>indian activist ended his fasting – fight against corruption

>

 
 အနာဟဇား (အသက် ၇၃ နှစ်) ၏
အိန္ဒိယပြည် အထွေထွေခြစားပျက်စီးနေမှုကို အစာငတ်ခံပြီး တိုက်ပွဲဝင်ခြင်း အနိုင်နဲ့ အဆုံးသတ်
မိုးမခ အထောက်တော် ၀၀၂
ဧပြီ ၁၈၊ ၂၀၁၁
ဧပြီလ ၉  ရက်နေ့က အိန္ဒယပြည်ရဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ အနာဟဇားက ၄ ရက်ကြာ အစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်လိုက်တယ်။ သူ အစာငတ်ခံ ဆန္ဒပြမှုကို လူမသိ သူမသိ စတင်ခဲ့တာ ဆိုပေမယ့် သူရဲ့ တိုက်ပွဲခေါ်သံဟာ အိန္̔ဒိယတိုင်းပြည်တခုလုံးမှာ အကျယ်လောင်ဆုံး မြည်ဟိန်းသွားတယ်။ 
တိုင်းပြည်ရဲ့ ကင်ဆာရောဂါကြီးဖြစ်တဲ့ အထွေထွေ အကျင့်ပျက် ခြစားနေတာတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေ၊ အုပ်ချူပ်သူတွေအဆင့်ဆင့် စာရိတ္တတွေ သီလတွေ ပျက်စီး ချို့ယွင်းနေတာတွေကို နှစ်ပေါင်းများစွာ လက်မှိုင်ချနေရတဲ့ နိုင်ငံသားတွေအတွက် နှိုးကြားတက်ကြွစေတဲ့ တိုက်ပွဲခေါ်သံ တခု ဖြစ်သွားတယ်။ သူရဲ့ ဂန္ဓီကြီးလမ်းစဉ်ကို တကိုယ်တော်ကျင့်သုံးလိုက်တဲ့ အာဇာနည်လုပ်ရပ်ဟာ အိန္ဒိယပြည်ရဲ့ မြို့ကြီးပေါင်း ၄၅၀ ကျော်မှာ ထောက်ခံဆန္ဒပြပွဲတွေ ဆက်တိုက် ပြန့်နှံ့ဖြစ်ပွားစေခဲ့တယ်။
ဒါကို ဥပက္ခာပြုနေတဲ့ အာဏာရ ယူပီအေ အစိုးရဟာ နောက်ဆုံးမှာတော့ ဖိအားပေါင်းစုံကို မရင်ဆိုင်နိုင်တော့တဲ့အဆုံး ၉၈ နာရီမြောက်မှာ အနာဟဇားရဲ့ တောင်းဆိုချက်ကို လိုက်နာဆောင်ရွက်ပေးမယ် ဖြစ်တဲ့အကြောင်း ကြေညာလိုက်ရပါတော့တယ်။
သူ့တောင်းဆိုချက်က ရိုးရိုးရှင်းရှင်းလေးပါ။ တိုင်းပြည်ရဲ့ အထွေထွေခြစားပျက်စီးနေမှုတွေကို ဆန့်ကျင်ချေမှုန်းနိုင်ဖို့အတွက် အစိုးရကနေပြီးတော့ တသီးပုဂ္ဂလစုံစမ်းစစ်ဆေးရေးအဖွဲ့တခု ဖွဲ့စည်းရေးပါပဲ။ အဲဒိအဖွဲ့ရဲ့ အမည်ကို Lokpal လို့ ခေါ်တွင်မယ်လို့ ဆိုပါတယ်။ ဒီခြေလှမ်းအစဟာ နောင် ရှေ့မှာ ဆက်လက်တိုက်ပွဲဝင်ရမယ့် ရေရှည်စစ်ပွဲကြီးရဲ့ နိဒါန်းတိုက်ပွဲကလေးပဲ ဖြစ်ပါတယ်။
အဲသည်လိုမျိုး လော့ပယ်အဖွဲ့ပေါ်ထွန်းရေး ဥပဒေမူကြမ်း ပေါ်ထွန်းရေးအတွက် ၀ိုင်းဝန်း ဦးဆောင်ကြသူများဖြစ်တဲ့ အမျိုးသားရေးလှုပ်ရှားသူများကတော့ ရှေ့နေ ပရာရှန့် ဘရူရှန်၊ အာဗစ် ကစ်ဂျာဝီတို့က အောင်ပွဲခံပြည်သူတွေနဲ့ အတူ ကြွေးကြော်လိုက်တာကတော့ ဒါဟာ တိုက်ရိုက်ဒီမိုကရေစီ ဖြစ်တယ် …” တဲ့။
တိုက်ရိုက်ဒီမိုကရေစီ  ကို ၂၀၁၁ ဇန်န၀ါရီမှာ Public Cause Research Foundation က စတင်ပြီး မိတ်ဆက်ပေးခဲ့တယ်။ ဒီဖောင်ဒေးရှင်းထူထောင်သူက ကစ်ဂျာဝီ (Kejriwal) ဖြစ်ပါတယ်။ အဲသည်ဖောင်ဒေးရှင်းကို ထောက်ခံသူပေးသူကတော့ အစာငတ်ခံဆန္ဒပြသူ အနာဟဇားကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ 
သူတို့တတွေဟာ ဗဟိုချူပ်ကိုင်မှု နဲ့ လက်ဝါးကြီးအုပ်မှုတွေကို လျော့ချစေမယ့် နိုင်ငံရေးစနစ်တွေ ဥပဒေတွေ ပေါ်ထွန်းလာအောင်၊ မဲဆန္ဒနဲ့တင်မြှောက်ပြီးသား ကိုယ်စားလှယ်ကို ပြည်သူက လက်မခံနိုင်ရင် အများမဲနဲ့ ချက်ခြင်း ရုတ်သိမ်းနိုင်ခွင့် ရှိအောင်တွေကိုပါ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လော့ပယ် ဥပဒေသာ အတည်ပြုဖြစ်မယ် ဆိုရင်တော့ အဲသည် အစိုးရသြဇာသက်ရောက်မှု မရှိဘဲ တသီးပုဂ္ဂလစုံစမ်းစစ်ဆေးရေးကော်မရှင်မှာ အောက်ပါ အချက်တွေ ပါဝင်အောင် အဆိုပြုထားကြတယ်လို့ သိရပါတယ်။
၁။ ဒါဟာ အကြံပေးအဖွဲ့မဟုတ်၊ စုံစမ်းရေးနဲ့ အရေးယူရေး အာဏာရှိတဲ့ အဖွဲ့ဖြစ်တယ်
၂။ သူ၏ ညွန်ကြားချက်များကို အိန္ဒိယအစိုးရရဲ့  စုံစမ်းစစ်ဆေးရေးပုလိပ်အဖွဲ့၏ ခြစားမှု တိုက်ဖျက်ရေးဌာနခွဲကလည်း သြဇာနာခံရမည် ဖြစ်တယ်
၃။ သူကိုယ်တိုင်က အမှုဖွင့်ခွင့်၊ ပြည်သူ၏ တိုင်ကြားမှုကို လက်ခံခွင့် ရှိတယ်
၎။ အစိုးရဌာနအားလုံးရဲ့ ခြစားမှု တိုင်ကြားချက်တွေကို လိုက်လံစုံစမ်းနိုင်တယ်။ နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေ အားလုံးပါဝင်တယ်
၅။ ကော်မရှင်မှာပါတဲ့သူတွေက အစိုးရဖက်ကအပြင် ပြင်ပက တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံတကာကအဖွဲ့အစည်းတွေထံက ဂုဏ်ပြုကြည်ညိုမှု ခံထားရသူတွေ ပါဝင်တယ်
လို့ ရေးသားထားပါတယ်။
 နိုင်ငံတကာမှာ အာဏာရှင်တွေ၊ လက်ဝါးကြီးအုပ် ခြယ်လှယ်မှုတွေ၊ ခြစားပျက်စီးနေတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်တွေကို လူထုက လမ်းပေါ်ထွက် ဆန္ဒပြခြင်း၊ လက်နက်ကိုင် တော်လှန်တိုက်ခိုက်ခြင်း၊ နိုင်ငံတကာ၏ ၀င်ရောက် စွက်ဖက်ဖြေရှင်းမှုကို ရယူခြင်းတို့နဲ့ တမိုးလုံး ဟိန်းနေချိန်မှာ အိန္ဒိယပြည်က တိုက်ရိုက်ဒီမိုကရေစီ လှုပ်ရှားမှုကလည်း ဘယ်လောက် တာသွားမှာလဲဆိုတာကို အာရှနည်း အာရှဟန် ဒီမိုကရေစီဇာတ်ခင်းချင်သူတွေကလည်း စောင့်ကြည့်နေကြလိမ့်မယ် ထင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts