>Aftermath of April 7th Earthquake in Japan – NHK

>

ဧပြီ ၇ ငလျင်သတင်း နောက်ဆက်တွဲ အခြေအနေ
မိုးမခအထောက်တော် တိုကျို
ဧပြီ ၉၊ ၂၀၁၁
ဧပြီလ ၇ ရက်နေ့ညမှာ လှုပ်ခဲ့တဲ့ငလျင်ကြောင့် မီယားဂိခရိုင် အိုနာ့ဂါဝါ ရှိ ညူကလီယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာရှိတဲ့ ဓာတ်ပေါင်းဖိုရှိရာ အဆောက်အအုံကနေ အသုံးပြုပြီးသား ညူကလီယားလောင်စာတောင့်တွေထားတဲ့အခန်းကနေ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ ပါဝင်တဲ့ ရေတွေ စိမ့်ထွက်လာတယ်လို့ သိရပါတယ်။
အလားတူအဖြစ်မျိုးကို အာအို့မိုရိခရိုင်မှာရှိတဲ့ ဟီဂါးရှိဒိုးရီ ညူကလီယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှာ ကြုံတွေ့နေရပါတယ်။ အဲဒီလို ယိုစိမ့်ထွက်မှုပမာဏဟာ သိပ်ပြီးမများဘူးလို့ဆိုပါတယ်။ ငလျင်လှုပ်ပြီးပြီးချင်းမှာ စက်ရုံအတွင်းမှာရှိတဲ့ ဓာတ်မီးတိုင်တွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ ပါတယ်။
TEPCO (တိုကျိုလျပ်စစ်ကုမ္ပဏီ)က သောကြာနေ့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ် တွေပါဝင်တဲ့ရေတွေ သိုလှောင်ရာကျင်းထဲကနေ ပင်လယ်ထဲကို စိမ့်ထွက်နေတာကို ရပ်တန့်သွားအောင် လုပ်နိုင်ခဲ့ပြီလို့ ပြောဆိုသွားပါတယ်။
ဧပြီ ၇ ရက် ည ၁၁း၃၂ နာရီ က မီယားဂိခရိုင်ကမ်းလွန်ပင်လယ်ပြင်ကိုဗဟိုပြုပြီး ငလျင်လှုပ်ခဲ့ရာ ပျက်စီးမှု အနည်းငယ်ဖြစ်ခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ပြီး ၁၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂျပန်အစိုးရက ကြေညာပါတယ်။ အင်အား ၇. ၄ ရစ်ခ်ျတာစကေးပြင်းတဲ့ငလျင်က မတ်လ ၁၁ ရက်နေ့လှုပ်ခဲ့တဲ့ ငလျင်ကြီးဗဟိုပြုရာဧရိယာ အတွင်းမှာဖြစ်ပါတယ်။ မီယားဂိခရိုင် ဆဲန်းဒိုင်မြို့နဲ့ အနီးပတ်ဝန်းကျင်က အခြားမြို့တွေမှာ မီးပြတ်တောက် မှုတွေဖြစ်ခဲ့ပါတယ်။
ထိုအတောအတွင်း ဂျပန်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ငလျင်နှင့် ဆူနားမိလှိုင်းဒဏ်ခံရသောဒေသတွင်းမှ နိုင်ငံခြားသားများအတွက် သတင်းအချက်အလက်နဲ့ အခြေအနေတွေကို ကိုရီးယား၊ တရုတ်၊ စပိန်၊ အင်္ဂလိပ်၊ ပေါ်တူဂီဘာသာစကားများဖြင့် ထုတ်ပြန်ပေးမယ်လို့ဆိုပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖူကူရှီးမားဓာတ်အားပေးစက်ရုံမှာ ညူကလီယား ယိုစိမ့်ပျံ့မှုနဲ့ ပတ်သက်ပြီး ဓမ္မဓိဌာန်ကျကျ သတင်းရေးသားဖော်ပြထုတ်လွှင့်ပါလို့ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတွင်းဝန်ဖြစ်တဲ့ ချိအာ့ကိ တာကာ့ဟာ့ရှိ က ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာအဲဒီလိုပြောသွားခဲ့တာပါ။
ဂျပန်အစိုးရနဲ့ TEPCO တို့ဟာ နိုင်ငံခြားမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအပေါ်မှာ စိုးရိမ်မှုတွေရှိနေ ပါတယ်။ အထူးသဖြင့် ညူကလီယားဓာတ်အားပေးစက်ရုံအကြပ်အတည်းကို ကိုင်တွယ်မှုတွေအပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုဖြစ်ပါတယ်။ TEPCO ဟာ သတင်းအချက်အလက်တွေကို အပြည့်အ၀ မထုတ်ပြန်ပဲ ထိန်ချန်မှုတွေရှိတယ်လို့ ပြောဆိုတာတွေဟာ အရင်ကတည်းကရှိပါတယ်။
နိုင်ငံနဲ့ ဒေသပေါင်း ၁၃၄ ခု က ကူညီပံ့ပိုးမှုတွေကို နည်းမျိုးစုံပေးနေခဲ့ပြီး ဘေးသင့်ခဲ့ရတဲ့ ဂျပန်လူမျိုးတွေရဲ့ အေးဆေးတည်ငြိမ်စွာနဲ့ တုံ့ပြန်မှုတွေကို ရုပ်မြင်သံကြားကနေတဆင့် မြင်တွေ့ရတဲ့တခြားနိုင်ငံကလူတွေ ရဲ့ချီးကျူးမှုတွေရခဲ့ပါတယ်။
သို့သော်လည်း ဂျပန်အစိုးရနဲ့ TEPCO တို့ရဲ့ ညူကလီယားအကျပ်အတည်းအပေါ် ပွင့်ပွင့်လင်းလင်နဲ့ ထုတ်ပြန်ပြောဆိုတာတွေ မရှိဘူးဆိုပြီး နိုင်ငံတကာရဲ့အားမလိုအားမရဖြစ်မှုတွေ၊ ဝေဖန်မှု တွေ ခံနေရပါတယ်။
ဒီအတောအတွင်း သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင်ကျင်းပတဲ့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့အစည်းအဝေးမှာ ဖူကူရှီးမား ညူကလီယားစွမ်းအင်သုံး စက်ရုံကနေ ဓာတ်ရောင်ခြည်သင့်တဲ့ရေတွေကို ပင်လယ်ထဲစွန့်ပစ်ခဲ့တဲ့အပေါ် မကျေနပ်မှုများ စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
TEPCO က အခုဖြစ်တဲ့ ညူကလီယားအကျပ်အတည်းဟာ အချိန်တိုတိုအတွင်း လွယ်လွယ်နဲ့ပြီးသွားဖို့မရှိဘူး လို့ပြောပါတယ်။
ဧပြီ ၈၊ ၂၀၁၁ က ဂျပန် NHK news တီဗွီ ကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts