>Kyaw Thu – FFSS Yangon Activity (9th April 2011)

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဧပြီ ၁၀၊ ၂၀၁၁
 
ငြိမ်းချမ်းရေးနေအိမ်ထဲက “ဆရာပါ”
၂၀၀၈ ခုနှစ်၊ ဒေါ်ပတ္တမြားခင်မွေးနေ့ အထိမ်းအမှတ် ဆွမ်းကျွေးအလှူပွဲကို ပြည်လမ်းရှိ တိပိဋကတ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပစဉ် ဆရာပါရဂူမှ “ကိုကျော်သူ ခင်ဗျားရဲ့ အတ္ထုပ္ပတ္တိ၊ ခင်ဗျားရဲ့ သမိုင်းကြောင်းစာအုပ်ကို ကျွန်တော်ရေးအုံးမယ်ဗျာ” တဲ့။

 
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ ကျွန်တော်၏ မွေးနေ့ပွဲအမှတ်တရအဖြစ် Kyaw Thu’s Art Zone ပန်းချီပြပွဲလုပ်စဉ်က “ကိုကျော်သူ ခင်ဗျားက စုတ်တံကိုင်ပြီး တော်လှန်ရေးလုပ်နေတဲ့ သူရဲကောင်းပဲ။ ခင်ဗျားရဲ့အကြောင်းကို ကျွန်တော်ရေးအုံးမယ်ဗျာ” တဲ့။
 
၂၀၁၀ ခုနှစ်၊ နေမျိုးဆေးရဲ့ ပန်းချီပြပွဲမှာ နောက်တကြိမ် “ကိုကျော်သူ ခင်ဗျားတို့ သုခအလင်း စာကြည့်တိုက်ကို ကျွန်တော် ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်က စာအုပ်တွေ လှူချင်တယ်ဗျာ။ လာယူအုံး။ ကိုကျော်သူက တိုက်ပွဲဝင်နေတဲ့ အနုပညာသမား” တဲ့။

တစ်လေးလုံးနေ့ (၁.၁.၂၀၁၁) နှစ်သစ်ကူးနေ့ ကျွန်တော့်၏ဇနီး ရွှေဇီးကွက်မွေးနေ့ အမှတ်တရ Kyaw Thu’s Art Zone Vol:2 ဒုတိယအကြိမ်မြောက် ပြပွဲလုပ်တဲ့နေ့ အဲဒီနေ့ကလည်း ဆရာပါက “ကိုကျော်သူ ခင်ဗျားကို ကျွန်တော်ပြောရအုံးမယ်။ ခင်ဗျားလို လူမှုတော်လှန်ရေး အနုပညာသမားတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးလိုတယ်။ ခင်ဗျားရဲ့ရေးချက်တွေက တော်လှန်ရေး ရေးချက်တွေ။ ပေါက်ကွဲမှုရေးချက်တွေ။ ငြိမ်းချမ်းမှုရေးချက်တွေ။ ဒီလိုလူမျိုးအကြောင်းကို ကျွန်တော်ရေးအုံးမယ်” တဲ့။ 
ဒါကြောင့် ကျွန်တော် အဲဒီတုန်းက ဆရာပါကို ပြန်ပြောကြားခဲ့တယ်။ “ဆရာပါရေ သမိုင်းကြောင်းတွေရေးမယ်ဆိုရင် မြန်မြန်သာရေးလိုက်ပါတော့။ ကျွန်တော် မသေခင် ဖတ်သွားချင်ပါရဲ့။ သေပြီးမှထွက်လာတဲ့ စာအုပ်တအုပ်ကို ကျွန်တော်ခံစားလို့၊ ဖတ်ရှုလို့ရတော့မှာ မဟုတ်ဘူး” လို့။ အဲဒီမှာ ဆရာပါက “ရေးထားပြီးပါပြီ။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ၊ ဦးနှောက်ထဲမှာ၊ စာရွက်ပေါ် ချမရေးရသေးတာ တခုပါပဲ၊ စာမျက်နှာပေါ်ကနေ ခင်ဗျားအကြောင်း ချရေးခွင့်ရတဲ့နေ့တနေ့၊ စာဖတ်ပရိတ်သတ် အများပြည်သူဖတ်ရှုခွင့်ရတဲ့ အချိန်ကာလကြရင် ခင်ဗျားရဲ့ အတ္ထုပ္ပတ္တိ၊ ကျွန်တော့်ရဲ့ဆန္ဒကို အကောင်အထည်ဖော်တော့မှာပါ” တဲ့။ အဲဒီလိုနဲ့ အဲဒီအချိန် အဲဒီကာလတခုကို စောင့်စားရင်း၊ မျှော်လင့်ရင်းနဲ့ . . . . ။

 

ခုတော့ ဆရာပါ ဆုံးရှာပြီ။ ကမ္ဘာမြေကြီးက ထွက်ခွာသွားရှာပြီ။
ဆရာရေးချင်တဲ့ ဆရာတင်ပြချင်တဲ့ ကျွန်တော့်ရဲ့သမိုင်းကတော့ တည်ရှိနေဆဲ၊ ရှင်သန်နေဆဲ။ တကယ်တော့ သမိုင်းဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးရတာပါ ဆရာရယ်။ ကျွန်တော့်သမိုင်းကောင်းဖို့ ကျွန်တော်ဖန်တီးရမှာပါ။ ကျွန်တော့်သမိုင်းလှဖို့ ကျွန်တော်တည်ဆောက်ရမှာပါ။
ဆရာပါ . . . ဆရာကတော့ ဆရာသမိုင်းကောင်းဖို့ ဆရာဖန်တီးခဲ့ပြီပဲ။ ဆရာသမိုင်းလှဖို့ ဆရာတည်ဆောက်ခဲ့ပြီပဲ။ ဒါအပြင် အနာဂတ်မြန်မာပြည်ရဲ့ သမိုင်းလမ်းကြောင်း သာယာလှပဖို့ ဆရာ လမ်းဖွင့်လှစ်ပေးခဲ့ပြီပဲ။ ဆက်လျှောက်လှမ်းဖို့ ကျွန်တော်တို့အားလုံးရဲ့ တာဝန်ပဲ။ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားလေသူ ဆရာပါတယောက် ရှန်တိနိကေတန် (သို့) ငြိမ်းချမ်းရေးနေအိမ် အဆောက်အအုံထဲမှာ ရှင်သန်ပျော်မွေ့နေမယ်လို့ ယုံကြည်လျက် . . . . ။
ကျော်သူ
{“ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်”ကို ထူထောင်သူ စာရေးဆရာကြီး ပါရဂူ အသက် (၉၁) နှစ်သည် ၉.၄.၂၀၁၁ (စနေနေ့) နံနက် ၉း၃၀ အချိန်တွင် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံကြီး၌ ကွယ်လွန်သွားပြီ ဖြစ်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများသည် ဆရာပါရဂူ၏ ရုပ်အလောင်းအား ရေဝေးသုဿန်ရှိ အအေးခန်းသို့ သယ်ယူပို့ဆောင်ပေးခဲ့ပါသည်။ ဆရာပါရဂူ၏ နောက်ဆုံးနှုတ်ဆက်ခြင်း အခမ်းအနားကို ၁၁.၄.၂၀၁၁ (တနင်္လာနေ့) ညနေ ၅း၀၀ နာရီတွင် ရေဝေးသုဿန်၌ ကျင်းပမည်ဖြစ်ပါသည်။}

 
 အသင့်အနေအထား မျိုးဆက်သစ်ကလေးငယ်များ
မဟာသင်္ကြန်ပွဲတော်အပြီး ၂၃.၄.၂၀၁၁ (စနေ) နေ့တွင် ကျင်းပမည်ဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ၁၀ နှစ်မြောက် ဈေးရောင်းပွဲအခမ်းအနားအား နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။

 
ထိုသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနားတွင် ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ နာယကကြီး ဘဘ ဦးသုခအား ဂုဏ်ပြု မှတ်တမ်းတင်သည့်အနေဖြင့် ဘဘ ဦးသုခ၏ ကျောက်ရုပ်ဖွင့်ပွဲကိုပါ နံနက် ၉း၀၀ နာရီအချိန်တွင် စတင်ဖွင့်လှစ်ရန် ရည်ရွယ်ထားပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အား စတင်မျိုးစေ့ချပေးခဲ့သော ဘဘ ဦးသုခအား နောင်လာနောင်သားများ သိရှိအမှတ်ရစေလိုသော ဆန္ဒဖြင့် ဘဘ ဦးသုခ၏ရုပ်ထုအား ထုလုပ်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှေ့ မြက်ခင်းပြင်တွင် ထားရှိမည်ဖြစ်ပါသည်။

နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ၁၀ နှစ်မြောက် ဈေးရောင်းပွဲအခမ်းအနားတွင် လူမှုရေးသမား ဂီတပညာရှင်များမှ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား တီးခတ်ဖျော်ဖြေပေးခြင်း၊ အမှတ်တရ ပစ္စည်းများ ရောင်းချခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အား ဖေးမကူညီမှုများကို လိုက်လံရှင်းလင်းပြသခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဆေးကုသမှုများကို လိုက်လံ ရှင်းလင်းပြသခြင်း၊ စားဖွယ်သောက်ဖွယ်များကို ရောင်းချပေးခြင်းတို့အပြင် မျိုးဆက်သစ် ကလေးငယ်များ၏ အကပဒေသာ၊ မြန်မာ/အင်္ဂလိပ် သီချင်းများဖြင့် ဖျော်ဖြေပေးခြင်းနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အဆောက်အဦ အသစ်ဖွင့်လှစ်ခြင်း အခမ်းအနားများ ပါဝင်မည်ဖြစ်သည်။

မျိုးဆက်သစ်ကလေးငယ်များသည် ယခုအချိန်မှစ၍ ကြွရောက်လာသော ဧည့်ပရိတ်သတ်များ အား ဂီတသီချင်းများ၊ အကပဒေသာများနှင့် ပီပြင်စွာဧည့်ခံနိုင်ရေးအတွက် သီချင်းတိုက်ခြင်း၊ အက တိုက်ခြင်း၊ အကသင်ခြင်းတို့ကို ပြင်းထန်စွာလေ့ကျင့် နေပြီဖြစ်ပါသည်။

သီချင်းတိုက်ရာတွင် ဂီတ ပညာရှင် ကိုဇာနည်၊ အကသင်ကြားခြင်းကို ယဉ်ကျေးမှုတက္ကသိုလ်မှ ဆရာမ ဒေါ်ချောအိအိငြိမ်း နှင့် အသင်းသူ/သားများ၊ အသင်းအုပ်ချုပ်သူများကပါ ဝိုင်းဝန်းပံ့ပိုးကာ ဦးရွှေရိုးနဲ့ ဒေါ်မိုး၊ သူငယ်တော် အက၊ နပန်းဆံ စသည့်အကပညာများကို သင်ကြားပေးလျှက်ရှိသည်။ 

မျိုးဆက်သစ် ကလေးငယ်များသည် အတတ်ပညာ၊ နည်းပညာများကို သင်ကြားပေးရာတွင် လျင်မြန်စွာ တတ်သိ နားလည်လွယ်ခြင်းတို့ကြောင့် အများပြည်သူတို့အပေါ် အကျိုးပြုမည့်၊ အကျိုးရှိမည့် အတတ်ပညာများ အသိဉာဏ်များ၊ လူမှုရေးစိတ်ဓာတ်များ မွေးဖွားရှင်သန်မှုရှိရန် အရေးကြီးလှသည်။ 

 

ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ မျိုးဆက်သစ်ကလေးငယ်များ ၅၀၀ ဦးရေကျော်ခန့်တို့၏ အင်္ဂလိပ်စာ အခြေခံသင်တန်းကို ပို့ချပေးလျက်ရှိသလို ကလေးငယ်များ၏ ဘာသာ သာသနာ လူမှုရေးအသိ စိတ်ဓာတ်များ ယဉ်ကျေးလိမ္မာထက်မြက်စေရန်အတွက် အဖက်ဖက်မှ သင်ကြားပို့ချပေးလျှက်ရှိသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts