>local authority offices install new signboard

>

ရ၀တ၊ မ၀တ ကို အုပ်ချုပ်ရေးမှူးရုံး အဖြစ် ဆိုင်းဘုတ်ပြောင်းပြီ
မိုးမခအထောက်တော်၊ ရန်ကုန်
မတ်လ ၃၀၊ ၂၀၁၁


ရပ်ကွက်၊ မို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု အမည် အသီးသီး ပေးထားသည့် အုပ်ချုပ်ရေး အဖွဲ့ရုံးများ ယနေ့နံနက် ၉နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် ဆိုင်းဘုတ်အသစ်ပြောင်းလဲလိုက် ကြသည်ကို တွေ့ရသည်။

ရပ်ကွက်ရုံး ဆိုင်းဘုတ်တွင် မြို့နယ်အမည်နှင့် “အမှတ် (..) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး”ဟူ၍ ဖေါ်ပြထားပြီး အရောင်မှာ အစိမ်းရင့်ရောင် ဖြစ်သည်ကို တွေ့ရသည်။ ယခုကဲ့သို့ ဆိုင်းဘုတ်ပြောင်းလဲခြင်းကို ရန်ကုန်မြို့ရှိ မြို့နယ်နှင့် ရပ်ကွက်အားလုံးတွင် ပြုလုပ်ကြသည်ဟု သိရှိရပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်မည်ဟု ယူဆရသည်။

ယခုကဲ့သို့ ဆိုင်းဘုတ်ပြောင်းလဲခြင်းမှာ ယနေ့ နေပြည်တော်တွင် ကျင်းပရန်ရှိသည့် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲနှင့် အချိန်ကိုက် လုပ်ကိုင်ရန် ညွှန်ကြားထားသည့် သဘောဟု ရန်ကုန်မြို့မှ နိုင်ငံရေး စောင့်ကြည့်သူ တချို့က ကောက်ချက်ချ ပြောဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဟု အမည်သစ်ပြောင်းလိုက်သည့် ရ၀တ အဖွဲ့တွင် ယခုလောလောဆယ် ဥက္ကဋ္ဌတဦးသာ ခန့်အပ်ထားရှိပြီး ရာအိမ်မှူး၊ အတွင်းရေးမှူး ရာထူးများအား လစ်လပ်ထားရှိပြီး အစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက်တွင် ပြန်လည် ခန့်အပ်လိမ့်မည် ဟု ယူဆရကြောင်း ရာအိမ်မှူးဟောင်း တဦးက ပြောသည်။

ရ၀တ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှုင့် အဖွဲ့ဝင်များအား ကြံ့ဖွံ့ပါတီဝင်များနှင့် အစားထိုးရန် လုပ်ဆောင်နေသည်ဆိုသည့် သတင်းများ လွန်ခဲ့သည့်လက ထွက်ပေါ်ခဲ့သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် စစ်တပ်က ချုပ်ကိုင်ထားသည့် ကြံ့ဖွံ့ပါတီအနိုင်ရရေးအတွက် ရ၀တ၊ မ၀တနှင့် စစ်အစိုးရက ရွေးချယ် ခန့်အပ်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင် ၀န်ထမ်းများက မဲမသမာမှုများ လုပ်ဆောင်ပေးခဲ့ကြရသည်ဟု ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်များက သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

နေပြည်တော်တွင်ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ယမန်နေ့အထိ အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးခြင်းတို့ ပြုလုပ်ခဲ့ကြပြီး သမ္မတသစ်ဖြစ်လာမည့် ဦးသိန်းစိန်နှင့် ဒုသမ္မတများထံသို့ နိုင်ငံတကာ အစိုးရအဖွဲ့များက ပေးပို့သည့် သ၀ဏ်လွှာများကို ဖတ်ကြားကြသည်။ ယနေ့ကျင်းပမည့် အစီအစဉ်ကို ကိုယ်စားလှယ်များသို့ ကြိုမပေးထားသဖြင့် ယနေ့ ကျမ်းသစ္စာကျိန်ဆို ဖွယ်ရှိသည်ဟု ကိုယ်စားလှယ်အချို့က ခန့်မှန်းထားကြသည်။

“ အစိုးရအဖွဲ့တဖွဲ့လုပ်နေပြီး ဘယ်နေ့ ကျမ်းကျိန်မယ်၊ အာဏာလွှဲမယ် ဆိုတာကို လျှို့ဝှက် လုပ်နေကြတာဟာ ဘာမှန်းကို နားမလည်နိုင်အောင်ပါပဲ။ ရွေးကောက်ပွဲနဲံ့ အာဏာရလာတဲ့ အစိုးရအနေနဲ့ ပြည်သူကို အသိမပေးချင်ရင်တောင်မှ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ အသိပေးထားသင့်တယ် ထင်တယ်။ အခုဟာ သူတို့တောင် သေချာမသိသေးဘူး ဆိုတော့ ခိုးကြောင်ခိုးဝှက် လုပ်နေတာမျိုး ဖြစ်နေတာ”ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts