>Bomb Scare at Pazuntaung Market in Rangoon

>

ပုဇွန်တောင်ဈေးအနီး ဗုံးလန့်
မိုးမခအထောက်တော် ၊ ရန်ကုန်
ဧပြီ ၉၊ ၂၀၁၁
ယနေ့ညနေ ၆နာရီ ၁၅ မိနစ်ဝန်းကျင်က ပုဇွန်တောင်ဈေးလမ်းနှင့်  ရေကျော်လမ်းနှင့် ဆုံရာမီးပွိုင့်အနီး လမ်းဘေးဈေးသည်များ ဈေးရောင်းချသည့် လမ်းဘေးတွင် ဗုံးဟု မသင်္ကာသည့် ပစ္စည်းတွေ့ရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ လာရောက် ရှင်းလင်းခဲ့သည်ဟု သိရသည်။
ဗုံးတွေ့သည့် သတင်းဖြစ်ပေါ်ပြီးနောက် ရဲလုံခြုံရေး ပစ်ကပ်ကားနှစ်စီး လာရောက်ပြီး ပုဇွန်တောင်ဈေးလမ်း ကိုပိတ်ဆို့ထားလိုက်ကာ နာရီဝက်ကြာ ဗုံးဟု မသင်္ကာသည့် စီးကရက်စက္ကူပုံးတစ်လုံးကို ရှင်းလင်းခဲ့သည်ဟု အဆိုပါလမ်းမှ ဖြတ်သန်းခဲ့သူ တဦးကပြောသည်။
“ဖြစ်တဲ့နေရာက ပုဇွန်တောင်ဈေး နဘေးက ချောင်းလေးနားက အိမ်တွေရှေ့မှာ၊ တွေ့တယ်ဆိုတဲ့ သတင်းဖြစ်ပြီး လုံခြုံရေးကို လှမ်းခေါ်ကြတယ်။ အဲဒီနောက် လမ်းကို လုံးဝပိတ်ထားပြီးရှင်းခဲ့တာ”အဆိုပါ မျက်မြင် တွေ့ရှိသူကပြောသည်။
သို့ရာတွင် ဗုံးဟုမသင်္ကာသည့် အရာမှာ စက္ကူပုံးနှင့် အခြားစက္ကူစုတ် ကဲ့သို့သော အရာများသာဖြစ်ပြီး မည်သည့် ပေါက်ကွဲစေတတ်သည့် အရာမျှ မဟုတ်ဟုလည်း သိရှိရသည်။
ည ၇ နာရီဝန်းကျင်တွင်မူ လမ်းပြန်လည်ဖွင့်ပေးလိုက်သော်လည်း တွေ့ရှိသည့် လမ်းဘက်ခြမ်းကိုမူ ယာယီအားဖြင့် ဖြတ်သန်း ခွင့်မပြုပဲ မျက်နှာချင်းဆိုင် ပလက်ဖောင်းဘက်မှသာ လမ်းလျှောက်သူများ ဖြတ်သန်းခွင့်ရသည်ဟု လည်းသိရသည်။
ပြီးခဲ့သည့်  ဧပြီ ၃ ရက်နေ့ နေ့လည်ကလည်း ဆူးလေဘုရားလမ်း အုတ်ခုံပေါ်တွင် လက်လုပ်ဗုံး တစ်ခုထောင်ထားခဲ့ပြီး ပထမအဆင့်အနေဖြင့် အသံဗုံး ပေါက်ကွဲခဲ့သည်ကို အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြခဲ့သည်။ မည်သူ့လက်ချက်ဖြစ်သည်ကို ဖေါ်ထုတ်နိုင်ခြင်း မရှိသေးပဲ၊ ယခင့်ယခင် ပေါက်ကွဲသည့် ဗုံးပေါက်ကွဲမှု များ၏ အတိအကျ လက်သည်တရားခံကို အများအားဖြင့် မဖေါ်ထုတ်နိုင်ခဲ့ပေ။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရဟု အမည်ပြောင်းလဲ မှည့်ခေါ်ထားသည့် ကြံ့ဖွံ့ ဦးသိန်းစိန် အစိုးရ အာဏာလွှဲယူပြီး ၃ ရက်အကြာတွင် ယခုကဲ့သို့ ရန်ကုန်မြို့လယ်တွင် လက်လုပ်ဗုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် မည်သူ တဦးတယောက်မျှ ဒဏ်ရာအနာတရ မရခဲ့ဟု သိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts