>ABMA monks and activists lobby US Gov

>

 အမေရိကန်ရောက် ရွှေဝါရောင် သံဃာတော်များ အမေရိကန်လွှတ်တော်အမတ်များအား မြန်မာ့အရေး တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်း
မိုးမခ အထောက်တော်၊ နယူးယောက်
ဧပြီ ၈၊ ၂၀၁၁
အမေရိကန်ပြည်ထောင်စုတွင် မြန်မာ့အရေး တက်ကြွစွာလှုပ်ရှားနေသည့် US Campaign for Burma (USCB) ၏ နှစ်စဉ်လှုပ်ရှားမှုတခုဖြစ်သည့် တွေ့ဆုံဆွေးနွေးပွဲတခုကို ၂၀၁၁ ခု ဧပြီလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့များတွင် မြို့တော် ဝါရှင်တန်ဒီစီ၌ ကျင်းပခဲ့ပါသည်။

အမေရိကန်နိုင်ငံအရပ်ရပ်တွင် နေထိုင်လျက်ရှိသည့် USCB အမှုဆောင်များနှင့် အသင်းဝင်များ၊ မြန်မာအရေးစိတ်ဝင်စားသူ အမေရိကန်နိုင်ငံသားများ၊ ရွှေဝါရောင် သံဃာတော်များ၊ မြန်မာနိုင်ငံသားများကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံအရေးကို ဆွေးနွေး ဖလှယ်ခဲ့ပါသည်။ အစည်းအဝေးကို စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် USCB မှ တာဝန်ရှိသူများက အဖွင့်အမှာစကား ပြောကြားကြပြီး မြန်မာနိုင်ငံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သော အမှာစကား ဗီဒီယိုအား ပြသခဲ့ပါသည်။ ဆွေးနွေးပွဲအစီအစဉ်နှစ်ခုတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ထားရှိလုပ်ဆောင်လျက်ရှိသည့် အခြေအနေများကို အမေရိကန်နိုင်ငံ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ယွန်း၊ သမ္မတ ဂျော့ဘုရှ် လက်ထက် နိုင်ငံလုံခြုံရေးကောင်စီတွင် လုပ်ကိုင်ခဲ့သော မိုက်ကယ်ဂရင်းတို့ အပါအဝင် မြန်မာ့အရေးလုပ်ဆောင်နေသူများက ရှင်းလင်းပြောဆိုပြီး မေးမြန်းသည်များကို ဖြေကြားပေးခဲ့ပါသည်။
 
အမေရိကန်အစိုးရအား မြန်မာ့အရေးများကို စဉ်ဆက်မပျက် လုပ်ဆောင်စေရန်အတွက် ဧပြီလ ၄ ရက်နေ့တွင် အမေရိကန် လွှတ်တော်အမတ်များ၏ ရုံးခန်းများသို့ နယူးယောက်မြို့တွင် သတင်းသုံးလျက်ရှိသည့် ရွှေဝါရောင် ဆရာတော် ဦးပညာဇောတနှင့် ဦးအဂ္ဂဉာဏတို့က မြန်မာအရေးလှုပ်ရှားသူများနှင့်အတူ သက်ဆိုင်ရာ လွှတ်တော်အမတ်များထံသွားရောက်ကာ မြန်မာနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပိုမိုထိရောက်သော စီပွားရေး ဒဏ်ခတ်မှုများပြုလုပ်ရေး၊ နယ်စပ်ဒေသသို့ လူသားချင်းစာနာသည့် အထောက်အပံ့များ ဆက်ပေးရေးတို့ကို တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါသည်။ အခြားပြည်နယ်များမှ မြန်မာနိုင်ငံသားများမှလည်း သက်ဆိုင်ရာလွှတ်တော်အမတ်များထံ မြန်မာ့အရေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပါသည်။
 
မတ်လ ၂၉ ရက်နေ့တွင် အမေရိကန်နိုင်ငံရောက် ရွှေဝါရောင်ဆရာတော်များသည် နယူးဂျာစီရှိ The College of New Jersey (TCNJ) ၏ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ ရွှေဝါရောင်အရေးအခင်းကို မှတ်တမ်းတင်ရိုက်ကူးထားသည့် Burma VJ မှတ်တမ်းတင်ကား ပြသအပြီးတွင် ၂၀၀၇ အခြေအနေ၊ ရွေးကောက်ပွဲမတိုင်ခင် အခြေနေနှင့် ယခုလက်ရှိ စစ်တပ်လူထွက် အစိုးရအဖွဲ့သစ်၏ အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကျောင်းသားများ ပရိသတ်များက မေးမြန်းလာသည့် မေးခွန်းများကို ဖြေကြားခဲ့ပါသည်။
ဧပြီလ ၁၈ ရက်နေ့တွင်လည်း အမေရိကန်နိုင်ငံ၏ နာမည်ကြီး ကိုလံဘီယာတက္ကသိုလ် ဥပဒေကျောင်းတွင် နယူးယောက်မြို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ နယူးယောက်အဖွဲ့ခွဲ ၉/၂၈၀ ၏ စီစဉ်မှုဖြင့် မြန်မာ့ဟောပြောပွဲတခုကို နယူးယောက် မေတ္တာပါရမီကျောင်းတိုက်တွင် သတင်းသုံးနေကြသော ရွှေဝါရောင်သံဃာတော် သုံးပါးစလုံး တက်ရောက်ဟောကြားမည် ဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts