>Ashin Nanika – This too shall pass away

>

ဒါလည်း ပြီးသွားမှာပါ
အရှင်ဉာဏိက
ဧပြီ ၂၂၊ ၂၀၁၁
This too shall pass away ဆိုတဲ့ သီချင်းသံကို ကားမောင်းနေရင်း ရေဒီယိုကနေ အမှတ်မထင် ကြားလိုက်ခဲ့ရတယ်။ အဓိပ္ပါယ်လေးက ဓမ္မသံနှောနေလို့ သဘောကျမိတယ်။ အလားတူ အကြောင်းအရာကို တစ်နေရာရာမှာ တွေ့ခဲ့ဖူးပါတယ်။ ဘယ်မှာပါလိမ့်လို့ အပြန်ပြန် စဉ်းစားနေမိတာ။ တော်တော်နဲ့ ပြန်ဖော်မရခဲ့ဘူး။ ခုညနေက မှတ်စုဟောင်းတွေ ပြန်ဖတ်မိမှ ဆရာဖေမြင့်ရဲ့ စာဖတ်သမား၏ မှတ်စုများစာအုပ်ထဲမှာ ဖတ်ခဲ့ရတာကို သိရတော့တယ်။  ဖတ်စဉ်က သဘောကျလို့ ကူးယူ ထားခဲ့တဲ့ စကားလေးနဲ့ ကဗျာလေးလည်း မှတ်စုထဲမှာ။ တခါ ပြန်ဖတ်ခွင့်ရတယ်။
ဆရာဖေမြင့်က ဒီစကားလေးနဲ့အတူ စာအုပ်ထဲမှာ တွေးတောစရာလေးတွေ ပေးထားခဲ့တယ်ဆိုတာကိုတော့ သတိရမိ တယ်။ အသေးစိတ်တော့ မမှတ်မိတော့ဘူး။ နောက်ပြီး ဒီစကားလေးနဲ့ ဆိုင်တဲ့ ဖြစ်နိုင်ခြေ နောက်ကြောင်းပုံပြင်လေးကို လည်း သူ့စာထဲမှာ ပြောထားတယ်လို့ထင်ပါတယ်။ ပုံပြင်လေးကိုလည်း မေ့တေ့တေ့ဖြစ်နေပြီ။
ဒါနဲ့ ဝီကီပီးဒီးယားမှာ ဒီအကြောင်းအရာလေးများ ရှိလေမလားလို့ ရှာကြည့်လိုက်တော့ ဒီစကားလေးဖြစ်ပေါ်လာပုံနဲ့၊ ဖြစ် နိုင်ခြေ ဇာတ်လမ်းအကျဉ်းချုပ်ကိုပါ တွေ့ရပါတယ်။ ဆရာဖေမြင့် ပြောခဲ့တဲ့ပုံလေးနဲ့ တူ၊ မတူဆိုတာတော့ တိတိကျကျ မပြောနိုင်ပါဘူး။ တူမယ်လို့တော့ ထင်ပါတယ်။ ဒီစကားလေးကနေ ပြောပြချင်တဲ့ ဆိုလိုရင်း အကျဉ်းကိုလည်း ဝီကီပီဒီ ယားမှာ ပြောပြထားတယ်။
တခါက အချိန်တိုင်း၊ နေရာတိုင်း၊ လူတိုင်းအတွက် အမြဲတမ်းမှန်ကန်နေတဲ့စကားကို အတိုဆုံးနဲ့ အထိမိဆုံးရေးပြဖို့ ပါရှန် ဘုရင်ကြီးက ပညာရှိတွေကို မိန့်ကြားခဲ့တယ်-တဲ့။ ပညာရှိကြီးတွေ နေ့ညမအား ဝိုင်းဝန်းစဉ်းစားကြတယ်။ စဉ်းစားလို့ရသမျှ စာနဲ့ရေးမှတ်ပြီး ဘုရင်ကြီးထံ တင်ပြကြတယ်။ ပညာရှိကြီးများစွာ အကြိမ်ကြိမ်အခါခါ တင်ပြလို့ စာရွက်တွေက တောင်လို ပုံနေတယ်။ သူတို့စာတွေက ရှည်တာရယ်၊ တိုပြန်တော့လည်း လိုရင်းမရောက်တာရယ်ကြောင့် ဘုရင်ကြီးက မကြိုက်နိုင် ဘူး။ အဆုံးမတော့ သမီးတော်က လက်စွပ်ပေါ်မှာ ဒါလည်းပြီးသွားမှာပါ-ဆိုတဲ့ ဒီစကားလေးကို ရေးထွင်းဆက်သလိုက်မှ ဘုရင်ကြီးက သဘောကျ နှစ်သက်တော်မူခဲ့တယ်။ ဒီကနေစလို့ ဒီစကားလေး တွင်ကျယ်လာတယ်လို့ ဆိုပါတယ်။
ဒီစကားလေးကို အခြေခံလို့ ကဗျာဆရာတွေက ကဗျာတွေဖွဲ့၊ တေးရေးဆရာတွေက တေးတွေ သီခဲ့ကြတယ်။ တရားဟော ဆရာတွေကလည်း တရားတွေ ဟောခဲ့ကြတယ်။ ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်ခံစားမှုနဲ့ကိုယ်။ တင်ပြပုံခြင်းတော့ အနည်းငယ် စီ ကွဲပြားသပေါ့။ ရေဒီယိုကနေ ကြားမိလိုက်တဲ့ သီချင်းကတော့ ဆရာဖေမြင့်ရဲ့ စာအုပ်မှာပါတဲ့ကဗျာလေးနဲ့ ကြောင်းတူသံ ကွဲ။
ဆရာဖေမြင့်က သူ့စာထဲမှာ-
“ကောင်းကင်ပြင် ကြည်စင်ချိန်မှာ
တိမ်တိုက်တွေ လာနိုင်တာ သတိထားပါ
အမှောင်ထဲရှိသည့်အခါ
ပေါ်လာမည့် အလင်းရောင်ကို ငံ့လင့်ပါ
ယနေ့သင့်ကံကြမ္မာ မည်သို့ပင်ရှိစေ
ဒါလည်း ပြီးသွားမည်ဆိုတာ သတိရပါ”
ဆိုတဲ့ ကဗျာဆရာ ဂျေဂျီဆက္က(စ)(J.G.Saxe1816-87) ရဲ့ ကဗျာလေးကို ဖော်ပြ ထားတယ်။
ဟုတ်တာပေါ့။ ဒီစကားက အချိန်တိုင်း၊ နေရာတိုင်း၊ လူတိုင်း၊ အခြေအနေတိုင်းနဲ့ ကိုက်ညီနေတာပဲဟာ။ ဘယ်အရာများ မပြီးနိုင်တာများ ရှိလို့လဲ။ ဘယ်အရာများ အစဉ်ထာဝရ တည်တန့်နေတာများ ရှိလို့လဲ။ ရေဒီယိုက ကြားမိလိုက်တဲ့ သီချင်း လေးကလည်း နည်းတူပါပဲ။ နားလည်သလောက် ဘာသာပြန်လို့ ပြန်ပြောရမယ်ဆိုရင်ဖြင့်-
ငြိမ်းချမ်းမှုအားလုံး ပျက်ပြုန်းကာ
ဝမ်းနည်းဖွယ် ဖြစ်စဉ်တွေဟာ
သင့်ဘဝကို အဟုန်ပြင်းစွာ
ကြမ်းတမ်းတဲ့ မြစ်ရေပမာ
ဖျက်ဆီးကာ လွှမ်းသွားတဲ့အခါ၊
သင်အနှစ်သက်ဆုံး အရာများစွာ
တိုက်စားကာ ယူဆောင်သွားတဲ့အခါ၊
သင့်နှစ်လုံးသားကိုသင် ပြန်ပြောလိုက်ပါ၊
ဒါလည်း ပြီးသွားမှာပါ။
မဆုံးနိုင်တဲ့ အခက်အခဲတွေဟာ
ကြည်နူးစရာ့ မင်းတေးအလှကို ရပ်တန့်စေကာ
တောင်းဆုလေးတစ်ခု ပြုဖို့ပင်လျင်
မရဲဝံ့အောင် နွမ်းလျနေချိန်မှာ
ရုန်းကန်နေဆဲ နေ့ပေါင်းများစွာ
ပင်ပန်းသမျှ ပြေလျော့ဖို့ရာ
ဒီအမှန်တရား သစ္စာနဲ့ ပျယ်လွင့်စေပါ
သင့်နှစ်လုံးသားကိုသင် ပြန်ပြောလိုက်ပါ
ဒါလဲ ပြီးသွားမှာပါ။
ကံတရားက မင်းဖက်မှာ
ပျော်ရွင်မှုနဲ့ အပြုံးများစွာ
အရာရာအားလုံးပဲ ချောမွေ့စွာ
အချိန်ကုန်မှန်းမသိ ကုန်ဆုံးတဲ့အခါ
ပျော်ရွှင်ဖွယ် ဒီအခိုက်အတန့်မှာ
အမှန်တရား ဒီသစ္စာ
ပြန်လည်ကာ သတိရစေပါ
ဒါလည်း ပြီးသွားမှာပါ။
ကျိုးစားခြင်းက ရလဒ်တွေဝေ
ကျော်ကြားခြင်းနဲ့ ချီးမွမ်းမှုတွေ
ကမ္ဘာမြေရဲ့ အကောင်းဆုံးတွေ
မင်းဆီကို ဝင်လာချိန်မှာလေ
ပြုံးပျော်စွာ ခံစားရင်းလေ
အမှန်တရားသစ္စာ
အမြဲတမ်း အမှတ်တရ ရှိပါစေ
ဘဝဆိုတာ ရှည်လျားတတ်ပေ
အောင်မြင်ခြင်းဟာ ခဏတာပဲလေ
ဒါလည်း ပြီးသွားမှာပါလေ။
အတွေ့အကြုံတွေကို ကျင်လည်ရာဘဝနဲ့ နှိုင်းစာတတ်တယ်-တဲ့။ ပြောကြတယ်။ ဟုတ်မယ်။ တခုခုကို ကြားမိ၊ မြင်မိတဲ့ အခါများမှာ ကိုယ်ကျင်လည်နေတဲ့ ဘဝအသိ၊ အတွေ့အကြုံနဲ့ နှိုင်းယှဉ်မိတယ်။ ဒါလည်းပြီးသွားမှာပါဆိုတဲ့ သီချင်းသံလေး ကြားမိတော့ အမြဲတမ်းစိတ်ထဲမှာ ရှိနေတတ်တဲ့ “သဗ္ဗေ သင်္ခါရာ အနိစ္စာ”ဆိုတဲ့ စကားလေးက ဦးစွာပေါ်လာတယ်။ တကယ်တော့ ပြီးသွားမှာနဲ့ မမြဲပါဆိုတဲ့ ဒီစကားနှစ်ခုက ဒီနေရာမှာ ကြောင်းတူသံကွဲပဲ မဟုတ်လား။
သဗ္ဗေ သင်္ခါရာ အနိစ္စာ-ဆိုတဲ့ စကားကိုလည်း တော်တော်များများ ကြားဖူးကြမှာပါ။ ဘယ်အရာမှ မမြဲပါဘူးကွာဆိုတဲ့ သံ ဝေဂ စကားကိုလည်း ပြောကောင်း ပြောဖူးကြမှာပါ။ ကိုယ်ခင်မင်တဲ့သူတစ်ဦးဦးမှာ ကြုံရတဲ့ ဝမ်းနည်းဖွယ်ကာလကို ဖြေ သိမ့်အားပေးရာ ဖြေဆေးအဖြစ် ဒီစကားလေးကို ဆိုတတ်ကြပါတယ်။ အောင်မြင်မှု တလူလူနဲ့ မာန်တံခွန်ထူချိန်မျိုးမှာ သတိတရဖြစ်စေဖို့အတွက်တော့ မပြောဖြစ်တတ်ကြပါဘူး။ ဒီအချိန်မျိုးမှာ ပြောခဲ့မယ်ဆိုရင်လည်း သူသူကိုယ်ကိုယ်ပဲ ဒီ စကားကို ကြိုက်နိုင်မယ် မဟုတ်ပါဘူး။ အောင်မြင်ကျော်ကြားမှုတွေ တလူလူနဲ့ မာနတံခွန်ထူနေချိန်မျိုးမှာ အခြားသူတွေ အတွက် ပြောမထွက်ခဲ့၊ မပြောဖြစ်ခဲ့လျင်တောင် ကိုယ့်ကိုယ်ပြန်လည်လို့ ပြောဖြစ်ခဲ့မယ်ဆိုလျင်ကိုပဲ သိပ်ကောင်းမှာပါ။
ကမ္ဘာပေါ်ရှိ ကောင်းမြတ်တဲ့အရာအားလုံးနီးပါး ကိုယ့်အပါးမှာ စုပုံရောက်လာလို့ ကိုယ့်ဘဝကိုယ် ကျေနပ်အားရ ရှိချိန်မျိုး မှာလည်း ဒါဟာအခိုက်အတန့်မျှသာ။ အချိန်တန်လျင်ဖြင့် ဒါလည်း ပြီးသွားမှာပါဆိုတဲ့ အတွေးမျိုးကို မတွေးထင်တတ်ကြပါ ဘူး။ တကယ်တော့ ဘယ်အရာမှ မမြဲပါဆိုတဲ့ ဒီစကားက ကောင်းတာလည်း မမြဲ၊ မကောင်းတာလည်း မမြဲလို့ ဆိုချင်တာ ပါ။
အားငယ်သူကို အားပေး၊ မာန်ကြီးသူကို မာန်လျော့။ လောကထဲမှာ နေထိုင်ကြတဲ့ လောကလူသားတွေကြား။ တစ်ဦးချင်း အသီးသီးမှာဖြစ်နေတဲ့ မချောမွေ့မှုတွေ။ အချင်းချင်းကြားမှာ ဖြစ်နေတဲ့ မသင့်တင့်မှုတွေကို ချောမွေ့သာယာစေပြီး နေပျော် စရာ ကမ္ဘာဖြစ်စေဖို့ ချိန်ခွင်လျှာာညှိပေးတဲ့ တရား။ အမြဲတမ်း ဆင်ခြင်အောင့်မေ့ဖွယ်ရာ စကားလေးတစ်ခွန်းပဲ မဟုတ် လား။
လောကတွင်းမှာ နေထိုင်ကြရတဲ့ လောကလူသားတစ်ဦးပီပီ လောကဓမ္မဆိုတဲ့ ပေါများခြင်း၊ ရှားပါးခြင်း။ ကျော်ဇောခြွေရံ ရှိခြင်း၊ မဲ့ခြင်း။ ချီးမွမ်းခံရ၊ ကဲ့ရဲ့ခံရခြင်း။ ချမ်းသာ၊ ဆင်းရဲ တစ်လှဲ့စီနဲ့ တွေ့ကြုံရခြင်းမျိုးတွေ ရှိကြမှာပါ။ လောကဓမ္မရဲ့ အလှည့်အပြောင်းက ကိုယ့်ကိုယ် ဒဏ်ဖြစ်စေမယ့် လောကဒဏ် မဖြစ်စေဖို့(လောကဓံကနေ လောကဒဏ် မဖြစ်စေဖို့) တော့ လိုပေလိမ့်မယ်။
အကောင်းတွေနဲ့ တွေ့လို့ မာနတံခွန် ထူလိုစိတ်ဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ်။ အဆိုးတွေနဲ့ ကြုံရလို့ စိတ်ပျက်အားလျော့နေချိန် မှာဖြစ်ဖြစ်။ အကောင်းလောကဓံပင့်လို့ ကြွတက်သူတွေ၊ အဆိုးလောကဓံဖျက်လို့ စိတ်ပျက်သူတွေ၊ ဘယ်သူမဆို “ဒါလည်း ပြီးသွားမှာပါ” ဆိုတဲ့အသိကိုသာ နှစ်နှစ်ကာကာ နားလည်လက်ခံထားနိုင်ရင်ဖြင့် ဘယ်လို လောကဓံလှိုင်းက  ကိုယ့်ကိုယ် လာရိုက်သည်ဖြစ်ပါစေ၊ ထိခိုက်ဒဏ်သင့်မှု နည်းစေမှာကတော့ အမှန်ပါပဲ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts