>Khin Hnin Lwin – Burmese D-Form Service goes off line

>

အွန်လိုင်းမှ လျှောက်သည့် ပြည်ပထွက်ခွာခွင့်ပုံစံ  အကြောင်းမပြန်
ခင်နှင်းလွင် ၊ ရန်ကုန်
ဧပြီ ၉၊ ၂၀၁၁
ပြည်ပထွက်ခွာမည့် မြန်မာနိုင်ငံသားများအတွက် လိုအပ်သည့် ထွက်ခွာခွင့် (ဒီဖောင်) လျှောက်ထားသူများ   ယခုရက်ပိုင်းတွင် အီးမေးလ် အကြောင်းပြန်စာ မလာသည့်အတွက် ငွေသွင်းချလန်ဖြင့်သာ ထွက်ခွာကြရသည်ဟု ဒီဖောင် လျှောက်ထားသူများက ပြောသည်။
ပြည်ပထွက်ခွာမည့်မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေ ကျပ် ၂၀၀ ပေးသွင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ၀က်ဆိုက်တွင် ဖြည့်စွက်ပုံစံကို အွန်လိုင်းက လျှောက်ထားရသည်။
ပုံမှန်အားဖြင့် လျှောက်ထားသည့် အွန်လိုင်းလျှောက်လွှာကို နာရီပိုင်း အတွင်း အကြောင်းပြန်လေ့ရှိသော်လည်း ယခုရက်ပိုင်းတွင် အကြောင်းပြန်စာမလာသည့် အတွက် အွန်လိုင်းဒီဖောင်ဝန်ဆောင်ပေးသူများက သင်္ကြန်ပြီးမှ စာပြန်လိမ့်မည်ဟု ပြောဆိုကြောင်း ဒီဖောင်လျှောက်သူ တဦးက မိုးမခသို့ပြောသည်။
အွန်လိုင်း ဒီဖောင်လျှောက်လွှာများကို နေပြည်တော်ရှိ  လူဝင်မှုကြည့်ကြပ်ရေးရုံးမှ အကြောင်းပြန်ကြားခြင်း ဖြစ်သည်။ ပြည်ပထွက်ခွာမည့်သူများအဖို့ အွန်လိုင်း ပြတ်တောက်သည့် အခါများတွင် ဘဏ်ငွေသွင်းချလန်နှင့် မှတ်ပုံတင်ကို လေဆိပ်တွင် ပေးအပ်ခဲ့ရပြီး အွန်လိုင်း ပြန်ပွင့်တော့မှ လျှောက်လွှာကို မိသားစုဝင် သို့မဟုတ် ၀န်ဆောင်သူတို့က ကိုယ်စားပြန်တင်ပေးကြရသည်။ ထို့နောက် ထိုစာရွက်စာတမ်းများကို ရုံးသို့ သွားရောက်ပေးအပ်ပြီး သက်ဆိုင်ရာမှတ်ပုံတင်ကို ပြန်ရွေးရလေ့ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှ ပြည်ပထွက်ခွာသူများအနက် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသူအများဆုံး ဖြစ်ပြီး နေ့စဉ် ရာဂဏန်းနှင့်ချီပြီး သွားရောက်လျက်ရှိသည်။  ပန်းဆိုးတန်းရှိ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွင် နေ့စဉ် လာရောက်လျှောက်ထားသူ ရာဂဏန်းနှင့် ချီရှိပြီး အများစုမှာ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် သူများဖြစ်သည်။
“ကြံ့ဖွတ် အစိုးရပဲ တက်တက်၊ စစ်တပ်ကပဲ အုပ်ချူပ် အုပ်ချူပ် … ဘာအွန်လိုင်းတွေမှ ပိုထူးပြီး အလုပ်ဖြစ်တယ်ဆိုတာ မရှိဘူး။ အွန်လိုင်း မဟုတ်ဘူး၊ အော့ဖ်လိုင်း အော့ဖ်လိုင်း။ အင်တာနက်မှာ လိုင်းပြတ်မယ်။ အစိုးရရုံးတွေမှာ လိုင်းတွေက ၀င်နေရဦးမှာပဲ။ လိုင်းမပြတ်ဘူး။ လိုင်းဝင်နေရတုန်းပဲ”
ဟု ပန်းဆိုးတန်းလမ်းတွင် ကျက်စားနေသည့် ၀န်ဆောင်သူ ပွဲစားတဦးက မိုးမခသို့ ပြောလိုက်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts