>Khin Lunn’s Poem (1)

>

ရမ္မက် ၅၃
ခင်လွန်း
ဧပြီ ၂၂၊ ၂၀၁၁

ကိုယ်က တံငါပါ
အချိန်တိုင်း
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မျှားနေရတဲ့ကောင်။

ကိုယ့်အသည်းနှလုံးကိုယ်
ငါးစာလုပ် မျှားယူရတာလောက်

မျှော်လင့်ချက်ကြိုးတွေ
လျှော့လျှော့ ပေးလိုက်ရတာလောက်

နေလုံးကြီး စုန်းစုန်းမြုပ်သွားတဲ့အထိ
မြောမြော လိုက်နေရတာလောက်

ငါ့ဖော့တုံးလေး မြုပ်ချည် ပေါ်ချည်
လောကဓံများ ဒီရေထဲတလိမ့်လိမ့်တက်လာနေပုံ
ငါကပဲ ငါးပွက်ရာ လိုက်မိတာလား
ငါးတွေကပဲ ငါ့ ငစာ(ငါးစာ)နား လာပွက်နေရော့လား
………

တချက်သုတ်လေတိုင်း
ငါးစာအသစ် လဲလေတိုင်း
(နှလုံးသားကို clone ကလုံးပွားယူထားတယ်လို့ဆိုပါတော့)
ရှိသမျှကြိုးတွေ ဖြေချလိုက်လေတိုင်း

ကိုယ့်ရှေ့ကမြစ်ကြီးသာ
ကုန်ခမ်းသွားရ
ခုထိ ဟင်းစားက မရနိုင်ဘူး။

ဇွန်၊ ၂၀၀၄ – မတ် ၃၁၊ ၂၀၁၀

သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts