>Maung Maung One – Politics

>

နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်
မောင်မောင်ဝမ်း
ဧပြီ ၁၄၊ ၂၀၁၁

ဟိုးလွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလကို ပြန်ပြောင်းလို့ သတိရမိတယ်။
၁၉၉၀ ရွေးကောက်ပွဲအကြို စည်းရုံးရေးကာလမှာ ကျနော်တို့မြို့ကို စည်းရုံးရေးဆောင်ရွက်ဖို့ အနုပညာရှင်တွေ ရောက်ရှိလာကြတယ်။ ကဗျာဆရာကြီး ဦးတင်မိုး၊ ဖေမြင့်၊ မောင်သွေးသစ်၊ ကိုမြတ်ခိုင်၊ အဆိုတော် ကိုတင်လှိုင်၊ စန္ဒယား တင်ဝင်းလှိုင်တို့ … ညဘက် တညမှာ ကျန်တဲ့သူတွေက အိမ်ကြီးရဲ့ အောက်ဘက် မြက်ခင်းပြင်မှာ ဆိုကြ တီးကြ ကဗျာတွေရွတ်ကြနဲ့၊ အိမ်အပေါ်ထပ်မှာတော့ ဆရာ ဦးတင်မိုးနဲ့ လူငယ်ကျောင်းသားတချို့ ရှိနေကြတယ်…။ ဆရာကြီးနဲ့ ဝိုင်းဖွဲ့ဆွေးနွေးရင်း… ဆရာကြီးရဲ့ သြဝါဒတွေကို ခံယူတယ်ဆိုရင်လည်း မမှားပါဘူး။ အဲဒီနေ့ညက မှတ်မှတ်ရရ … … … 
စကားဝိုင်းကို အားလုံးတပြေးညီ ကြမ်းပြင်ပေါ်မှာပဲ ဝိုင်းဖွဲ့ခဲ့ကြတယ်။ ဆရာကြီးက ထိပ်ဆုံးမှာ …
“တကယ်တော့ … နိုင်ငံရေးအလုပ်ဆိုတာ မြင့်မြတ်တဲ့အလုပ်ပါ… တနည်းအားဖြင့် မြင့်မြတ်သူတို့ရဲ့အလုပ် … တော်ရုံစိတ်ထားနဲ့ လုပ်နိုင်ဖို့ခက်တယ်… ဒါပေမယ့် ကျုပ်က နိုင်ငံရေးသမားတော့ မဟုတ်ဘူး…။ နိုင်ငံရေးသမားလို့ ခံယူရလောက်အောင် စွန့်လွှတ် အနစ်နာခံစိတ် အဲသလောက် မကြီးမားဘူး …။ မြင့်မြတ်တဲ့စိတ် အဲသလောက် မရှိသေးဘူး …။ ပေမီဒေါက်မီ နိုင်ငံရေးသမားတယောက်ဖြစ်ဖို့ တော်တော်လိုတာဗျ…။ ဥပမာ … ဗိုလ်ချုပ်အောင်ဆန်းတို့ ဒေါ်အောင်ဆန်းစုကြည်တို့လိုပေါ့…။ ကျုပ်က အများကြီး လိုသေးတယ် …”

ဆရာကြီး ရင်ထဲကထွက်လာတဲ့ စကားလုံးတွေထဲမှာ ရိုးသားဖြူစင်တဲ့ အရိပ်ငွေ့တွေရောထွေးပါလာတယ်…ပကာသနတွေ မပါဘူး . .. ဟန်ဆောင်မှုတွေ မသုံးဘူး။
“ဒါဆို ဆရာကြီး နဝတ (အဲဒီကာလက နဝတ ပဲရှိသေးတယ်) က နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူးလား… သူတို့လည်း မြင့်မြတ်တဲ့အလုပ် လုပ်နေတာပေါ့ ” ဆိုတော့ …
“ဘယ်ကလာ … … သူတို့က စီးပွားရှာနေကြတာ … နိုင်ငံအာဏာနဲ့ စီးပွားရေးလုပ်နေတာ … နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး…။ နိုင်ငံရေးသမားက နိုင်ငံရေးကို ခုတုံးလုပ်ပြီး စီးပွားမရှာဘူးဗျ …။ နိုင်ငံရေးအလုပ်ကို နိုင်ငံရေးအတွေး ခေါ်လုပ်ငန်းစဉ်အတိုင်းပဲ လုပ်တယ်…။ တိုင်းပြည်နဲ့ လူထုကို ဘယ်လို တိုးတက်အောင် လုပ်ပေးရမလဲဆိုတဲ့ အတွေးတွေကိုပဲ စဉ်ဆက်မပြတ်တွေးတယ် …၊ လုပ်တယ်…၊ သူ့ရင်ထဲမှာရှိတာ ငွေမဟုတ်ဘူး …။ လူထု …။ တိုင်းပြည်ကို ဘယ်လိုချစ်ပါတယ် … ဘယ်လို တိုးတက်အောင် လုပ်နေပါတယ် ဘယ်လောက်ပဲပြောပြော… လက်တွေ့ ဟုတ်သလား … ကြည့် …။ မဟုတ်ရင် … တခုခုမှားနေပြီ …။ တကယ်လုပ်မယ့်သူက တကယ်ဖြစ်နိုင်မယ့် လုပ်ငန်းစဉ်ကိုပဲ ရွေးချယ်တယ်…။ တင်းသင့်တာတွေကိုတင်း …၊ လျှော့သင့်တာတွေကိုလျှော့ …။ လူထုမျက်နှာ…၊ လူထုအခွင့်ရေးကိုပဲ ကြည့်တယ်…။ တခါတလေ ကျုပ် စိတ်ကူးယဉ်ကြည့်တယ် … ကိုယ်က သမ္မတပေါ့ဗျာ (စိတ်ကူးယဉ်တာတော့ ရာထူးမြင့်မြင့်ထားမှ ကောင်းတာ …) တိုင်းပြည်ကို တည်ဆောက်ကြည့်တယ် … တကယ်ကို အရသာရှိတာဗျာ … စိတ်ကူးနဲ့တောင် အရသာရှိတယ် … ကျုပ် အမြင်ပြောရရင် လောကမှာ အများအကျိုးကို စိတ်ရှိသလောက် ဆောင်ရွက်နေရတာလောက် ကောင်းတာ ဘာမှမရှိဘူး … အစောက ပြောခဲ့သလိုပါပဲ … နိုင်ငံရေးဆိုတာ မြင့်မြတ်တဲ့အလုပ်ပါ …။ တခါ … မြင့်မြတ်သူတို့ရဲ့ အလုပ်ပါ။ ဘာလို့လဲဆိုတော့ အများအကျိုးကို ကိုယ်ကျိုးစွန့်ပြီး သယ်ပိုးရတာကိုး …”
“ဆရာကြီး စစ်အာဏာရှင်တွေကတော့ … နိုင်ငံရေးဆိုတဲ့အသံကြားလိုက်တာနဲ့ တီကောင်ကို ဆားထိလိုက်သလို တွန့်တွန့်သွားတာ .. ဘာလို့လဲ”
“သူတို့က နိုင်ငံရေးလုပ်နေတာမှ မဟုတ်တာ … သူတို့ရေး လုပ်နေတာဆိုတော့ … နိုင်ငံရေးလုပ်နေသူများဟာ … သူတို့အတွက် ရန်ဘက်ဖြစ်နေတာပေါ့ …။ ကျုပ် နားလည်တာက … နိုင်ငံရေးအလုပ်ဆိုတာ … မှားမှန်းသိရင် ပြင်နိုင်ရမယ် … မှန်ရင် ဆက်လျှောက်ရဲရမယ် …။ ပြုနိုင်လွယ် … ပြင်နိုင်လွယ်ဖြစ်ရမယ် … လူထုမျက်နှာ … လူထုအကျိုးးစီးပွားကို ရှေးရှုရမယ် … အဲဒါမှ နိုင်ငံရေး”
လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုဆီက စကားတွေဟာ ခုထိလတ်ဆတ်နေဆဲ၊ ခေတ်မီနေဆဲ၊ ကျနော့်ရင်ထဲမှာ စွဲထိနေဆဲပါ … … “နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်တဲ့”
မြင့်မြတ်တဲ့အလုပ်ကို လုပ်မယ်ဆို … မမြင့်မြတ်သူတို့ရဲ့ ထိုးနှက်တိုက်ခိုက် ဝေဖန်စော်ကားမှုတွေ သတ်ဖြတ်မှုတွေဆိုတာ မလွဲမသွေ ကြုံရမှာပါပဲ … ဆန့်ကျင်ဘက်တို့ရဲ့ အားပြိုင်မှုဆိုတာ … လောကဓမ္မပဲလေ … ဒီကမ္ဘာလောကကြီးကိုက ဆန့်ကျင်ဘက်တို့ရဲ့ အားပြိုင်မှုတွေနဲ့ တည်ဆောက်ထားတာ မဟုတ်လား … … … 
ဦးစော သတ်ဖြတ်မှာကိုကြောက်လို့ ဗိုလ်ချုပ်ဟာ နိုင်ငံရေးလောကကနေ ဟိုးအစောကြီးကထဲက စွန့်ခွာသွားခဲ့မယ်ဆိုရင် မြန်မာပြည်ရဲ့လွတ်လပ်ရေး ကံကြမ္မာဟာ ဘာတွေများဖြစ်လာလိမ့်မလဲ … 
မြင့်မြတ်တဲ့သူတွေရဲ့ လုပ်ရပ်များဟာ မိမိယုံကြည်ရာ ပန်းတိုင်အတွက် ဘာကိုမှ စိုးရွံ့စိတ်မရှိ၊ အောင်မြင်မှုပန်းတိုင်ကို မရောက်ရောက်သည်အထိ လျှောက်တတ်ကြတယ်။
ခေတ်အဆက်ဆက် စစ်အာဏာကြီးများက နိုင်ငံရေးဆိုတာကို ပုံဖျက်သွားကြလေတော့ … နိုင်ငံရေးဆိုတာ ကြားလိုက်ရုံနဲ့ … အများစုက မသတီစရာတခုလို့ မြင်လာတတ်ကြတယ် … နိုင်ငံရေးသမားဆိုသူများကို အဖျက်သမားတွေ၊ အချောင်သမားတွေ၊ လူထုကို ဒုက္ခပေးမယ့်သူတွေလို့ မြင်လာအောင် အမျိုးမျိုးဝါဒတွေ ဖြန့်တယ်။ နာမည်တွေပျက်အောင် ဖျက်တယ်။ တကယ်တော့ နိုင်ငံရေး အလုပ်ဟာ လောကီနယ်ပယ်တခုလုံးမှာ အလွန်မှ မြင့်မြတ်တဲ့ အလုပ်ပဲဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာကို ညစ်နွမ်းအောင်လုပ်တာဟာ လုပ်တဲ့သူရဲ့လုပ်ရပ်ပဲ ဖြစ်တယ်၊ နိုင်ငံရေးရဲ့ ဖြစ်စဉ်မဟုတ်ဘူး။
နအဖ ရေလဲသုံးတတ်တဲ့ နိုင်ငံရေးနဲ့မပတ်သက်ရ ဆိုတဲ့စကားရပ်ကို အသည်း ယားတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသားတွေရဲ့အရေးပဲ တနည်းအားဖြင့် လူသားတွေရဲ့ အရေးပဲ။ ဒါကို မပတ်သက်ရဆိုတော့ လူထုက ဘယ်နေရာမှာ သွားပတ်သက်ရတော့မှာလဲ။ လိုရင်လိုသလို မလိုရင် မလိုသလို ဆွဲယူတတ်တာ အာဏာရှင်တွေရဲ့ စရိုက်လက္ခဏာတခုပါ။
တကယ်တော့ စစ်အာဏာရှင် အဆက်ဆက်မှာ နိုင်ငံရေးဆိုတဲ့ဝေါဟာရကို အဓိပ္ပာယ် ဖွင့်သွားတာက ဆန့်ကျင်သူ၊ အာဏာကို ဖြတ်လမ်းနည်းဖြင့်ရယူသော လုပ်ရပ်၊ တိုင်းပြည်ကို ဖျက်စီး နှောက်ယှက်နေသူများ စသဖြင့်ပေါ့လေ။ သူတို့ကိုသူတို့ကျ နိုင်ငံရေးသမားများလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ အဲသလောက်ထိ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို ကြောက်ရွံ့ကြတာ …။ တခါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ကျောင်းသားတွေ ဆုံခဲ့စဉ်အခါက အန်တီစု ပြောခဲ့တဲ့စကားလေးကိုလည်း သတိရမိတယ် …။
“နိုင်ငံရေးဆိုတာ စက်ဆုတ်ရွံ့ရှာစရာ အလုပ်မဟုတ်ဘူးဆိုတာကို … လူထုတရပ်လုံးသိအောင် ကြိုးစားဖို့ လိုတယ် … နိုင်ငံရေးဆိုတာ ပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ … ပြည်သူတရပ်လုံး နိုးကြားတက်ကြွနေဖို့လိုတယ် …။ အန်တီတို့ချည်းပဲ လုပ်နေလို့မရဘူး … လူထုတရပ်လုံးက နိုးကြားမှု မရှိဘူးဆိုရင် … ဘယ် လမ်းစဉ်ကောင်းကောင်းနဲ့ပဲ သွားသွား မအောင်မြင်နိုင်ဘူး … ဒီမိုကရေစီ မရသေးတဲ့နိုင်ငံ မပြောနဲ့ … ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် … ရရှိထားပြီးသား ဒီမိုကရေစီကို ပျောက်ပျက်မသွားအောင် … လူထုရဲ့ နိုးကြားတက်ကြွမှုတွေနဲ့ ဝိုင်းထိန်းသိမ်းကြရတာ” 
မှတ်သားစရာကောင်းတဲ့ စကားတွေပါ။ တကယ်တော့ နိုင်ငံရေးဆိုတာ ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုးကို ဆောင်ရွက်ရတဲ့ကိစ္စပါ။ လောကုတ္တရာမှာ ဘာသာသာရေးဟာ အထွတ်အထိပ်ဆိုရင် လောကီမှာ နိုင်ငံရေးဟာ အမြင့်ဆုံးမှာရှိတယ်လို့ ဆိုချင်ပါတယ်။ အင်မတန်မှ ဖြူစင်မြင့်မြတ်တဲ့ နိုင်ငံရေးကို အရောင်ဆိုး ပုံဖျက်သူများဟာ သူတို့ရဲ့ကိစ္စသာ ဖြစ်ပါလိမ့်မယ်။ မူလနိုင်ငံရေးကတော့ အမြဲဖြူစင်လျှက်ပါ။ နိုင်ငံရေးဆိုတာ လူသားတွေအကျိုးစီးပွား (အများအကျိုးစီးပွား) ကို ဆောင်ကျဉ်းပေးရတဲ့ အလုပ်ဖြစ်တဲ့အတွက် တကယ်တော့ နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်သာ ဖြစ်ပါတယ်။
စိတ်ဓာတ်မြင့်မားလေ အများအကျိုးဆောင်ရွက်လေ
ဆရာတော်အရှင်ဆန္ဒာဓိက
ကြုံတွေ့လာသမျှ လူသားတိုင်းရဲ့ အကျိုးစီးပွားကို
ကိုယ်စွမ်းနိုင်သမျှ မေတ္တာစေတနာအပြည့်နဲ့ 
ကူညီဆောင်ရွက်ပေးတာကိုပဲ
ဒီဘဝ ကျေးဇူးရှင်၊ သံသရာ ကျေးဇူးရှင်တွေကို
ကျေးဇူးတုံ့ပြန်နေတာမို့ 
ကျေးဇူးဆပ်တယ် လို့ ခေါ်ပါတယ် …။
မျက်မှောက်မျက်ကွယ် ကျေးဇူးရှင်တွေကို
ကျေးဇူးဆပ်နေရတာကိုပဲ
ပေးဆပ်နေရတယ်လို့ ပေါ့ပေါ့ပါးပါး သုံးနှုန်းကြပါတယ် …။
ကျေးဇူးတရားကို သိနားလည်တဲ့ သူတော်ကောင်းမှန်သမျှ
ကိုယ်နဲ့ ထိတွေ့ပတ်သတ်လာသူတွေရဲ့ အကျိုးစီးပွားကို
ကိုယ်စွမ်းနိုင်တဲ့ဘက်က
သို့မဟုတ်
ကိုယ်စိတ်ဝင်စားတဲ့ အခန်းကဏ္ဍက
အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးရင်း
ကျေးဇူးတရားကို တုံ့ပြန်ပေးဆပ်နေကြတာမို့ 
လောကအတွက် ပေးဆပ်နေကြတဲ့
ပရဟိတ သူတော်ကောင်းတိုင်းကို
မြင့်မြတ်စွာ ပေးဆပ်နေသူများလို့
ကမ္ပည်းထိုးနိုင်ပါတယ် …။
အားလုံးကို လေးစားစွာဖြင့်
မောင်မောင်ဝမ်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts