>Maung Lwan Ni – Sugar coated troubles (5)

>

ဒုက္ခကို ပျားရည်ဆမ်း၍ – ၅
မောင်လွမ်းဏီ
ဧပြီ ၂၇၊ ၂၀၁၁
“တချို့က အပြောင်အပျက်လိုလိုနဲ့ “ဘာလုပ်ဖို့လိုမှာလဲ၊ ငါက ငါ့ရောဂါနဲ့ ၁၀ နှစ်တောင်ခံမှာ မဟုတ်တော့ဘူး” လို့ ပြောသူက ပြောပါတယ်။ “သူများနိုင်ငံမှာ နေချင်လို့ လာနေတာမဟုတ်ဘူး။ ငတ်လို့သာ လာလုပ်ကိုင်စားသောက်နေတာ။ နောက် ၁၀ နှစ် မပြောနဲ့ မနက်ဖန်ဆို ငါ့ရွာငါ ပြန်လုပ်စားမယ်” လို့ ကြုံးဝါးတဲ့ အမျိုးသမီးတွေလည်း …”
အာအက်ဖ်အေ သောတရှင်များ ခင်ဗျား
မဲဆောက်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့ အတွင်း ၁၀ နှစ်ခံလို့ လွယ်လွယ်ခေါ်ဝေါ်ပြောဆိုကြတဲ့ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လက်မှတ်တွေ ပြုလုပ်ပေးဖို့ ထိုင်းအာဏာပိုင်တွေရဲ့ စိစစ်မှုတွေကို ခံယူနေကြပါတယ်။ 

မဲဆောက်ဒေသကတော့ အထူးဒေသလို့ ပြောရလေမလားပဲ။ မြန်မာနိုင်ငံသား ၃ သိန်းကျော် နေထိုင်လုပ်ကိုင်နေကြတဲ့ တပ်ခ်ခရိုင်၊ မဲဆောက်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ အလုပ်လုပ်ခွင့်လက်မှတ် (ဝပ်ပါမစ်)၊ တနှစ်နေထိုင်ခွင့်လက်မှတ်၊ ၅ နှစ် နေထိုင်ခွင့်လက်မှတ်၊ ၁၀ နှစ်နေထိုင်ခွင့်လက်မှတ်၊ ယာယီပတ်စပိုစ် စာအုပ်စတဲ့ စာရွက်စာတမ်း၊ အထောက်အထားတခုခုတော့ လက်ဝယ်ကိုင်ဆောင်ကြသူက ၁၀၀ မှာ ၃ ယောက်လောက် ပဲရှိတာပါ။ ဝပ်ပါမစ်ကို နှစ်စဉ် ပြုလုပ်ပေးပေမဲ့ တနှစ်ခံ၊ ၅ နှစ်ခံ ၁၀ နှစ်ခံ လက်မှတ်တွေကတော့ ထိုင်းအစိုးရရဲ့ အခါအားလျှော်စွာထုတ်ပြန်တဲ့ အမိန့်တွေအရပဲ လုပ်ကိုင်ပေးတာပါ။
ခုပြုလုပ်ပေးမယ့် ၁၀ နှစ် နေထိုင်ခွင့်လက်မှတ်ဆိုတာ ချက်ချင်းလက်ငင်း ရတာမျိုးလည်း မဟုတ်ပါဘူး။ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာသူကြီးဆီမှာ ပုံစံဖြည့်သွင်းပြီး လျှောက်ထားတင်ပြရတာပါ။ မြန်မာပြည်သားတယောက်ဟာ ထိုင်းနိုင်ငံမှာ ၁၀ နှစ်ကျော်ကြာ နေထိုင်လာခဲ့သူဖြစ်တယ်ဆိုတာကိုလည်း ထိုင်းလူမျိုးတယောက်ယောက်က ထောက်ခံပေးရပါသေးတယ်။ ရပ်ကွက်ကျေးရွာအလိုက် စုစောင်းရရှိတဲ့ လျှောက်လွှာတွေကို မြို့ပိုင်ရုံးကို ဆက်ပြီးစိစစ်ဖို့ တင်ပြရတာဆိုပါတော့။ 
မြို့ပိုင်ရုံးက စိစစ်ပြီးတဲ့ လျှောက်လွှာတွေကို ခရိုင်ရုံးကို တခါ ဆက်တင်ပြရပြန်ပါတယ်။ နောက်ဆုံးပြည်ထဲရေး ဝန်ကြီးဌာန စိစစ် သတ်မှတ်ပေးလိုက်တဲ့သူတွေကိုပဲ ၁၀ နှစ်ခံ လက်မှတ်ရတယ် ဆိုရမှာပါပဲ။ ထိုင်းနိုင်ငံမှာ ဘယ်အရာမှ အလကားမရဘူးဆိုတဲ့စကား ကြားဖူးနားဝ ရှိကြမယ်ထင်ပါတယ်။ ဆက်သွယ်ဆောင်ရွက်ပေးတဲ့ ပွဲစားကို ငါးရာ။ ထိုင်းတယောက် ထောက်ခံပေးဖို့ ထောက်ခံပေးမယ့်ထိုင်းကို ခြောက်ရာ၊ ခုနှစ်ရာ ပေးရပါတယ်။ သူကြီးကိုတော့ ၁၀၀၀ ပေါ့။ ဒါက ပဏာမစိုက်ထုတ်ရမယ့် ငွေကြေးပါ။ တလနဲ့လည်း လက်မှတ်က ရချင်ရသလို၊ တနှစ်နေမှ ၂ နှစ်နေမှ ရချင်မှလည်း ရတာပါ။ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်က ခုလက်မှတ်မျိုး မဲဆောက်မှာ လုပ်ခဲ့ကြပါသေးတယ်။ 
အပြီးအစီး တသောင်းခွဲ၊ နှစ်သောင်း ဈေးပေါက်ခဲ့တာပါ။ ရဲ အဖမ်းကြမ်းတဲ့ နှစ်တွေဆိုတော့ အလုအယက် လုပ်ကြသူတွေရှိပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသူတွေ၊ အန်ဂျီအိုတွေမှာ လုပ်ကိုင်ကြသူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းက တချို့တွေပါ။ ဒါပေမယ့် အကြီးအကျယ် အလိမ်ခံကြရပါတယ်။ ဘယ်မှလည်း လိုက်ပြီးတရားစွဲဖို့၊ တိုင်ဖို့တောဖို့လည်း လုပ်မရကြတာကိုး။ ပွဲစားက ငွေထုပ်ပိုက်ပြီး ခြေရာဖျောက်သွားတာရှိသလို၊ အထက်က မချပေးသေးလို့ဆိုတဲ့ ဆင်ခြေဆင်လက်နဲ့ ကိစ္စတုံးသွားတာတွေလည်း ထုနဲ့ထေးလို့ ဆိုရမှာပေါ့။
အဲဒီဖြစ်ရပ်ကြောင့် ခုတကြိမ်မှာ လက်မှတ်လုပ်သူ အရေအတွက်နည်းတယ်လို့ ပြောကြပါတယ်။ ဟိုတုန်းကဈေးတော့ မပေါက်တော့ဘူးတဲ့ လက်မှတ်ရပြီဆိုမှပေး ဆိုတဲ့ နားလည်မှုနှုတ်ကတိပေါ့။ ဒါတောင် တနေရာနဲ့ တနေရာမတူပါဘူး။ ငါးထောင်နဲ့ ရှစ်ထောင်ကြား ပေးရမှာဖြစ်ပါတယ်။ ၁၀ နှစ်ခံလက်မှတ်ရဲ့ ထူးခြားချက်တခုက ထိုင်းနိုင်ငံအတွင်း ခရီးသွားလာခွင့်ရှိတာပါ။ ကိုယ်သွားချင်တဲ့မြို့၊ ကိုယ်ခရီးစဉ်ကြာမယ့် ရက်တွေကို မြို့ပိုင်ရုံးမှာလျှောက်ထားရင် ခရီးသွားခွင့်လက်မှတ် ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ 
တဖက်မှာလည်း အကျိုးဆက်တခုက ရှိပါသေးတယ်။ မြန်မာပြည်သားတဦးဟာ မဲဆောက်အနီးက မယ့်ရမရွာမှာ ၁၀ နှစ်ခံလက်မှတ် လုပ်ထားတယ်ဆိုပါတော့။ မဲဆောက်ရဲက ညစ်ရင် ဖမ်းလို့ရပါတယ်။ သူက မယ့်ရမမှာပဲ နေထိုင်ခွင့်ရှိတာကိုး။ ဒီတော့ မယ့်ရမမှာ လက်မှတ်လုပ်ထားသူဟာ မဲဆောက်မှာ နေထိုင်ရင်တော့ ဝပ်ပါမစ်ရှိမှကို နေထိုင်လို့ရတာပါ။ သာမန် ဝပ်ပါမစ်လုပ်သူတွေဟာ တနှစ်ကို ငါးထောင် အနည်းဆုံး ကုန်ပေမယ့် ၁၀ နှစ်ခံ လက်မှတ်ရှိသူတွေကတော့ ဝပ်ပါမစ်လုပ်ခက တထောင်ပဲ ကျသင့်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့လည်း အကြီးစားခွဲစိတ်မှုတွေ အပါအဝင် အခမဲ့ ဆေးကုသခွင့် လည်းရပါတယ်။ ဒီအချက်တွေက ၁၀ နှစ်ခံလက်မှတ်ရဲ့ အားကောင်းချက်တွေလို့ ပြောရင်ရပါတယ်။ မဲဆောက်မြို့ပေါ်ရပ်ကွက်တွေမှာ လုပ်သူတွေကတော့ ထူးထူးထွေထွေ ပြဿနာ မရှိဘူးပေါ့။ 
နောက်တချက်ကတော့ လျှောက်တိုင်းလည်း မရပါဘူး။ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတ်မှတ်တဲ့ လူဦးရေ အရေအတွက်ကိုပဲ စိစစ်လုပ်ပေးတာပါ။ လျှောက်သူတိုင်း၊ ငွေတတ်နိုင်တိုင်းလည်း မရဘူး ဆိုပါတော့။ ကွန်တော်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေထဲက လူတွကို ၁၀ နှစ်ခံ လက်မှတ်နဲ့ ပတ်သက်တာလေးတွေ တီးခေါက်ကြည့်ပါတယ်။ တချို့က အပြောင်အပျက်လိုလိုနဲ့ “ဘာလုပ်ဖို့လိုမှာလဲ၊ ငါက ငါ့ရောဂါနဲ့ ၁၀ နှစ်တောင်ခံမှာ မဟုတ်တော့ဘူး” လို့ ပြောသူက ပြောပါတယ်။ “သူများနိုင်ငံမှာ နေချင်လို့ လာနေတာမဟုတ်ဘူး။ ငတ်လို့သာ လာလုပ်ကိုင်စားသောက်နေတာ။ နောက် ၁၀ နှစ် မပြောနဲ့ မနက်ဖန်ဆို ငါ့ရွာငါ ပြန်လုပ်စားမယ်” လို့ ကြုံးဝါးတဲ့ အမျိုးသမီးတွေလည်း ထိုင်းမှာ ၁၀ နှစ်ကျော် ရှိနေပါပြီ။ ငွေတတ်နိုင်ရင်တော့ လုပ်ထားသင့်ပါတယ်။ 
ကိုယ်က တိုင်းပြည်ကိုပြန်ဖို့ မစဉ်းစားချင်တာကိုး။ နောက် ဘယ်နှနှစ်နေရအုန်းမယ်ဆိုတာ ခန့်မှန်းရခက်တယ် မဟုတ်လား။ တိုင်းပြည် အေးချမ်းပြီ၊ ပြန်လို့ရပြီ ဆိုရင်တော့ ဒီလက်မှတ်ကို လွှင့်ပစ်ခဲ့ရုံပဲပေါ့။ အဓိကက ထိုင်းမှာ နေထိုင်လုပ်ကိုင်စားသောက်မယ်ဆိုရင် ဟိုနားဒီနားပဲ ဖြစ်ဖြစ် ခရီသွားလာလို့ရတဲ့ နည်းလမ်းတခုတော့ ရှိမှဖြစ်မှာလေလို့ ပြောပြသူဟာ ထိုင်းမှာ လုပ်ငန်းကိုင်ငန်း အသားကျနေသူတဦးရဲ့လေသံမျိုးပါ။ 
ဘာပဲဖြစ်ဖြစ် ထိုင်းမြေပေါ်မှာ နေထိုင်လုပ်ကိုင် စားသောက်မယ်ဆိုရင်တော့ ကောက်ရိုးတမျှင်လို လက်မှတ်လေးတခုကတော့ ဘဝကိုလုံခြုံမှု ပေးနိုင်လိမ့်မယ်လို့ ယုံကြည်သူတွေက အများသားမဟုတ်လား။
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မောင်လွမ်းဏီ
၂- ၃- ၂၀၁၁
မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese
သရုပ်ဖော် – မောင်မောင်တင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts