>Than Soe Hlaing – New Governemnt and Regime’s Legacy

>

အစိုးရသစ်နဲ့ နအဖရဲ့အမွေ
သန်းစိုးလှိုင်၊ ရန်ကုန်
ဧပြီ ၂၂၊၂၀၁၁
မတ်လ ၃၀ ရက်နေ့မှာ ရွေးကောက်ပွဲ မှာ အနိုင်ရထားတဲ့ ကြံ့ဖွံ့ပါတီက ကြီးစိုးတဲ့ အစိုးရအဖွဲ့ ဆိုင်းမဆင့်ဗုံမဆင့် ရုတ်တရက် ကျမ်းကျိန်ပြီး အာဏာလွှဲပြောင်းယူလိုက်ပါတယ်။ ၂၃နှစ်ကြာ စစ်အုပ်ချုပ်ရေးပုံစံနဲ့ အုပ်ချုပ်လာတဲ့ စစ်အစိုးရကနေ အရပ်ဝတ်ဝတ်ထားတဲ့ အစိုးရပုံစံကိုပြောင်းသွားတာပါ။
ပညတ်အနေနဲ့ စစ်အစိုးရမှ အရပ်ဝတ်အစိုးရအဖြစ် ပြောင်းလဲလာတယ်ဆိုနိုင်ပေမယ့် ပရမတ်သဘောအရတော့ ယခင်စစ်အစိုးရကို ကြိုးကိုင် စီမံနေတဲ့ နံပါတ်၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ယခုအချိန်ထိ နောက်ကွယ်မှ ကြိုးကိုင်နေဆဲဆိုတာ မြန်မာနိုင်ငံမှာ ဘယ်သူမှ သံသယ မရှိကြပါဘူး။ အရပ်သား အစိုးရဖြစ်ပြီ၊ သန်းရွှေ အနားယူသွားပြီလို့ လွှတ်တော်ထဲရောက်နေတဲ့ နိုင်ငံရေးသမားထဲက ယုံကြည်သူရှိကောင်း ရှိပါလိမ့်မယ်။
ဒါပေမယ့် အငှားကားမောင်းသူ တယောက်တလေ ကိုဖြစ်ဖြစ်၊ သတင်းစာဖတ်သူ၊ ရေဒီယိုနားထောင်သူ ဆိုက်ကားသမား တယောက်ကို ဖြစ်ဖြစ် မေးမြန်းကြည့်ရင် မယုံကြည်ကြောင်း ပြောကြပါလိမ့်မယ်။ သူတို့ရဲ့ အမြင်က တချို့သောနိုင်ငံရေး  သမားများထက်ကို လက်တွေ့ကျကျ ၊ သဘာဝကျကျ ချဉ်းကပ်ရှုမြင်တတ်လို့ပဲ ဖြစ်ပါတယ်။
လွှတ်တော်ထဲရောက်နေတဲ့ နိုင်ငံရေး သမားထဲကလည်း ကြံ့ဖွံ့ပါတီဝင်ထဲကဆို ယုံကြည်ကြမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်နေသူဟာ အေ ၀မ်းလို့ ခေါ်တဲ့ နံပါတ်တစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ ဖြစ်နေဆဲဆိုတာ သူတို့ရဲ့ ဘ၀နဲ့ယှဉ်ပြီး နားလည်ကြပါတယ်။ 
လူမပြောင်းသော်လည်း အနှစ်သာရပြောင်းမလား
တတိယ အုပ်စုလို့ခေါ်တဲ့ နေ၀င်းမောင် ပြောသလို လူမပြောင်းပေမယ့် မူပြောင်းသွားတယ် ဆိုတာဘယ်လောက်ထိ မှန်ကန်နိုင်ပါ့မလဲ။ အနှစ်သာရတွေ ဘယ်လောက်ထိ ပြောင်းလဲလာမလဲဆိုတာကို လက်တွေ့ကျကျ ဆန်းစစ်သုံးသပ်ကြည့်ဖို့ နိုင်ငံရေး သမားများ အနေနဲ့ အသေအချာ လိုအပ်လှပါတယ်။
အရပ်သား အုပ်ချုပ်တဲ့ အစိုးရအဖွဲ့ဖြစ်လာတယ် ဆိုတဲ့အချက်၊ လွှတ်တော် ၃ ရပ်ပေါ်လာပြီး နိုင်ငံရေး ပြဿနာ ၊ လူမျိုးစုပြဿနာ၊ စီးပွားရေး ပြဿနာတွေကို အဲဒီလွှတ်တော်ထဲမှာ ဖြေရှင်းလို့ရနိုင်တယ် ဆိုပြီး ပြည်တွင်းက နိုင်ငံရေး သမားတချို့နဲ့ ပြည်ပနိုင်ငံအချို့က စဉ်းစားကြပါတယ်။
ဒီလိုစဉ်းစားချက်ဟာ လက်တွေ့အဖြစ်အပျက်နဲ့ ဘယ်လောက်နီးစပ်သလဲ၊ လက်တွေ့အခြေအနေ တွေနဲ့ ဘယ်လောက်ကိုက်ညီသလဲ ဆိုတာ မကြာခင်မှတ်ကျောက်တင် နိုင်မှာပါ။ ယခုလက်ရှိ လွှတ်တော်မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေအထိတော့ သူတို့ပြောသလို နိုင်ငံရေး ပြဿနာ၊ လူမျိုးစုပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ လွှတ်တော်ကာလ ၂ လအတွင်းမှာ ကြံ့ဖွံ့ပါတီဝင် ကိုယ်စားလှယ်တွေဟာ မဆလခေတ်က လွှတ်တော်လိုပဲ အထက်ကချပေးတဲ့ အဆိုပြုသူတွေကို အဆိုပြုပေး၊ အထက်ကချပေးတဲ့ မေးခွန်းတွေကို မေးခဲ့ကြတာပါ။ ကြံ့ဖွံ့မဟုတ်တဲ့ အခြားပါတီများက ကိုယ်စားလှယ်တွေ အနေနဲ့ မေးချင်တဲ့ မေးခွန်းကို လွှတ်တော် ဥက္ကဌထံ ၁၀ ရက်ကြိုတင်ထားရပြီး ဥက္ကဌက အဆိုပါမေးခွန်းမှာ ကြယ်ပွင့်ပြမှသာ သတ်မှတ်ထားတဲ့နေ့မှာ မေးမြန်းခွင့်ရပါတယ်။
မေးမြန်းပြီးနောက် ဖြေဆိုမယ့် ၀န်ကြီးက မေးခွန်းကို တည့်တည့်လင်းလင်း ဖြေဆိုတာမျိုး ရှိသလို တချို့သောမေးခွန်းတွေကို တိတိကျကျ မဖြေပဲ ပုံသေရေးသားထားတဲ့ ၀ါဒဖြန့်စာဆန်ဆန် ၀န်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေကိုပဲ ပြောဆိုပြီး အဆုံးသတ် လိုက်တာမျိုးလည်း ရှိပါတယ်။
အဲဒီလို လွှတ်တော်မျိုးကနေ အခြေခံဥပဒေကို ပြင်ဆင်ဖို့ မှန်းဆချက်ဟာ တော်တော့်ကို အလှမ်းဝေးလှပါတယ်။ မြို့တမြို့ရဲ့ အခြေအနေ၊ ပြည်နယ်တခုရဲ့ အခြေအနေကိုတောင် ပြင်ဆင်ဖို့ရာ လွှတ်တော်မှာ မစွမ်းနိုင်ရင် အခြေခံဥပဒေကို ပြင်ဖို့ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေ ဖြစ်လာဖို့၊ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးတွေ ရလာဖို့က စိတ်ကူးယဉ်အိပ်မက်ဖြစ်နေဦးမှာပါ။
အဲဒါတွေက လွှတ်တော်ထဲက အခြေအနေတွေပါ။ လွှတ်တော်ကိုလည်း  ရက်ကိုးဆယ်မပြည့်မီ ၁ပတ်အလိုကျမှ ခေါ်ယူပြီး ဘဏ္ဍာရေးနှစ် ကူးပြောင်းတဲ့ ဧပြီလ ၁ရက်နေ့အထိရောက်အောင် အချိန်ဆွဲကျင်းပခဲ့တာတွေ့ရမှာပါ။ တချို့ရက်တွေမှာ လွှတ်တော်ကျင်းပချိန် ၁၅ မိနစ်သာ ရှိခဲ့တာကြောင့် ၁၅ မိနစ်လွှတ်တော်လို့တောင် ခေါ် ခဲ့ကြပါသေးတယ်။
ဒီအဖြစ်အပျက်တွေအားလုံးဟာ အေ၀မ်း ရဲ့ ညွှန်ကြားချက်ကို စောင့်ပြီးလုပ်နေရတဲ့ သဘောလို့ နိုင်ငံရေး အကဲခတ်သူတွေက ယုံကြည်ကြပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ပါတီရဲ့ ဥက္ကဌ၊ မကြာခင်သမ္မတဖြစ်မယ့်သူက လွှတ်တော်ရဲ့ အထက်မှာ ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီးကို နာခံပြီးလုပ်ကိုင်နေရတာလည်း ဖြစ်ပါတယ်။
မတ်လ ၃၀ ရက်နေ့ ၃၁ ရက်နေ့နဲ့ ၁ ရက်နေ့တွေမှာ ပြောဆိုတဲ့ သမ္မတသစ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေထဲမှာ ပါရှိသလို တိုင်းပြည်စီးပွားရေး ကောင်းအောင် လုပ်ဆောင်မယ်၊ လာဘ်စားမှုကို တိုက်ဖျက်မယ်၊ ၀န်ကြီးတွေ အနေနဲ့လည်း လက်တွေ့ကျကျ တာဝန်ယူလုပ်ကိုင်သွားကြရမယ်၊ စီးပွားရေး ကိုပုဂ္ဂလိက ကဏ္ဍက ဦးဆောင်ပြီး လုပ်ဆောင်သွားမယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။  အဲလိုအပြောတွေသာ လက်တွေ့ဘ၀မှာ အကောင်အထည်သာပေါ်လာမယ်ဆိုရင် စီးပွားရေးနဲ့ အစိုးရအုပ်ချုပ်ပုံ အပိုင်းမှာ အတော်လေး ပြောင်းလဲလာမယ့် သဘောရှိပါတယ်။ ဒါက မိန့်ခွန်းမှာ ရည်ညွှန်းပြောဆိုသွားတဲ့ စကားလုံးတွေအရ  ပြောတဲ့သဘောပါ။ တကယ်ဖြစ်လာမှာလား ဆိုတာကို ဝေဘန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။
ဦးသိန်းစိန်က စီးပွားရေးမှာ အလုပ်ဖြစ်အောင် လုပ်ကြဖို့ ၀န်ကြီးတွေ အနေနဲ့ အဆိုးအကောင်းတာဝန်ယူကြရမယ်၊ ပုဂ္ဂလိက ကဏ္ဍကိုပိုပြီး ကြီးထွားလာအောင် လုပ်ရမယ်၊ လာဘ်ပေးလာဘ်ယူမှု ပပျောက်အောင် လုပ်ရမယ်၊ အထက်ညွှန်ကြားချက်ကို စောင့်မနေပဲ လုပ်သင့်တာကို ချက်ခြင်း လုပ်ကြဖို့ တိုင်းပြည်မှာ စီးပွားရေးအရ ကြပ်တည်း ဆင်းရဲနေသူတွေ ရှိနေသေးတယ်ဆိုတဲ့ အချက်တွေကို ၀န်ခံပြောဆိုသွားတာ ကြားကြရမှာပါ။ စီးပွားရေး အရခေတ်နောက်ကျနေတာ၊ မဖွံ့ဖြိုးမတိုးတက်တာကို ၀န်ခံတဲ့ အချက်ဟာ ပြုပြင်ဖို့ လမ်းစလို့ ဆိုရင် ဆိုနိုင်ပါတယ်။ 

အမေးတခွန်း အဖြေတခွန်း

ဒီလိုပြောဆိုမှုမျိုး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်စဉ် ဗိုလ်ချုပ်တွေ တယောက်မှ ပြောဆိုလေ့မရှိပဲ အခုလို စစ်ဗိုလ်ချုပ်ဟောင်းများရဲ့ အရပ်ဝတ် အစိုးရတက်လာမှ ထုတ်ပြောတာဆိုတော့ ပြည်သူလူထု နားထဲမှာ နည်းနည်းတော့ ဆန်းပြားနေသလိုပါ။ သူတို့ တကယ်ပဲ ပြောင်းချင်စိတ်ရှိနေပြီလား ဆိုတဲ့မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။
ဒီမေးခွန်းတွေကို ဘာနဲ့ တိုင်းတာသင့်သလဲ ဆိုရရင် ဦးသိန်းစိန် ဖြစ်စေချင်တဲ့ အခြေအနေကို ဘယ်လိုနည်းလမ်းနဲ့ အကောင်အထည်ဖေါ်မှာလဲ ဆိုတာကို သူ့မိန့်ခွန်းတွေမှာ ရှာဖွေကြည့်ကြရပါမယ်။
မိန့်ခွန်းတွေထဲမှာ လာဘ်စားမှုကို တိုက်ဖျက်ဖို့ အစီအစဉ်ချမှတ်ခြင်း နဲ့ ပတ်သက်ပြီး အသေးစိတ်လုပ်ဆောင်မှု တခုမှ ထုတ်ဖေါ်မပြောသွားပါဘူး။ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဖြစ်အောင် လုပ်ကြရမယ်လို့ ယေဘုယျသဘောပဲ ပြောဆိုသွားတာပါ။ ဘယ်လိုလုပ်မယ်၊ ဘယ်နှနှစ်အတွင်း လာဘ်ပေးလာဘ်ယူကို ပပျောက်စေမယ်။ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် အထက်က ဘယ်လိုလုပ်ကြမယ်၊ အောက်ခြေအဆင့်ထိ လိုက်နာဖို့ လက်တွေ့ကျတဲ့ အစီအစဉ်တွေ ရှင်းပြ ပြောဆိုသွားတာ မတွေ့ရပါဘူး။
ဒါ့အပြင် လာဘ်ပေးလာဘ်ယူမှုတွေ ရှိမရှိကို ဘယ်လိုစစ်ဆေးအရေးယူသွားမယ် ဆိုတာမျိုးအထိ ပြောဆို ကြေညာသွားတာ မရှိပါဘူး။ လာဘ်စားမှုနဲ့ ပတ်သက်ပြီး ဥပဒေတွေကို ပိုမိုတင်းကြပ်တာ၊ ပိုမိုကြီးလေးတဲ့ အပြစ်ပေးတာတွေ လုပ်ဆောင်မယ်လို့လည်း မပြောခဲ့ပါဘူး။ လာဘ်စားမှုတွေကို မီဒီယာမှာ ဖေါ်ထုတ်ပြောဆိုခွင့်ရှိဖို့လည်း ရည်ညွှန်းပြောသွားတာ မတွေ့ရပါဘူး။ ဒီမိုကရေစီ နိုင်ငံဆိုရင် လာဘ်စားမှုလို အကျင့်ပျက်ချစားမှုတွေကို မီဒီယာလွတ်လပ်ခွင့်ပေးပြီး ထိန်းချုပ်ကြရစမြဲလည်း ဖြစ်ပါတယ်။
ဒီအချက်တွေကိုကြည့်ရင် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲက အချက်အလက်တွေဟာ လက်တွေ့ဘ၀မှာ ဖြစ်ပေါ်လာဖို့ ဖြစ်နိုင်ခြေ နည်းလွန်းလှပါတယ်။ 
မိန့်ခွန်းရဲ့ ဂယက်
အခုလို နိုင်ငံရဲ့ သမ္မတက လာဘ်စားမှုကို ကိုင်တွယ် ဖြေရှင်းမယ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ အခြားနိုင်ငံ တနိုင်ငံမှာ ပြောဆိုခဲ့ရင်  အခြေအနေက တမျိုးဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်ပုံပြောင်းတယ်ဆိုပေမယ့် အရင် အစိုးရလက်ထက်က ၀န်ကြီးက ထက်ဝက်ကျော်၊ ထိပ်ဆုံးခေါင်းဆောင်ပိုင်းလည်း မပြောင်း၊ အောက်ဆုံးအဆင့် ရ၀တ ဥက္ကဌတွေတောင် မပြောင်းတာကြောင့်  ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမယ်ဆိုတာကို အစိုးရအဖွဲ့ထဲမှာ ဘယ်သူမှ မယုံကြည်ကြဘူး ဆိုတာ ထင်ရှားပါတယ်။
ရ၀တ၊ မ၀တ အဆင့် အုပ်ချုပ်သူတွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ အနိုင်ရအောင် အုပ်ချုပ်ရေး လုပ်ပိုင်ခွင့် ငွေကြေး၊ အာဏာတွေကို သုံးပြီးကူညီခဲ့ကြတာပါ။ ဒီပါတီနိုင်ဖို့ ကိစ္စဟာ သူတို့ရဲ့ တာဝန်တရပ်သဖွယ် ခံယူပြီးလုပ်ပေးခဲ့ကြသူတွေပါ။ ဒါကြောင့် အထက်က ခိုင်းတဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးမဆို မှန်တယ်မှားတယ် စဉ်းစားမှာ မဟုတ်ပဲ လုပ်ပေးရမယ့် အနေအထားရှိခဲ့တယ် ဆိုတာမေ့လို့ မဖြစ်ပါ။
အခြားတဘက်မှာ အရပ်ဘက် ဆိုင်ရာ ၀န်ကြီးဌာနတွေကို ကြည့်ကြရအောင်ပါ။ အစိုးရတက်လာပြီး ၃ပတ်ကျော်ကြာလာတဲ့ ဌာနဆိုင်ရာ တွေမှာ လုပ်နည်းကိုင်နည်း ဘာအပြောင်းအလဲမှ မတွေ့မြင်ရပါဘူး။ ၀န်ကြီးပြောင်းသွားတဲ့ ၀န်ကြီးဌာန တချို့မှာ အသစ်ရောက်တဲ့ ၀န်ကြီးက စကားလုံး ကြီးကြီးတွေပြောနေလို့ အောက်လက်ငယ်သားတွေက ရောက်ခါစ ဖြစ်တတ်တဲ့ ဓမ္မတာလို့သဘောထား လိုက်ကြတယ်လို့ နေပြည်တော်က အရာရှိ တချို့ရဲ့ ပြောဆိုပါတယ်။ 
အပေးအယူမပြောင်း၊
ဝန်ကြီးဌာနတွေမှာ အဆင့်ဆင့် ဆက်ကြေးပေးရတဲ့ စနစ်အခုအချိန်ထိ ပြောင်းလဲမယ့် အရိပ်အယောင် မမြင်ကြရသေးဘူးလို့ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ လယ်ယာဆည်မြောင်း ၀န်ကြီးဌာန၊ ရထားဝန်ကြီး ဌာနအစရှိတဲ့ ဌာနက အရာရှိတွေက ပြောပါတယ်။ ပြည်နယ်၊ တိုင်းမန်နေဂျာ ဒါမှမဟုတ် လက်ထောက် အင်ဂျင်နီယာမှူးကြီး စတဲ့အဆင့်တွေက အထက်က ဦးဆောင်ညွှန်မှူး၊ ညွှန်ချုပ်၊ ဒုဝန်ကြီး ၊ ၀န်ကြီးတွေအထိ အနည်းဆုံး သိန်း ဆယ်ဂဏန်းကနေ သိန်းရာဂဏန်းအထိ ကန်တော့နေကြရတုန်းပါ။ အဲလို ကန်တော့မှလည်း ရာထူးတက်မှာ၊ နေရာမြဲမှာ၊ တစုံတရာ ပြဿနာကြုံရင် ကာကွယ်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီလိုအခြေအနေကို ပြောင်းလဲဖို့ ဆိုရင် အထက်က သမ္မတ၊ ၀န်ကြီး၊ ဒုဝန်ကြီးတွေအဆင့် မှစပြီး ညွှန်ချုပ်၊ ညွှန်မှူးတွေအထိ ငွေအပေးအယူနဲ့ ရာထူးတိုးပေးတဲ့ အဖြစ်ကို ရပ်ဆိုင်းကြမှ ဖြစ်မှာပါ။ အထက်ကို လုပ်ကျွေးရတယ် ဆိုတာကြောင့် အောက်ခြေမှာ ထပ်ပြီး လာဘ်ယူ ၊ အလွဲသုံးစားလုပ်တာတွေ ဖြစ်လာကြတာပါ။ အခုမိန့်ခွန်းမှာ အဲဒီလို အဖြစ်အပျက်တွေကို ဘယ်လိုကိုင်တွယ် ပြင်ဆင်သွားမယ်ဆိုတာ မတွေ့ရပါဘူး။ ဒါကြောင့်လည်း ၀န်ကြီးဟောင်းတွေနဲ့ အသစ်တွေ ယခင် လုပ်နည်းလုပ်ဟန်တွေ အတိုင်း အေးအေးဆေးဆေးပဲ ချီတက်နေကြတာ တွေ့ရပါလိမ့်မယ်။
အထက်မှာ ဖေါ်ပြခဲ့တာတွေဟာ စီးပွားရေး ပေါ်လစီ၊ လာဘ်ပေးလာဘ်ယူမှု နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စတွေပါ။
တိုင်းရင်းသား လူမျိုးစုအခွင့်အရေး၊ ဒေါ်အောင်ဆန်းစုကြည့် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီနှင့် တွေ့ဆုံ စကားပြောဆိုရေးဆိုတဲ့ အပိုင်းတွေ မပါဝင်သေးပါဘူး။
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းစွာ ဆက်ဆံနိုင်ဖို့ နိုင်ငံရေး အရ အခွင့်အရေး ပေးတာ လိုက်လျောတာတွေ ဘာမှ မတွေ့မြင်ရသေးပါ။
ရွေးကောက်ပွဲ ၀င်တဲ့ တိုင်းရင်းသား ပါတီတွေ အနေနဲ့ သူတို့ရဲ့ ပြည်နယ်တွေမှာ လူမျိုးစု ဖွံ့ဖြိုးရေး လုပ်ကိုင်ခွင့်၊ ယဉ်ကျေးမှုစာပေ ထိန်းသိမ်းခွင့်တွေ ရအောင် လွှတ်တော်ထဲမှာ လုပ်ဆောင်နိုင်မလား ဆိုတာ ခုထိ မသေချာသေးပါဘူး။
ဒါကြောင့် ပြဿနာတွေ တလှေကြီးနဲ့ မြန်မာနိုင်ငံရေး ရှေ့ကိုဘယ်လို ဆက်စခန်းသွားမလဲဆိုတာ မကြာမီ လပိုင်းတွေမှာ အဖြေထွက်လာမယ်လို့ မျှော်လင့်မိကြောင်းပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts