့ တင်မိုးရဲ့လက်ရာမွန် “အဖိုးက၀ိ” ကဗျာဟာ ဓာတ်ပုံ ဆရာ မင်းသားထွန်းဝေရဲ့ လက်ရာမွန်ဓာတ်ပုံနဲ့ တွဲဖက်ဖြစ်ပါတယ်။ “တင်မိုး” က “ထွန်းဝေ” ရဲ့ ဓာတ်ပုံကို ကြည့်ရှု့ခံစားပြီး ကဗျာဖွဲ့ခဲ့တာပါ။ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ရန်ပုံငွေရှာဖို့ ပို့စကတ်ထုတ်တော့လဲ မင်းသား ထွန်း ဝေရဲ့ဓာတ်ပုံတွေနဲ့ ပေါ်ဦးသက်ရဲ့ ပန်းချီတွေကို အသုံးပြုခဲ့ပါတယ်။ ကျနော်က ကဗျာလေးရေးခဲ့ရလို့ ကိုထွန်းဝေနဲ့ ကျနော်နဲ့လဲ တွဲခဲ့ရတယ်လို့ အမှတ်တရဖြစ် ရပါတယ်။

ဦးထွန်းဝေက သူရဲ့ဘ၀ဖြစ်စဉ်ကို ကျနော့်ကို ပြောပြဖူးပါတယ်။ ကျနော်က နောင်မှာသူ့ အကြောင်း ကို ရေးမယ်ဆိုပြီး မှတ်စုလုပ်ထားပေမဲ့ အခုတော့ ရှာမရတော့ပါဘူး။ သူက တရုတ်ပြည်၊ ရှန်ဟိုင်း (သူ့အသံ ထွက်က “ရှန့်ဟိုင်” တဲ့) မှာ မွေးဖွား ခဲ့ပြီး တရုတ်ပြည်သူ့တပ်မတော်မှာ ငယ်စဉ်က အမှုထမ်းခဲ့ဖူးသတဲ့။ သူ့အစ် ကို အကြောင်း ကျနော့်ကို ပြောပြတဲ့ ၁၉၇၅-၈၀ ခုနှစ်အတွင်းလောက်မှာ အငြိမ်းစားဗိုလ်မှူးတယောက်အဖြစ် သက်ရှိထင်ရှား ရှိနေသေးသတဲ့။ နယ်စပ်မှာ တံတားဖြတ်ကျော်ခွင့် ငွေကျပ်တဆယ်ပေးပြီး သွားတွေ့တော့ ညီအစ်ကိုနှစ်ယောက် တယောက်ကို တယောက်ဖက်ပြီး အကြာကြီး ငိုကြွေးခဲ့ကြဖူးသတဲ့။ အဲ့ဒီမှာ သူ့ရဲ့ပထမအိမ်ထောင်က သမီးနဲ့လဲ အဆက်အသွယ်ရလို့ “ဘာလိုချင်သလဲ” မေးတဲ့ အခါ သမီးက တီဗွီတ လုံးဝယ်ချင်တယ်ဆိုတာနဲ့ ငွေးပေးခဲ့ဖူးကြောင်းလဲ ပြောပြပါတယ်။ ဒါပေမဲ့ ဒီသမီးက အဖေကိုတွေ့ရတာ ခင်မင် ပုံမရပဲ ဖုံးဆက်ပြီး ငွေတောင်းတာပဲ ခဏ ခဏလုပ်နေတော့တာပဲလို့ ညည်းညူရှာပါတယ်။ အဲဒီလို တရုတ်ပြည် ကို သွားခဲ့တုန်းက နေ့ချင်းပြန် ဆိုပြီး ငွေတဆယ်ပေးခဲ့ရတာ။ နေ့ချင်းပြန်မလာရင် အရေးယူခံရမယ် ဆိုပေမဲ့ အစ်ကိုကြီးနဲ့ တွေ့ရတာ ကြောင့် ဘာပဲဖြစ်ဖြစ်ဆိုပြီး မပြန်ဘဲ ရက်အတန်ကြာ နေခဲ့ရဖူးပါတယ်တဲ့။ စစ်မှုထမ်း တာကတော့ အဖေက အရွယ် ရောက်ရင် စစ်မှုထမ်းရမယ်ဆိုပြီးခိုင်းလို့တဲ့ မော်စီတုန်း တို့ရဲ့ ပြည်သူ့ တပ်မတော် မှာ စစ်မှုထမ်းတာပါ။

ဗမာပြည်မှာ ဦးထွန်းဝေနေခဲ့တာက “ပေါက်ခေါင်း” မှာတဲ့။ ဗိုလ်နေ၀င်းနဲ့ အိမ်းနီးချင်း။ လေးငါး အိမ်ခြားတယ်ဆို ထင်ပါရဲ့။ ဗိုလ်နေ၀င်းရော၊ ကိုထွန်းဝေရော တရုတ်ဗမာကပြားတွေပါ။ ကိုထွန်းဝေ က အဖေတရုတ်၊ အမေ ဗမာပါ။ အဖေက စစ်မှုထမ်းချေဆိုတော့က ဗမာပြည်ကနေ တရုတ်ပြည်ကို လွှတ်ပြီး စစ်မှုထမ်းခိုင်းတာပါ။ သူ့ကိုမွေးတုန်းက ရှန်ဟိုင်းမှာဆိုတော့ ငယ်စဉ်ဘ၀မှာ တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး တရုတ်မင်းသမီးကြီး “မေ့လန်ဖန်း” နဲ့လဲ အိမ်နီးချင်းနေခဲ့ရဖူးသတဲ့။ မေ့လန်ဖန်းက ဗမာပြည်က “အောင်ဗလ” လို ယောက်ျား မင်းသမီးပါ။ ကျနော်က တရုတ်ရုပ်ရှင်နဲ့ တရုတ်သတင်း ကားတွေမှာ မေ့လန်ဖန်းရဲ့ ရုပ်အမူအရာ၊ အသံအမူအ ရာတွေကို မြင်ဖူးလို့ “ဦးထွန်းဝေရဲ့အမူအရာဟာ မေ့လန်ဖန်းနဲ့တူသလို၊ အသံကလဲ တူတယ်” လို့ပြောမိတော့ “ကျနော်က မေ့လန်ဖန်းနဲ့ အိမ်နီးချင်းမို့ သူ့အမူအရာတွေကို စွဲခဲ့ဖူးတယ်” လို့ ပြန်ပြောဖူးပါတယ်။ မေ့လန်ဖန်းနဲ့ အိမ်နီးချင်းဖြစ်ခဲ့ဖူးတာက ကံကောင်းတယ်ဆိုရပေမဲ့ ဗိုလ်နေ၀င်းနဲ့ အိမ်နီးချင်းဖြစ်ခဲ့ရတာကတော့ ကံဆိုးတယ် လို့ ပြောရပါမယ်။

ဗိုလ်နေ၀င်းနဲ့ ဦးထွန်းဝေတို့က အိမ်နီးချင်းတွေဆိုတော့ လူပုဂ္ဂိုလ်ချင်းရင်းနှီးတယ်လို့ ဆိုရမှာပါ။ ဦးထွန်းဝေ နာမည်ကျော်ရုပ်ရှင်မင်းသားဖြစ်လာတော့ ဗိုလ်နေ၀င်းက တပည့်မွေးချင်ပုံရ ပါတယ်။ တခါတော့ လူပရိတ်သတ် ထဲမှာ သွားရင်းလာရင်း နဲ့ ဗိုလ်နေ၀င်းနဲ့ သူနဲ့ မျက်နှာချင်းဆိုင် တိုးမိသတဲ့။ ဒီတော့ ရင်းနှီးတဲ့အနေ နဲ့ “ဟေ့ … မောင်ထွန်းဝေ၊ အဆင်ပြေရဲ့လား။ အကူအညီလို တာရှိရင်လာပြော” လို့ လှမ်းပြောသတဲ့။ ဒီတော့ ဦးထွန်းဝေ က “အဆင်ပြေပါတယ်ခင်ဗျ” လို့ပဲ ပြန်ပြောလိုက်မိသတဲ့။ ဗိုလ်နေ၀င်းက ဒါမျိုးမကြိုက်ဘူး။ “ဟုတ်ကဲ့ခင်ဗျ။ ဗိုလ်ချုပ်ကြီးကို ကျနော်လာ တွေ့ပါမယ်ခင်ဗျ” လို့ ပျာပျာသလဲလုပ်မှ ကြိုက်တာတဲ့။ “အဆင်ပြေပါတယ်” လို့ဖြေလိုက်တာဟာ “အကူအညီမလိုပါဘူး” လို့ ငြင်းပယ်ရာကျတာကြောင့် ဗိုလ်နေ၀င်း စိတ်ခုသွားပုံရတယ်လို့ ဦးထွန်းဝေ က ပြောပြဖူးပါတယ်။ တကယ်တော့ ဦးထွန်းဝေနဲ့ ဗိုလ်နေ၀င်းက ပြဒါးတလမ်း၊ သံတလမ်း ဆိုရမှာပါ။ ဦးထွန်းဝေက “တရုတ်နီ” ကလာတာဆိုတော့ လက်ဝဲ၀ါဒတွေရဲ့ ဗီဇပါလာပုံရပါတယ်။ သူ ပထမဆုံး ဆရာတင်တာက ဦးသိန်းဖေမြင့်ပါ။ ဦးသိန်းဖေမြင့်က စာပေ၊ ရုပ်ရှင်၊ နိုင်ငံရေး – သုံးလောကနဲ့ အကျုံးဝင်သူပါ။ ဦးထွန်းဝေက ဦးသိန်းဖေမြင့်ကို အဲ့ဒီလို သုံးလောကရဲ့ ရှေ့တန်းပုဂ္ဂိုလ်ကြီးအဖြစ်နဲ့ လေးစားခင်မင်ပုံရပါတယ်။ အစိုးရအရာရှိများနဲ့ အရောတ၀င်နေတယ်လို့ မကြားရဖူးပါဘူး။ ငြိမ်းချမ်း ရေး လှုပ်ရှားမှုဆိုတာကလဲ အစိုးရက ကြိုက်တဲ့အလုပ်မျိုးမဟုတ်ပါဘူး။ ဦးထွန်းဝေက ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့အတူ တရုတ်ပြည်ကမ္ဘာ့ငြိမ်း ချမ်းရေးညီလာခံကို စကားပြန်အဖြစ်နဲ့လဲ လိုက်ပါဖူး ပါတယ် (၁၉၅၂ ခု)။ ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင် ကိုယ်တော်မှိုင်းကို ဆည်းကပ်ကိုးကွယ် တယ်ဆိုရင်လဲ အစိုးရဆန့်ကျင်သူ စာရင်းဝင်လိုဖြစ်လာပြီး ထောက် လှမ်းရေးက နောက်က လိုက်တာ ခံရတတ်ပါတယ်။ ဒီလိုနဲ့ ဦးထွန်းဝေဟာ ရုပ်ရှင်လုပ်ငန်းလုပ် ကိုင်ခွင့်နဲ့ တကွ သရုပ်ဆောင်ခွင့်ပါ ဆုံးရှုံးခဲ့ရပါတယ်။

ဦးထွန်းဝေ ရုပ်ရှင်လုပ်ငန်းလုပ်တော့ “ရန်ကင်းရုပ်ရှင်” လို့ ကုမ္ပဏီနာမည်ခံပါတယ်။ မြို့ထဲက ကုန်သည် လမ်းပေါ် မှာ တိုက်ခန်းတခန်းဝယ်ထားပြီး ရုံးခန်းဖွင့်ထားပါတယ်။ ရုပ်ရှင်ရုံးခန်းဟာ မန္တလေး သားတွေရဲ့ ဆုံရပ် တခုလိုဖြစ်လာပါတယ်။ မန္တလေးက ဆရာတော်ကိုပညာလာရင် အဲဒီမှာပဲ သတင်း သုံးပါတယ်။ ကိုထွန်းဝေက ဆွမ်းကွမ်းဒကာခံပါတယ်။ ရုံးခန်းကို သူ့လက်ထောက်တယောက်ထားပေမဲ့ ပထမအမြဲရုံးထိုင်သူက မန္တလေးက မြန်မာ့ရိုးရာပန်းချီဒီဇိုင်းဆရာ ဦးအေးမြင့် ဖြစ်နေပါတယ်။ ၀င်းဖေ၊ ပေါ်ဦးသက်စတဲ့ မန္တလေးပန်းချီ ဆရာအုပ်စု၊ မြို့မစန္ဒရားဆရာသိမ်းမောင် စတဲ့ မန္တလေးဂီတအုပ်စု၊ မောင်မိုးသူ၊ တင်မိုး၊ မောင်စွမ်းရည် စတဲ့ မန္တလေးစာပေအုပ်စုတွေဟာ ရန်ကင်းရုပ်ရှင်မှာပဲ ဆုံလေ့ရှိပါ တယ်။ အဲဒီမှာ ကျားထိုးသူထိုး ကြပါတယ်။ အချိန် တန်ရင် မျက်စောင်းထိုးရှိ ချစ်တီးထမင်းဆိုင်ကို သွားစားကြပါတယ်။ ကိုထွန်းဝေက အများစားဖို့ သွားရေစာ ၀ယ်တဲ့အခါ ၀ယ်လာတတ်ပါတယ်။ တယောက်နဲ့တယောက် မှာစရာရှိတာတွေကို ရန်ကင်းရုပ်ရှင် မှာပဲ မှာကြား ထားခဲ့တတ်ပါတယ်။ ရေမိုး ချိုးချင်လဲ ရပါတယ်။ ကျနော်က ကျနော့်ရုံးဖြစ် တဲ့ ခြောက်ထပ်ရုံးနဲ့ သိပ်မဝေးလှလို့ အားတိုင်းရောက်ပါ တယ်။ မန္တလေးက ကျူရှင်ဆရာတွေနှင့်လဲ ဆုံတတ်လေရဲ့။ အားလုံးက သူ့ကို “လေးလေး” လို့ခေါ်ကြပါတယ်။

ဦးထွန်းဝေရဲ့ အိမ်က “ပြည်သာယာဘောက်ထော်” ဘက်မှာပါ။ သူ့အိမ်ဝင်းမှာ အုတ်နံရံကာ ထားပြီး၊ အတွင်း ဘက်က တိုက်ကပ်ပင်လေးတွေ စိုက်ထားပါတယ်။ ဂိတ်ပေါက်ကို တရုတ်ပုံစံ အ၀ိုင်းကြီးလုပ်ထားပါတယ်။ ဧည့်ခန်းမှာ ပန်းချီကျော်တွေရဲ့ လက်ရာတွေ ချိတ်ထားပါတယ်။ အိမ်ဝင်း ထဲမှာ ကျောက်စရစ်အလုံးလေးတွေ ခင်းထားပါတယ်။ ဧည့်ခံပွဲလုပ်ရင် လူ ၁၀၀၊ ၁၅၀ တော့ ဆံ့မယ် ထင်ပါတယ်။ ဦးလေး လူထုဦးလှဆုံးပြီးစ ဒေါ်ဒေါ် လူထုအဒေါ်အမာရန်ကုန်ဆင်းလာတော့ အဲဒီခြံထဲ မှာ ဧည့်ခံပွဲလုပ်ပြီး “လူထုဦးလှ အမှတ်တရဂုဏ်ပြုပွဲ” တခုလုပ်ဖူးပါတယ်။ အဲဒီရပ်ကွက်ထဲမှာ ပန်းချီ ၀င်းဖေ၊ သားဂျာနယ်ကျော် မိုးဟိန်းနဲ့ ကာတွန်းမြင့်သိန်းတို့ အိမ်တွေရှိပါတယ်။ အဲဒီအိမ်တွေကို ကျနော်လည်ပတ်လေ့ရှိပေမယ့် ကျနော်နေတဲ့ ကမာရွတ် နဲ့ ဝေးလွန်းေ တာ့ ရောက်ခဲပါတယ်။ ဒါပေမယ့် သားဂျာနယ်ကျော်မိုးဟိန်းရဲ့သမီးနဲ့ ဗန်းမော်တင်အောင် တို့ရဲ့သားတို့ ကို မြန်မာစာ ကျူရှင်ပြပေးရတော့ တပတ်နှစ်ရက်ရောက်သွားတတ်ပါတယ်။ ဦးထွန်းဝေရဲ့အိမ်ကတော့ လမ်းကြုံ လို့ ထွက်ခလုတ် ၀င်ခ လုတ်ပါပဲ။ ဦးထွန်းဝေရဲ့အိမ်နဲ့ တစ်ခေါ်တောင်မဝေးတဲ့ အရှေ့ဖက်နားမှာ ဦးထွန်းဝေရဲ့ အလုပ်ရုံရှိပါ တယ်။ အသွားအပြန် ဦးထွန်းဝေကိုမြင်တိုင်း ၀င်သွားလေ့ရှိပါတယ်။ အဲ့ဒီမှာ ခြင်ဆေးခွေ (ဆင်ဖြူတော် တံဆိပ်) နဲ့ မြေဖြူတွေ ထုပ်လုပ်ပါတယ်။ ကျနော့်အိမ်မှာ ကလေးရှိလို့ဆိုပြီး ခြင်ဆေးခွေ မပြတ်ေ အာင် ပေးလေ့ရှိပါတယ်။

ဦးထွန်းဝေက နိုင်ငံရေးကို မျက်ခြေမပြတ်သူပါ။ တရုတ်ဘာသာနဲ့ နိုင်ငံရေးစာအုပ်တွေနဲ့ သမိုင်းစာအုပ်တွေ ကိုလဲ ဖတ်ပါတယ်။ တရုတ်ဆေးကျမ်းတွေလဲ လေ့လာပါတယ်။ ကျနော့်မှာ ဆီး ကျောက် တည်ရောဂါဖြစ်တယ် ဆိုတော့ တရုတ်ဆေးတွေ ၀ယ်ပေးဖူးပါတယ်။ ဆေးဗူးမှာ ပုံပါတယ်။ ဆေးရွက်ကလေးတွေက ထုတ်လုပ်တာလို့ သူကပြောပါတယ်။ သံမနိုင်ကျောက်မနိုင် ဆေးပြားနဲ့တူပါ တယ်။ သူကိုယ်တိုင်ကတော့ လမ်းလျှောက်တယ်။ အစားအသောက် အလွန်ဆင်ခြင်ပါတယ်။ ဒါပေ မယ့် ဆေးလိပ် (စီးကရက်) အလွန်သောက်ပါ တယ်။ ဖြတ်ဖို့ကြိုး စားပေမယ့် နည်းနည်းတော့ သောက် နေတာပါပဲ။ မန္တလေးကို လူထုဒေါ်အမာမွေးနေ့တိုင်း ကျနော်တို့သွားကြေ တာ့ ကိုထွန်းဝေနဲ့ အမြဲဆုံရပါ တယ်။ သူက သခင်သိမ်းမောင် (၀ါးခယ်မ)၊ သခင်အုန်းမြင့်၊ လေထီးဦးအုန်းမောင် စတဲ့ဆရာသခင် ကိုယ်တော်မှိုင်းရဲ့တပည့် နိုင်ငံရေးသမားတွေနဲ့အတူ ဆုံလာလေ့ရှိပါတယ်။ ဦးထွန်းဝေဟာ လူထုဒေါ်အမာကို ချစ်ခင်လေးစားသူဖြစ်ပါတယ်။ လူထုတိုက်ကိုသွားရင် ဒေါ်ဒေါ့်ရှေ့မှာ ဦးထွန်းဝေ ဟာ မောင်ငယ်လေးလိုပါပဲ။ ဒေါ်ဒေါ်က “ကိုထွန်းဝေ… ရှင် …ဆေးလိပ် မပြတ်သေးဘူးလား။ အပြတ်ဖြတ် လိုက်ပါ” စသဖြင့် ခပ်ငေါက်ငေါက် ပြောလေ့ရှိပါတယ်။ ဒီအခါ ဦးထွန်းဝေဟာ မျက်နှာငယ်လေးနဲ့ “ဟုတ်ကဲ့ …ဒေါ်ဒေါ်” ဆိုပြီး ခေါင်းငုံ့ခံပါတယ်။ ကျနော့်ဦးလေးအရွယ် အဖေအရွယ်လို့ဆိုနိုင်တဲ့ မင်းသားကြီးဟာ “အမကြီးရှေ့က မောင်ငယ်လေးသဖွယ်” တွေ့ရတော့ ကရုဏာသက်စရာကောင်း တဲ့အပြင် မောင်နှမတွေ့ ဆုံခန်းလေးအဖြစ်နဲ့လဲ ကြည်နူးစရာကောင်းလှပါတယ်။

တောင်သမန်အင်းစောင်းက ဆရာတော်ကိုပညာရဲ့ ကျောင်းဟာ ဗမာပြည်တပြည်လုံးက အနုပညာရှင်တွေရဲ့ စုရပ်တခုဖြစ်ပါတယ်။ မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ အင်းဝ စတဲ့ အနယ်နယ်အရပ် ရပ်က စာရေးဆရာ၊ ပန်းချီဆရာ စတဲ့အနုပညာရှင် တွေဟာ မန္တလေးကိုရောက်ရင် တောင်သမန်အင်း က တောင်လေးလုံးဆရာတော်ဦး ပညာရဲ့ ကျောင်း ကို မရောက်ဘဲမနေပါဘူး။ ဦးထွန်းဝေ မန္တလေး ရောက်ရင်လဲ ကိုပညာကျောင်းကို မရောက်မရှိပါဘူး။ ပစ္စည်းလေးပါး ဒါယကာလိုဖြစ်နေပါတယ်။ တောင်လေးလုံးကျောင်းထဲက ဘုရားကျောင်းကန်ဇရပ်တွေ ပြင်စရာ၊ ထုံးသင်္ကန်းကပ်စရာ စသည်လို အပ်တာတွေရှိရင်လဲ ဦးထွန်းဝေက ဒကာခံတတ်ပါတယ်။ ဒေါ်ဒေါ် လူထုဒေါ်အမာမွေးနေ့၊ ဒေါက်တာ သန်းထွန်းမွေးနေ့ စသဖြင့် ကြုံကြိုက်ရင် အနယ်နယ်အရပ်က စာပေအနုပညာရှင်သမားတွေဟာ တခြားနေရာမှာ ဆုံခွင့်မကြုံကြိုက်လို့ ဒီနေရာလေးမှာပဲ အေးအေးဆေးဆေး ဆုံလေ့ရှိပါတယ်။ တောင် သမန်အင်းနဲ့ တောင်သမန်တံတားတို့လဲရှိတော့ ပတ်ဝန်းကျင်ကလဲသာယာတာမို့ ဆုံရပ်ကောင်း လေးဖြစ်နေတာကြောင့် ဦးထွန်းဝေ သဘောကျတဲ့နေရာလေးတခုပါပဲ။

ရန်ကုန်မှာလဲ ဆရာမင်းသုဝဏ်ရဲ့မွေးနေ့ အထိမ်းအမှတ်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိခဲ့ပါတယ်။ မွေးနေ့မတိုင်ခင် ဆရာ့အိမ်ကို ကျနော်က ကြိုတင်သွားပြီး “ဆရာ … ဘာစီစဉ်မလဲ၊ ဘာလုပ် ပေးရမလဲ” သွားမေးလေ့ရှိပါတယ်။ မန္တလေး စာရေး ဆရာများ (နိုး၊ မိုး၊ နွမ်း … စသည်) နဲ့ ဆရာရုံးက တပည့် တချို့စုပေါင်းပြီးတော့လဲ ကန်တော့လေ့ရှိပါတယ်။ ဆရာမင်းသုဝဏ်ကတော့ မင်းက မြို့ထဲသွားပြီး “ဗျိုးဟစ်ပေးကွာ” လို့ ခိုင်းလေ့ရှိပါ တယ်။ ကျနော်က (၃၃) လမ်းကိုသွားပြီး ဖိတ်ရင် အကုန်လုံးဖိတ်ပြီး သားဖြစ်ပါတယ်။ ဆရာမင်းသုဝဏ် မမေ့မလျော့မှာလေ့ရှိတာက “တို့ တရုတ်သတင်းထောက်ကလေး ကိုလဲ ဖိတ်ဖြစ်အောင် ဖိတ်ပေးပါကွာ” တဲ့။ ဆရာနဲ့ ဦးထွန်းဝေ ဘယ်လိုဆက်စပ်နေမိကြသလဲ မစူးစမ်း ခဲ့မိပါဘူး။ တရုတ်သတင်းထောက်ကလေးဆိုတာ ဦးထွန်းဝေကိုပဲ ဆိုလိုတာဖြစ်ပါတယ်။ “ဟိုကွာ …၊ ရုပ်ရှင်မင်းသားဖြစ်သွားတဲ့ ဓာတ်ပုံသတင်းထောက်ကလေး ကွာ။ ဖိတ်ဖြစ်အောင် ဖိတ်ပေးပါ” တဲ့။ ကျနော်က ဦးထွန်းဝေကို ဖိတ်ပေးဖို့တာဝန်ကို နှစ်စဉ်ယူခဲ့ရပါတယ်။

ဦးထွန်းဝေဟာ ရှစ်လေးလုံးအရေးတော်ပုံမှာတော့ လူထူရှေ့ကို ထွက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လူထုရှေ့မှောက်ကိုထွက်တဲ့ ရွှေတိဂုံကုန်းတော် တရားပွဲနဲ့ ဒေါ်ခင်ကြည်ရဲ့ ဈာပနအခမ်းအနားတို့မှာ ဦးထွန်းဝေက ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကိုကြီးသဖွယ် ရှေ့က မားမား ရပ်ပြီး သဘာပတိအဖြစ်ဆောင် ရွက်ခဲ့ပါတယ်။ ပြည်သူများနဲ့ ဒီမိုကရေစီသမားများက မင်းသားကြီးကို ပိုမိုချစ်ခင်လေးစားလာသလောက် အစိုးရကေ တာ့ ပိုမိုငြိုငြင်လာခဲ့ပါတယ်။ ကျနော်နဲ့တော့ ပိုမိုရင်နှီး လာခဲ့ပါတယ်။ မင်းသားကြီးဟာ နိုင်ငံရေးေ လာ ကထဲကိုတော့ ၀င်မလာခဲ့ပါဘူး။ သူ့မွေးနေ့မှာတော့ ဒေါ်အောင်ဆန်း စုကြည်က တဦးတည်းသွား ကန်တော့ခဲ့ပါ တယ်။သူ့မွေးနေ့ရယ်လို့ မင်းသားကြီးက အထူးမလုပ်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးသူတွေ ဆိုပြီး ဆရာမြသန်းတင့်၊ တင်မိုး၊ ပန်းချီယဉ်မင်းပိုက်နဲ့ မောင်စွမ်းရည် – လေးဦးတည်းကိုပဲ ဖိတ်ပြီး အထူးဧည့်ခံပါတယ်။ ကျနော်တို့အထဲက တင်မိုးထောင် ကျနေတော့ ဦးထွန်းဝေက တင်မိုးအိမ်ကို လစဉ်မှန်မှန်သွားပြီး “သမီးတို့ဘာလိုသလဲ” လို့ အမြဲသွား ရောက်မေးမြန်း စောင့်ရှောက်ခဲ့ပါတယ်။

ဦးထွန်းဝေ အထူးနှစ်သက်တဲ့ အစားအစာတခုကတော့ ဒူးရင်းသီးပါ။ တခါတော့ ဘကြီးမှိုင်း အိမ်က အစည်းအေ ၀း အပြီးမှာ ဒူးရင်းသီးအကြောင်း စကားစပ်မိပါတယ်။ “အိမ်မှာဒူးရင်းသီးတွေ သားကပို့လိုက်တာရှိတယ်” ဆိုတော့ အူရာဖားရားနဲ့ လိုက်ယူပါတယ်။ သုံးလုံးရှိတာကို နှစ်လုံးပေး လိုက်တော့ “ဟာဗျာ အများကြီးမှတ်လို့ လိုက်လာတာ” ဆိုပြီး အတော်စိတ်ပျက်သွားဖူးပါတယ်။ ဒူးရင်းသီးပေါ်တုန်းပေါ်ခါဆိုရင် ဒူးရင်းသီးတွေကို ဆယ့်လေးငါးလုံးကားပေါ်တင်ပြီး သွားလေရာကို သယ်ယူသွားရင်း စားလေ့ရှိပါသတဲ့။ ကျနော်တို့ကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့အိမ်မှာ လစဉ်၊ ပထမပတ်ရဲ့ စနေ့နေ့တိုင်း ဆရာကြီးသခင် ကိုယ်တော် မှိုင်းနဲ့ ဂေါပကအဖွဲ့ (ဂူဗိမာန်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ) စည်းဝေးပါတယ်။ မူလကတော့ အဖွဲ့အကြီးကြီး ပါ။ သက်ကြီးဝါကြီးတွေက တဖြည်းဖြည်း ကွယ်လွန်ကုန်ကြတော့ ကျနော်က အငယ်ဆုံးတေ ယာက် အဖြစ်နဲ့ ပါဝင်လာရပါတယ်။ ဂူဗိမာန်အတွက် ကုန်ကျငွေအပြင် ဆရာကြီးရဲ့စာပေ နဲ့ နေအိမ်စောင့်ေ ရှာက် ရေး ကိစ္စတွေပါ လစဉ်ဆွေးနွေးကြရပါတယ်။ (ထောက်လှမ်းရေးလဲ လစဉ်လာလေ့ရှိပါတယ်) အစည်းအဝေးမှာ ဦးထွ န်းဝေက တခါတခါ စားစရာယူလာလေ့ရှိပြီး၊ တခါတခါ လက်ဖက်ရည်ဆိုင်ကို အမှုဆောင် တဖွဲ့လုံးခေါ်သွားပြီး ကော်ဖီ၊ လက်ဖက်ရည် မုန့်များနဲ့ ကျွေးမွေး ဧည့်ခံလေ့ရှိပါတယ်။ ရှစ်ဆယ်ခုနှစ်များ အတွင်းမှာတော့ ဦးထွန်းဝေ ဆေးလိပ်ပြတ် သလောက်ဖြစ်နေပါပြီ။ အစည်းအဝေး မှာ ဆေးလိပ်လုံး ၀မ သောက်တော့ပါဘူး။ တခါတရံ ကိုသာနိုး၊ တင်မိုင်းနဲ့ ကျနော်တို့ရှိရာ “ စနေစာပေ၀ိုင်း” (အစ က သောကြာဝိုင်း) ရှိရာ ဘီအိုစီကောလိပ် လက်ဖက်ရည်ဆိုင်ကိုလဲ ဦးထွန်းဝေ မျက်စိလည်လာတတ်ပါ တယ်။ ဦးထွန်းဝေက မြေပဲယိုလို စားစရာလေးတွေယူလာတတ်ပါတယ်။ ကိုသာနိုးကတော့ ဦးထွန်းဝေကို “ကိုထွန်းဝေ” လို့ပဲ ခေါ်လေ့ရှိပါတယ်။ ကျနော်တို့ကသာ ဦးထွန်းဝေလို့ ပြောင်းလဲခေါ် နေကြတာပါ။ တခါတလေတော့ “မင်းသားကြီး” လို့ခေါ်ပြီး၊ တခါတရံ “လေးလေး” လို့ ခေါ်ကြပါတယ်။

ဦးထွန်းဝေဟာ စာပေ၊ ပန်းချီ၊ ဓာတ်ပုံစတာတွေကို ၀ါသနာပါပါတယ်။ ဒါကြောင့် စာပေသမား တွေ၊ အနုပညာသမားတွေ အနားမှာ တရစ်ဝဲ၀ဲရှိနေတတ်ပါတယ်။ ဒီလူတွေဟာ လွတ်လွတ်လပ် လပ် ပြောဆိုနေ ထိုင်တတ်သူတွေ၊ ဒီမိုကရေစီသမားတွေချည်းပဲဆိုတာ အစကတည်းကသိရှိခဲ့ပြီးသားဖြစ် လို့ အစိုးရက ငြိုငြင်ခံရသူတွေဆိုတာလဲ သူသိပါတယ်။ သူလဲ ဒီလိုလူတွေနဲ့ ပေါင်းသင်းလို့၊ ဒီလူတွေနဲ့ အတူ ဒီမိုကရေစီသ မားဖြစ်လို့ တနေ့နေ့မှာ အစိုးရနဲ့ ထိပ်တိုက်ဖြစ်မယ်ဆိုတာသိပါတယ်။ သူဟာ ပါးနပ်ထက်မြက်သူပါ။ ဒါကြောင့် ခြင်ဆေးခွေနဲ့ မြေဖြူ ထုတ်လုပ်ရေးလုပ်ငန်းတွေကို မိသားစုလုပ်ငန်း အဖြစ် တဖက်က အစောင် အရန်လုပ်ထားခဲ့တာပါ။ ဒါကြောင့်လဲ အစိုးရက သူ့ကို ရုပ်ရှင်လုပ်ခွင့်မပေး တော့လဲ စီးပွားရေးအခြေအနေ မပျက်ခဲ့တာပါ။ စစ်တပ်မဂ္ဂဇင်းဖြစ်တဲ့ မြ၀တီမဂ္ဂဇင်းမှာ စာရေးဆရာ တယောက်က “အကယ်ဒမီကိုလွန်းပွေ” ဆိုပြီး တိုက်ခိုက်ရေးသားခဲ့ဖူးပါတယ်။ ကျနော်တို့သိရသ လောက်တော့ မင်းသားကြီးဟာ အနုပညာသိက္ခာ၊ ကိုယ်ကျင့်သိက္ခာ မပျက်ခဲ့ပါဘူး။ ၂၀၀၅ ခုနှစ် သူကွန်လွန်ချိန် အသက် (၈၀) ကျော်အရွယ်အထိ ဒီမိုကရေစီဘက်က၊ ပြည်သူ့ဘက်က သွေဖည်ပြီး စစ်အစိုးရကို မျက်နှာချို သွေးခဲ့တာမျိုး မရှိခဲ့ပါဘူး။

ဦးထွန်းဝေဟာ ဦးနေ၀င်းလို့ ထိပ်တန်းကြီးကို ချဉ်းကပ်ခဲ့ရင် သည့်ထက် ကြီးပွားမှာပါ။ ဒါပေမယ့် ပြည် သူ့အနုပ ညာရှင်တွေကို ဘယ်တော့မှ ကျောမခိုင်းခဲ့ဘဲ ဒီမိုကရေစီသမား အနုပညာရှင် တွေကို အရိပ်တကြည့် ကြည့် နေခဲ့ပါတယ်။ သူကွယ်လွန်သည်အထိ ယူသွားတဲ့တာဝန်က ငြိမ်းချမ်းရေး ဖခင်ကြီး သခင်ကိုယ်တော် မှိုင်း ဂေါပကအဖွဲ့ဝင်အမှုဆောင်တယောက်အနေနဲ့ ပါဝင်ဆောင်ရွက်သွား ခဲ့တာပဲ ဖြစ်ပါတယ်။ သူကွယ်လွန်ေ တာ့ ကျနော်က ပြည်ပရောက်နေလို့ နောက်ဆုံးဂါရ၀ မပြုလိုက်ရ တာ ၀မ်းနည်းမိပါတယ်။ သူ့ဈာပနကော်မီ တီမှာ ကျနော်ပါဝင်ခွင့်ကြုံခဲ့ရင် သူ့ရဲ့ဂူမှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ဂူဗိမာန်က “ဒေါင်း၊ ချိုးဖြူ၊ တူတံဇဉ်နဲ့ စာအုပ်” ဆိုတဲ့ တံဆိပ်အမှတ်အသား “လေးခု” အနက် “ချိုးဖြူ” တံဆိပ်ပုံတူတခုကို ကူးယူပြီး ဆင်သပေးလိုက်ချင်ပါတယ်။ ကျနော် ဗမာပြည်ပြန်ခွင့်ရ ရင် ဦးထွန်းဝေရဲ့ဂူကို သွားဖြစ်အောင်သွားပြီး ဂါရ၀ပြုပါမယ်။ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေတ ယောက် ရောက်ရာဘ၀မှ လွတ်လပ်ငြိမ်းချမ်းတဲ့ အနုပညာရှင်ဖြစ် ရပ်တည်နိုင်ပါစေသတည်းလို့ ဆုတောင်းလိုက်ပါတယ်။

….. …. ….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts