>Phyu Phuy Thin – Contemporary politics from youth perspective (12)

>

လူငယ်တို့ရဲ့ နိုင်ငံရေးကောင်းကင်သစ် (၁၂)
ဖြူဖြူသင်း
မေ ၁၁၊ ၂၀၁၁

ဒီရက်ပိုင်း ကျမဆီကို နိုင်ငံရေးကို အနည်းငယ်စိတ်ဝင်စားပြီး ထဲထဲဝင်ဝင်မသိကြတဲ့ လူငယ်တွေ အတော်များများ ရောက်လာကြပါတယ်။ ရောက်လာတော့လည်း မဲဆွယ်စာရွက်ကလေးတွေ ကိုယ်စီကိုင်ပြီး ရောက်လာတာပါ။ သူတို့က ခွပ်ဒေါင်းစာရွက်တရွက်နဲ့ ခမောက်စာရွက်တရွက် ယူလာပြီးတော့ ခမောက် ပေးရမလား၊ ခွပ်ဒေါင်း ပေးရမလား လို့ ကျမကိုမေးတော့ ကျမလည်း အတန်သင့်ရှင်းပြတော့ သူတို့လည်း အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်သွားကြပါတယ်။
ကျမ ရှင်းပြတာက ခမောက်ဟာ အန်အယ်လ်ဒီမဟုတ်ဘူး။ ခွပ်ဒေါင်းဟာလည်း မင်းကိုနိုင်တို့အဖွဲ့ မဟုတ်ဘူးဆိုတာလောက်သာ ပြောပြတာပါ။ ကျန်တဲ့ဟာတွေကိုတော့ ကျမ မရှင်းပြတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံရေးကို စိတ်ဝင်စားစပြုနေတဲ့ လူငယ်တွေ နိုင်ငံရေးကို စိတ်ကုန်သွားမှာစိုးလို့ပါ။ ဒါနဲ့တဆက်စပ်တည်း စဉ်းစားမိတာက ကျမသာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးလုပ်မယ်ဆိုရင် အမှီခိုကင်းကင်း လွတ်လွတ်လပ်လပ် လုပ်မှာပါ။ ပါတီနာမည် ရွေးတာကအစ နောက် ပါတီအမှတ်တံဆိပ်တွေကိုပါ အသစ်လုပ်မှာပါ။ မိမိယုံကြည်ရာကိုလုပ်ရာမှာ အမှီခိုကင်းဖို့ လိုအပ်တယ်လည်း ယူဆပါတယ်။ ပြည်သူတွေကို ထင်ယောင်ထင်မှား ဖြစ်စေမယ့်ဟာမျိုး မလုပ်သင့်ဘူး လို့လည်း ထင်ပါတယ်။ 

ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ပြည်သူတွေဟာ ရိုးသားအေးဆေးပြီး နိုင်ငံရေးမှာ သိပ်ပြီး ပါဝင်ပတ်သက်မှု နည်းကြသလို ကြောက်လည်း ကြောက်တတ်ကြပါတယ်။ ဒါပေမယ့်လည်း သူတိုတွေဟာ လွတ်လပ်ချင်ကြတာ သေချာပါတယ်။ ဒါကြောင့်လည်းပဲ ကျမတို့ ၁၉၉၀ ရွေးကောက်ပွဲက အသုံးပြုခဲ့တဲ့ ခမောက်တံဆိပ်မြင်လိုက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲ ပါလာသလိုလို၊ ခွပ်ဒေါင်းကိုမြင်တော့ ကိုမင်းကိုနိုင်တို့ကိုများ ထောင်ထဲက လွှတ်ပေးလိုက်ပြီးတော့ ပါတီထောင် ဝင်ပြိုင်သလားဆိုတာတွေ တွေးထင်ပြီးတော့ ထင်ယောင်ထင်မှားတွေ ဖြစ်နေကြတာပါ။ 
တကယ်ဆို ပြည်သူကို လှည့်ဖျားတာဟာလည်း နိုင်ငံရေးပြစ်မှုကြီး ကျူးလွန်နေတယ်လို့များ မသိလေသလား။ ဒါမှမဟုတ် ဒီလိုလုပ်တာ နိုင်ငံရေးရယ်လို့များ ထင်မှတ်နေကြသလားတော့ မသိပါဘူး။ တကယ်ဆိုရင် ဒီဟာက အလှည့်ပြောင်းလို့ ပြောနေသူများအတွက်ဆို ပိုပြီးတော့တောင် ကင်းကင်းလွတ်လွတ် လုပ်သင့်ပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကောင်းသော အပြောင်းလဲဖြစ်စေ၊ ဆိုးသော အပြောင်းလဲဖြစ်စေ ကိုယ်က လုပ်လိုက်တာဆိုတဲ့ သမိုင်းကြီးတခုကိုပါ ဖန်တီးရတာဆိုတော့ ကောင်းမွေ ဆိုးမွေတွေကို အကုန်ခံစားရမယ့်အချိန် ဖြစ်နေလို့ပါ။ ဒါပေမယ့် လူငယ်တွေကတော့ မသိတဲ့လူကလည်း အထက်ကပြောသလိုလေ အားကိုးအားထားရှာကြသိတဲ့ လူငယ်တွေကျတော့လည်း ဒေါသဖြစ်ကြ၊ စိတ်ဆိုးကြဖြစ်ကုန်ကြပါတယ်။
ဒါကြောင့် နိုင်ငံရေးကို ရိုးသားစွာမလုပ်ကြရင် ပြည်သူလည်း ဝေဝါးပါလိမ့်မယ်။ သိသူတွေကလည်း အမျက်ဒေါသသင့်တာကို ခံရစရာရှိပါတယ်။ ဒီလိုဖြစ်ရပ်နဲ့ပတ်သက်ပြီး လူငယ်တယောက်က “ရန်ကုန် တောင်ပိုင်းခရိုင် သုံးခွမြို့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အယောင်ပြပြီး၊ လှည့်ဖျားပြီး စည်းရုံးနေတဲ့ NDF (ခေါ်) အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက လူငယ်တွေရော၊ လူကြီးတွေက နေပြီးတော့ ကျွန်တော်တို့ သုံးခွမြို့နယ်မှာရှိတဲ့ ကိုတင့်လွင် ခေါ် ဖိုးချို (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) က လိုက်လံပြီးစည်းရုံးနေတဲ့ အနေအထားမှာ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတူတူပါပဲ၊ ကျွန်တော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါပဲ၊ အတူတူပဲဆိုပြီး လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် လိုက်လံစည်းရုံးနေပါတယ်။ ဒါကို ကျွန်တော်တို့က စိတ်မချမ်းမသာ ဖြစ်တယ်ဗျာ။ 
ဒါကို မကျေနပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ဒါကို မျက်နှာထောက်ဖို့ ကောင်းတယ်။ အလွဲသုံးစား လုပ်တာမျိုးတော့ မကောင်းဘူးလို့ ကျွန်တော်တို့က မြင်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ပြည်သူပြည်သားတွေကလည်း အတုအယောင်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ နိစ္စဒူဝ ဒါကို ပြန်လည် ရှင်းပြနေရတယ်။ ဒီ အတုအယောင်ဖြစ်တယ် ဆိုတာကို သိသွားတဲ့အချိန်မှာ ဒီစာရွက်တွေကိုလွှတ်ပစ်ပြီး၊ ဆွဲဖြဲကြတယ်ဗျာ။ ကျွန်တော်တို့မျက်ဝါးထင်ထင်ပဲ၊ ကျွန်တော်တို့က မြို့နယ်အနေနဲ့ရော၊ မြို့သူမြို့သားတွေအနေနဲ့ကလည်း မကျေမချမ်း ဖြစ်နေကြတာပဲ” လို့ ဆိုပါတယ်။ 
“ဒီလိုအပြောဆိုမျိုးကို ကျမအနေနဲ့ ထိမ်းသိန်းစေချင်ပေမယ့်လည်း လူငယ်ဆိုတာ လူငယ်ပီပီ ပေါက်ကွဲတတ်လေတော့ ဒီလူငယ်ကို ကျမဆီ ရင်ဖွင့်ပြီးတာနဲ့ ဒီလောက် စိတ်မဆိုး ဒေါသမဖြစ်စေဖို့ကို ပြောပြရှင်းပြရပါသေးတယ်။ ဒါပေမယ့်လည်း ဒီလိုဖြစ်အောင်လုပ်သူတွေ ကာယကံရှင်တွေလည်း နောက်နောင် ထိန်းသိမ်းသင့်တယ်လို့ ကျမထင်ပါတယ်။ နိုင်ငံရေးမှာက ရိုးသားမှုရှိမယ်ဆိုရင် မှားတာတောင် လူထုက အထူးသဖြင့် လူငယ်ထုက ခွင့်လွှတ်အုံးမှာပါ။ ဒီလိုမှမဟုတ် ရိုးသားမှုကလည်း မရှိ၊ လုပ်ကိုင်ဆောင်ရွက်တဲ့ နိုင်ငံရေးကလည်း မမှန်ကန်ဘူးဆိုရင်တော့ နိုင်ငံရေး စင်မြင့်ကနေ ပြည်သူက ဆွဲချပါလိမ့်မယ်။ သမိုင်းမြောင်းထဲ မျောပါစီးဆင်းသွားပါလိမ့်မယ်။
နောက်တခုက ပြည်သူတွေ၊ နိုင်ငံရေးစိတ်ဝင်စားသူ လူငယ်တွေက ဒီလိုလုပ်တာဟာ နိုင်ငံရေး ဒီလိုပြောမှ၊ ဒီလိုဟန်ဆောင်မှ နိုင်ငံရေးလို့ ထင်မှတ်မှားကုန်ပါလိမ့်မယ်။ ဒီလိုဆိုရင် သမိုင်းနဲ့ချီတဲ့ အမှားမျိုးစေ့ ချမှတ်ပေးသူများအဖြစ် မှတ်တမ်းတင်ခြင်း ခံရပါလိမ့်မယ်။ လူအများကလည်း နိုင်ငံရေးနဲ့ ပတ်သက်ရမှာကို ကြောက်တာထက် ရွံစရာကြီးတခုလို မြင်လာရင် မကောင်းပါဘူး။ ကျမတို့ ခေတ်အဆက်ဆက်က လုပ်လာတဲ့နိုင်ငံရေးမျိုးတွေကို ရှောင်ကျဉ်သင့်ပြီလို့ ထင်ပါတယ်။
ဒီလိုအဖြစ်ပျက်တွေကြောင့်၊ ဒီလိုလုပ်ဆောင်မှုတွေကြောင့် ဘကြီး ဘဖေ က နိုင်ငံရေးဟာ ငရဲကြီးတယ်လို့ဆိုတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောသလို ရိုးသားတဲ့ နိုင်ငံရေးလုပ်နေရင် ဘာမှ ငရဲမကြီးတဲ့အပြင် လူအများကောင်းကျိုး လုပ်တာဖြစ်တဲ့အတွက် ကုသိုလ်တောင်ရပါသေးတယ် ဆိုတဲ့ စာသားလေးကို ကျမ ဖတ်မိလိုက်မိပါတော့တယ်။
ကျမ မဖြူဖြူသင်းပါ။
လွတ်လပ်တဲ့ အာရှအသံ (RFA) မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts