>Petrol Quota – 2 gallons a day, every 3 day again – Regime New Order

>

ဓါတ်ဆီ  တရက် ၂ ဂါလံ၊ ၃ရက်တကြိမ်ထုတ် စနစ်ပြန်ပြောင်းပြန်ပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၅၊ ၂၀၁၁
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ တရားဝင် ဖွင့်လှစ်ပြီး ၁၀ လနီးပါးကြာပြီးနောက် ဈေးနှုန်းသက်သာသည့် ဓါတ်ဆီဖြူကို ယခင်အစိုးရ ရောင်းချပေးသည့် စနစ်ပုံစံအတိုင်း ၁ရက် ၂ ဂါလံ၊ ၃ ရက်စာအထိ ကြိုထုတ်ခွင့်ပြုသည့် စနစ်အဖြစ် ရန်ကုန်မြို့တွင် ပြန်ပြောင်းကျင့်သုံးလိုက်ကြောင်း သိရှိရသည်။
အဆိုပါအစီအစဉ်ကို ယမန်နေ့ (၂၄ ရက်နေ့) မှ စတင်ခဲ့ခြင်းဖြစ်ပြီး ပုဂ္ဂလိကစက်သုံးဆီဆိုင်များ (အထူးသဖြင့် ယခင်အစိုးရဆိုင်ဟောင်းများ )တွင် ဓါတ်ဆီဖြူဝယ်ခွင့်ရရန် နာရီအတန်ကြာ စောင့်ကြရသဖြင့် ကားတန်းရှည်များ မဖြစ်ပေါ်စေရန်ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ကားပိုင်ရှင်များက ပြောသည်။
လွန်ခဲ့သည့် အောက်တိုဘာလ ၀န်းကျင်မှစပြီး ဓါတ်ဆီဖြူကို ကားတစီးလျင် သတ်မှတ်ဂါလံဖြင့် ရောင်းချသည့် စနစ် စတင်ခဲ့ပြီးနောက် ဓါတ်ဆီဆိုင်များတွင် တန်းစီသည့်ကားတန်းရှည်များ စတင်ပေါ်ထွက်လာခဲ့ကာ၊ မတ်လတွင် စာအုပ်ဖြင့် ပြန်လည်ရောင်းချသည့် စနစ်လုပ်ဆောင်ခဲ့ပြီး (မိုးမခသတင်း မတ်လ ၁၁ ရက်နေ့ သတင်း) တစ်လကျော်အကြာတွင် ယခုကဲ့သို့ တရက်ခွဲတမ်းကို လျော့ချပြီး ၃ ရက်စာခွဲတမ်း အထိဝယ်ခွင့်ပြန်ပြုခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့မှ အိမ်သုံးကားပိုင်ရှင် တဦးက `အခုစနစ်က အရင် MPPE တုန်းကလိုပါပဲ။ နောက်ဆုံး အစိုးရက ကိုင်ခဲ့စဉ်တုန်းက အတိုင်း တရက် ၂ ဂါလံ ၊ အများဆုံး ၃ ရက်တကြိမ်ထုတ်ခွင့်ရခဲ့တာ၊ ပုဂ္ဂလိက  ပေးလိုက်တော့ ဈေးကွက်က ပိုပြိုင်ဆိုင်မှုကောင်းလာမလားလို့ ထင်ထားတာ၊ အခုတော့ အရင်စနစ်ကိုပြန်ကျင့် သုံးနေရတာပဲ´ ဟုပြောသည်။
အစိုးရပိုင် စက်သုံးဆီဆိုင်များအား ပုဂ္ဂလိက လုပ်ခွင့်ပြုပြီးနောက် အဆိုပါဆိုင်ဟောင်းများတွင် ပြည်တွင်းထုတ် ဓါတ်ဆီဖြူ ၁ ဂါလံ ကျပ် ၂၅၀၀ ဖြင့်သတ်မှတ်ရောင်းချခဲ့သည်။  ပြည်ပမှ တင်သွင်းသည့် အဆင့်မြင့်ဓါတ်ဆီ (အော့တိန်း) မှာ ကျပ် ၄၀၀၀ ၀န်းကျင်ရှိသဖြင့် သုံးစွဲသူအများစုမှာ ပြည်တွင်းထုတ် ဓါတ်ဆီကိုသာ ၀ယ်ယူလိုပြီး တန်းစီကာ ပြန်ရောင်းသည့် ဈေးကွက်အဖြစ် ပြန်လည်ထွန်းကားလာကာ ဆိုင်တွင် တဂါလ၂၅၀၀ ကျပ်ဖြင့် ရောင်းချပေးသည့် ဓါတ်ဆီဖြူမှာ ပြင်ပပေါက်ဈေးံ ကျပ် ၅၀၀၀ ၀န်းကျင်အထိ ရှိနေသည်ကို တွေ့ရသည်။ တန်းစီကာ ပြန်ရောင်းသည့် စီးပွားရေးလုပ်ငန်းမှာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးများတွင်သာမက နယ်မြို့အသီးသီးသို့လည်း ပြန့်နှံ့သွားပြီး ကားအို ကားဟောင်းများဖြင့် ၄င်း၊ ဆိုင်ကယ်များဖြင့်၎င်း တန်းစီထုတ်ယူခြင်းဖြင့် နေ့စဉ်ဝင်ငွေရကာ ရေတို အလုပ်အကိုင်အခွင့်အလမ်း သစ်များ ပေါ်ထွန်းလာခဲ့သည်။
ဓါတ်ဆီဖြူ ၀ယ်ယူခွင့်ရသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီကြီးများဖြစ်သည့် ဦးပိုင် လီမိတက်၊ ထူး၊ မက်စ်မြန်မာ၊ လွယ်ဟိန်း၊ ဒဂုံအင်တာနေရှင်နယ်၊ မြတ်မေတ္တာမွန်၊ ဧဒင်၊ ယုဇန၊ ရွှေသံလွင်၊ နီလာရိုးမ၊ အိုင်ဂျီအီး၊ ဧရာရွှေ့ဝါ အစရှိသည့် ကုမ္ပဏီကြီးများနှင့် ကြံ့ဖွံ့ပါတီနှင့် အကျိုးတူလုပ်ကိုင်သည့် ကုမ္ပဏီ အချို့သာဖြစ်ကြသည်။
စက်သုံးဆီတင်သွင်း ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကပိုင်ပြုလုပ်သည်ဆိုသော်လည်း ထိုသို့ပြုလုပ်ပြီး ၁၀ လကြာသည် အထိ ဈေးကွက်ကို လွတ်လပ်စွာ ရောင်းချခွင့်၊ ဈေးနှုန်းရှင်ထားပြီး ဈေးနှုန်းကို ဈေးကွက်ကသာ ဆုံးဖြတ်စေခြင်း တို့ကျယ်ပြန့်စွာ ဖြစ်ပေါ်မလာသေးပဲ ဓါတ်ဆီဖြူကို တဂါလံ ၂၅၀၀ ကျပ် သတ်မှတ်ချက်အား မပယ်ဖျက်သေးသည်ကို တွေ့ရသည်။
စီးပွားရေး လေ့လာဆန်းစစ်သူ တဦးက
 `လက်ရှိ အစိုးရအနေနဲ့ ဈေးကွက်ကို ချုပ်ကိုင်ချင်တာထက် တဂါလံ ၂၅၀၀ ကျပ်နဲ့ အရှုံးခံ ရောင်းပေးနေသေးတယ် ဆိုတာကို ပြချင်တယ်။ ဒါက နိုင်ငံရေးရှုထောင့်ကနေ ကြည့်ပြီး လုပ်တာလို့ ထင်တယ်။ ဈေးကွက်စီးပွားရေး စနစ်ကိုသွားနေပေမယ့် လောင်စာဆီ ဈေးကြီးလို့ လူထုက ဆန္ဒပြမှာလိုမျိုးကို သူတို့ရင်မဆိုင်ချင်ဘူး။ ဒီနည်းနဲ့ ဈေးကွက်က ဆုံးဖြတ်ရမယ့်ဟာကို ကြားဝင်ပြီး အရှုံးခံလုပ်နေတာလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် သူတို့ လုပ်တဲ့အကျိုးကျေးဇူးကို ဘယ်သူတွေခံစားရသလဲ ဆိုတာကို အထက်က ပေါ်လစီချမှတ်သူတွေ သိသင့်တယ်၊ အခု အရှုံးခံရောင်းပေးတာကို ပုံမှန်ဝင်ငွေရလမ်းမရှိသူ၊  တန်းစီဖို့ အချိန်ရှိသူတွေ အတွက် အလုပ်အကိုင်တခု ရပေမယ့် တကယ်သုံးသူတွေက တဂါလံ ၄၅၀၀ ဆို ၄၅၀၀၊ ၅ထောင်ဆို ၅ ထောင်နဲ့ပေးဝယ် သုံးရတော့ အစိုးရ လိုချင်တဲ့ ရလဒ်က မရဘူးဆိုတာ ထင်ရှားနေတယ်´ ဟုသုံးသပ်ဝေဖန်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts