>Letters from Michigan – 65

>

မစ်ရှီဂန်က ပေးတဲ့စာ(၆၅)
အောင်ဝေး
ဧပြီ ၂၅၊ ၂၀၁၁

ဆရာ ပါရဂူ


မိတ်ဆွေကြီးကိုဒေါင်း…


ကျန်းကျန်းမာမာမှရှိပါစဗျာ။ ကျနော်တို့ရေးဖော်၊ ကျနော်တို့ ရဲဘော်ရဲဘက်၊ ကျနော်တို့မိတ်ဆွေ သူငယ်ချင်း၊ အားလုံးရဲ့ ကျန်းမာရေးကို၊ အဝေးကနေ ကျနော် အမြဲ နားစွင့်နေပါတယ်။ ကျနော်တို့ဆရာသမားကြီးတွေရဲ့ ကျန်းမာရေးသတင်းကိုလည်း ကျနော်အမြဲ စိုးရိမ်ပူပန်နေတာပါ။

ကိုဒေါင်းရေ … ကျနော်တို့စာပေအ၀န်းအ၀ိုင်းက တယောက်ယောက်၊ ကြီးကြီးငယ်ငယ်၊ ကွယ်လွန်သွားပြီ ဆိုရင်၊ ကျနော်တို့ စိတ်ထိခိုက် ခံစားရပါတယ်။ ၀မ်းနည်း ကြေကွဲလည်းဖြစ်ရပါတယ်။ ကျနော်တို့ အဝေးရောက်နေတဲ့ အချိန်မှာပဲ၊ အမေ လူထုဒေါ်အမာတို့၊ အဘ သခင်အုန်းမြင့်တို့လို၊ ကျနော်တို့ အပေါ် သွန်သင် ဆုံးမနိုင်တဲ့လူကြီးတွေကွယ်လွန်သွားကြသလို၊ ကျနော်တို့နဲ့ ခေတ်ပြိုင်အနု၊ ခေတ်ပြိုင် အရင့်တွေလည်း ကွယ်လွန်ခဲ့ကြပါပြီ။

သိပ်မကြာသေးခင်တုန်းက ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်မားစုတွေ ထုတ်တဲ့ စာစောင် တခုမှာ၊ ကျနော်က ၃၃လမ်း လွမ်းချင်းလေးတပုဒ် ရေးဖြစ်တော့ ကဗျာထဲမှာ ကျနော်က “ဆရာဒဂုန်တာရာတို့၊ ဆရာပါရဂူတို့ကိုတော့ ငါ မပူဘူး။ သူတို့က ကျန်းမာတယ်။ မကျန်းမာတာက ငါ့ကဗျာဆရာတွေပဲ” ဆိုပြီး ထည့်ရေးခဲ့လိုက်ပါသေးရဲ့။

ခုတော့ ကိုဒေါင်းရေ … ကျနော်တို့ မထင်မှတ်ထားတဲ့သတင်းက၊ ကျနော်တို့ဆီ၊ ဟောဒီအဝေးကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာပါရောလား။ “ဆရာပါရဂူဆုံးပြီ…” တဲ့။ ဆရာပါရဂူဆုံးပြီဆိုတဲ့ သတင်းက ကျနော်တို့ အဝေးကရင်ဘတ်တွေထဲကို သံရေပူ သွန်းလောင်းလိုက်သလိုပါပဲ။ အားလုံး ကြေကွဲမဆုံး၊ ၀မ်းနည်းမဆုံးဖြစ်ရပါတယ်။

ကျနော်တို့ဆိုတာ ကျနော်တို့နဲ့ခေတ်ပြိုင်တွေ အားလုံးလိုလို၊ မျိုးဆက်တိုင်းလိုလို ဆရာပါရဂူရဲ့ စာတွေဖတ်ပြီး ကြီးပြင်းလာကြတာပါ။ ကျနော်တို့ အပေါ်မှာ ဆရာပါရဂူရဲ့စာပေသြဇာ၊ စာပေကျေးဇူးတွေ အပုံအပင် ရှိပါတယ်။

ကျနော်တို့ အဝေးကိုရောက်မလာခင်တုန်းက ဆိုရင် စာပေလောကသားတွေရဲ့ ရှေ့ဆောင်လမ်းပြ အကြီးအမှူးတွေလို့ အားလုံးက လေးစားကြည်ညိုကြတဲ့၊ အမေလူထုဒေါ်အမာတို့၊ ဆရာဒဂုန်တာရာတို့၊ ဆရာပါရဂူတို့ရဲ့အရိပ် အာဝါသအောက်မှာ၊ ကျနော်တို့ ခိုလှုံခဲ့ကြရတာပါ။


ပြီးတော့လည်း… အမေ လူထု ဒေါ်အမာတို့၊ ဆရာဒဂုန်တာရာတို့၊ ဆရာပါရဂူတို့ဆိုတာ၊ ပြည်သူလူထုတွေကလည်း၊ အားထား ယုံကြည် မျှော်လင့်ကြတဲ့၊ သက်ကြီးရွယ်ကြီး၊ တိုင်းပြု ပြည်ပြု စာရေးဆရာ၊ သတင်းစာဆရာကြီးတွေပဲ မဟုတ်လား။

အမေလူထုဒေါ်အမာ ကွယ်လွန်သွားတာဟာ ကျနော်တို့အတွက် ရွှေတောင်ကြီး ပြိုသွားသလို ခံစားခဲ့ကြရပါတယ်။ ဟော… အခု၊ ဆရာပါရဂူ ကွယ်လွန်သွားခဲ့ပြန်ပြီ။ နောက်ထပ် ရွှေတောင်ကြီးတခု ပြိုလဲခဲ့ပြန်ပါပကောလား ကိုဒေါင်းရေ…။

ကျနော်တို့တိုင်းပြည်ဟာ တန်ဖိုးရှိတဲ့အရာတွေကို၊ တခုပြီးတခု၊ လက်လွှတ်ဆုံရှုံးနေရတယ်။ ကျနော်တို့အားထားရာ အလင်းရောင်တွေ မကွယ်ခင် ကျနော်တို့ ရွာဝင်နိုင်ဖို့လိုတယ်။ စာပေဟာ နာမကျန်းဖြစ်နေတဲ့ တိုင်းပြည်ကို ကယ်တင်နိုင်တယ်။ စာပေနဲ့ဒုက္ခ ပင်လယ်ဝေနေတဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်တယ်။ စာပေက အနာဂတ်တံခါးကို ဖွင့်နိုင်တယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက စလို့၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ မဟာဆွေ၊ မောင်ထင်၊ သိန်းဖေမြင့်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ သခင်မြသန်း၊ ခင်နှင်းယု စသည်ဖြင့် ဗန်းမော်ညိုနွဲ့၊ တင်မိုး၊ ကြည်အောင် စသည်ဖြင့် ကွယ်လွန်လေပြီးသောကြယ်ပွင့်များ၊ ပန်းပွင့်များဟာ၊ ကျနော်တို့ရဲ့ယုံကြည်ရာ၊ အားထားရာ၊ ကိုးကွယ်ရာပါ။

ကိုဒေါင်းရေ… ခုတော့ ဆရာပါရဂူကလည်း၊ ကျနော်တို့ကို ထားရစ်ခဲ့ပြန်ပြီ။ ကျနော်တို့ မင်းဆိုးမင်းညစ် အရိုင်းတို့ လက်ထဲမှာ၊ ခွေးသေ၀က်သေ ကျန်ရစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျနော်တို့မှာ၊ အမေလူထု ဒေါ်အမာတို့၊ ဆရာပါရဂူတို့လို ပုဂိုလ်တွေ ပေးခဲ့တဲ့၊ စိတ်အားသတ္တိတွေ၊ ကျနော်တို့ ခေတ်နဲ့အမျှ၊ ကျနော်တို့ ရုန်းကန်မှုနဲ့အမျှ ကျနော်တို့ တဘ၀လုံးစာ အပြည့် ရှိနေတာပဲ မဟုတ်လား။


“နိုင်ငံတော်ဆိုတာ၊ ပြည်သူရဲ့ဒုတိယအမည်နာမ” အဲဒီလို အဘိဓမ္မာမျိုးတွေဟာ၊ ဆရာပါရဂူဆီက ကျနော်တို့ရခဲ့တာပဲမဟုတ်လား။ ”တိုင်းပြည်နိုင်ငံကို၊ ဓားနဲ့အနိုင်တိုက်လို့ ရချင်ရမယ်။ လယ်ယာမြေကိုတော့၊ ဓားနဲ့ထွန်ယက်လို့ မရဘူး” ဒီလို အတွေးအခေါ်မျိုးတွေကို၊ ကျနော်တို့ ဆရာပါရဂူရဲ့စာတွေထဲမှာ ရှာတွေ့ခဲ့တာပဲ မဟုတ်လား။


ဆရာပါရဂူရဲ့ဝေသာလီတို့၊ မင်းနှင့်ပြည်သူတို့လိုဝတ္ထုကြီးတွေဟာ၊ ကျနော်တို့လူငယ်ဘ၀ကို သြဇာ လွှမ်းမိုးခဲ့တယ်။ ဆရာပါရဂူရဲ့သိဒ္ဒတ္ထလို၊ ဒိဗျာလို၊ အမ္ဘပါလီလို ၀တ္ထုကြီးတွေနဲ့ ကျနော်တို့ လူငယ်ဘ၀ ဖြတ်သန်းခဲ့တယ်။ ”ဒိဗျာ၊ မင်းဘ၀ရဲ့ဒုက္ခတခြမ်း၊ ငါ့ကိုကမ်းပါ။ ငါ့ဘ၀ရဲ့သုခ တခြမ်း၊ မင်းယူစမ်းပါ” ဒီစကားလုံးတွေနဲ့ ကျနော်တို့ ကြီးပြင်းလာခဲ့တယ်။


ကျနော်တို့မှာရှိတဲ့အနုပညာသူပုန်စိတ် ဆိုတာဟာ ဆရာပါရဂူတို့လို ရှေ့ဆောင်လမ်းပြ ကြယ်တာရာကြီးတွေဆီကနေ အမွေ ဆက်ခံခဲ့တာပဲ မဟုတ်လား။


ကိုဒေါင်း…အနုပညာ သူပုန်စိတ်ဟာ ဆရာပါရဂူဆီက ကျနော်တို့ရခဲ့တဲ့ ပထမအရာ လို့ ဆိုရင်၊ ဆရာပါရဂူဆီက ကျနော်တို့ရလိုက်တဲ့ဒုတိယအရာကတော့ ပရဟိတစိတ်ပါပဲ။


ဆရာပါရဂူဆိုတာ ဧရာမ ထာဝရ ပရဟိတသမားကြီးတဦးပါ။ ပဲခူးမြစ်ကမ်းဘေး၊ သန်လျင်ဟာရက်ရွာ၊ ပါရဂူစာကြည့်တိုက် သေးသေးကလေးကနေ၊ ရန်ကုန်-ရွှေပေါက္ကံမြို့သစ်က၊ ပါရဂူ ရှန်တိနိကေတန် ရည်ညွှန်းစာကြည့်တိုက်ကြီးအထိဟာ ဆရာပါရဂူရဲ့ ပရဟိတဘ၀ကို ဖော်ပြနေတာပဲ မဟုတ်လား။

ဆရာ့ရဲ့ ဂုဏ်ကျေးဇူးတွေကို အဝေးကနေပဲ ဦးညွှတ် ကန်တော့လိုက်ပါတယ်ဗျာ။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

အောင်ဝေး
ဧပြီ ၉ -၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts