ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,


ဗြဟ္မစိုရ် ဓါး
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၂၃၊ ၂၀၁၃

ကမ္ဘာ့နိုင်ငံအသီးသီးတို့၌ ပညာရေးကဏ္ဍအားတိုးမြှင့်၍ နိုင်ငံထူထောင်ရာတွင် စွမ်းအားမြှင့်သော လက်နက်တစ်ခုအဖြစ် အသုံးချလေ့ရှိသည်။ ထိုလက်နက်အတွက် အသုံးချသော ဆောင်ပုဒ်အသီးသီးတို့ ရှိသည့်အနက် “ပညာရွှေအိုး လူမခိုး” ၊ “လက်ဦးဆရာက မိဘ၊ ဒုတိယဆရာက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ။ တတိယဆရာက စာအုပ်စာပေ” ၊ “မိခင်၏ နှလုံးသားသည် ရင်သွေးငယ်၏ ကျောင်းခန်းဖြစ် သည်။” ၊ “ပညာသင်ရာမှာ အရှက်တရားဟာ ရန်သူပါ” ၊ “အရေးကြီးတဲ့လုပ်စရာတွေ အများကြီးရှိတယ်။ ကောင်းတဲ့စာပေတွေ လေ့လာရမယ်။ ဘဝနဲ့ပတ်သက်ပြီး လေးနက်တဲ့ကိစ္စတွေ ဆွေးနွေးရမယ်၊ စဉ်းစား ရမယ်။ အတတ်ပညာ၊ အသိပညာအမျိုးမျိုး လေ့လာရမယ်၊ လေ့ကျင့်ရမယ်။” ဆိုသော ဆောင်ပုဒ်များ ရှိခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ နိုင်ငံတော်သစ်ထူထောင်မှုတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းရှိ၍ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်သစ် ထူ ထောင်ရာတွင် နိုင်ငံတော်အစိုးရ တစ်ဦးတည်းတွင် တာဝန်ရှိသည်မဟုတ် ပြည်သူလူထုတစ်ဦးချင်း၏ တာဝန်စည်းကမ်းရှိမှုအပြင် ကျွန်တော်တို့ အစိုးရမဟုတ်သော အရပ်ဘက်လူ့အဖွဲ့အသီးသီးတို့လည်း တာဝန်ရှိပေသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် နာရေး၊ ကျန်းမာရေး၊ သဘာဝ ဘေး၊ စစ်ဘေးတို့အပြင် ပညာရေးကဏ္ဍ တိုးတက်မှုအတွက် တစ်ဖက်တစ်လှမ်း အင်အားဖြည့်ပေးလျှက် ရှိသည်။

ထိုသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “သုခအလင်း ပညာဒါန”မှ လူမှုရေးသမားများ၊ ပရဟိတ ဆရာ/ဆရာမများနှင့် ပညာဒါနအလှူရှင်များ အင်အားတို့ဖြင့် ပြုလုပ်ခဲ့သော ပညာဒါနလုပ်ငန်းရပ်များနှင့် ပတ်သက်၍ “သုခအလင်း ပညာဒါန” ဟူ၍ အမည်တပ်ကာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အစ အမေ့အိမ် ပညာရေးကျောင်းများ၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ၊ တက္ကသိုလ်ဝင်တန်းပညာ ရေး၊ ဆေးကျောင်းတက်ရောက်နေသော ဆရာဝန်လောင်းလျာများအတွက် ဆရာဝန်ဖြစ်သည်အထိ ဂုဏ် ပြုချီးမြှင့်မှုများ၊ ဘွဲ့ရကျောင်းသား/သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် LCCI စာရင်းကိုင်ပညာသင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှု (Hospitality) သင်တန်း၊ ကွန်ပြူတာသင်တန်း၊ 4Skills သင်တန်း၊ ပန်းချီသင်တန်းများနှင့် ကလေးသူငယ်များအတွက် အနာဂတ်တွင် အလိုအပ်ဆုံးသော ယဉ်ကျေးလိမ္မာသင်တန်းများအား (အခမဲ့) သင်ကြားပို့ချပေးကာ အနယ်နယ်အရပ်ရပ်ရှိ ဆရာ/ဆရာမများ အတွက်လည်း (TOT) သင်တန်းများအားလည်း (Camp) သွင်း၍ သင်ကြားပေးလျက်ရှိသည်။ နယ်ဒေသ များရှိ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များအတွက်လည်း စာအုပ်၊ စာပေများအား စဉ်ဆက်မပြတ် လှူဒါန်း မှုများကို ပြုလုပ်ပေးလျှက်ရှိကာ နယ်လှည့်ပညာ သင်ကြားမှုများအားလည်း ပရဟိတဆရာ/မများနှင့် လက်တွဲ၍ နယ်ဒေသများသို့သွားရောက်၍ ပညာဒါနပြုလုပ်ပေးကာ အချို့ဒေသများ၌ ပျက်စီးယိုယွင်း နေသော အစိုးရစာသင်ကျောင်းများအားလည်း ပြန်လည်ဆောက်လုပ် လှူဒါန်းပေးသော စသည့်ကဏ္ဍ များအား လုပ်ဆောင်ပေးဆပ်ခဲ့ကြသည်။

အခါအားလျှော်စွာ မြန်မာပြည်တွင်းရှိ နယ်ဒေသအသီးသီးသို့ သွားရောက်၍ လူမှုရေးပရဟိတ ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်ဖွင့်ပွဲများသို့လည်း တက်ရောက်ဖွင့်လှစ် အားပေးစကားများ ပြောကြားခဲ့ကြသည်။ ၂ဝ၁၃ ခုနှစ်၊ မတ်လခန့်က မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ပြင်ဦးလွင် စသည့် မြို့များသို့သွားရောက်ပြီး ကျွန်တော်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများဖြင့်သွားရောက်ကာ လူမှုရေးပရဟိတဟောပြောပွဲများ ပြုလုပ်ခဲ့ရာတွင် မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်ရှိ “ဇွဲသစ်” (အခမဲ့) ပညာဒါနစာသင်ခန်းအား သွားရောက်လေ့လာခဲ့သည်။ ယင်းစာသင် ကျောင်းဆောင်လေးအား မဇာဇာထွန်း M.Com, PGDMC(SG), MYOB(UK)DMM(MRCC) အစရှိသည့် ဘွဲ့ထူးဂုဏ်ထူးများ ရရှိထားသော အသက် (၃ဝ) ကျော်အရွယ် အမျိုးသမီးငယ်မှ သူငယ်ချင်းဖြစ်သူ မကေ သီအောင် B.A (Eng;)နှင့် မဇင်မာထွေး B.Sc (Maths;) အသက် (၂ဝ) ဝန်းကျင် အရွယ် အမျိုးသမီး (၃) ဦးတို့မှ ဦးဆောင်ဖွင့်လှစ်ထားပြီး “ဇွဲသစ်” စာသင်ခန်းတွင် ကျောင်းသား/သူ ကလေးငယ် (၃ဝဝ) ဦးခန့် တက်ရောက်၍ ပညာသင်ကြားလျှက်ရှိသည်။ နေ့ထူး၊ နေ့မြတ်မှလွဲ၍ ပိတ်ရက်မရှိ သင်ကြားပေးလျှက် ရှိပေသည်။ “ဇွဲသစ်” စာသင်ခန်းလေး၏ ပံ့ပိုးကူညီပေးမှုတို့ကြောင့် အနာဂတ်ကလေးငယ်လေးများ၏ မရှိ မဖြစ်လိုအပ်သော စာရိတ္တ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပညာရေးများကို အထောက်အကူဖြစ်စေခဲ့သည်။ “ဇွဲသစ်” သို့လာရောက်ကြသော ကလေးငယ်များ ပညာရေးတိုးတက်မှု၊ စာရ၍ ပျော်ရွှင်သွားကာ စိတ်အား တက်ကြွသွားမှုများကို မြင်တွေ့ရသောအခါ သင်ကြားပေးသော ဆရာ/မများ လွန်စွာမှ ပီတိဖြစ်ရကြောင်း သိရှိခဲ့ရသည်။ ၄င်းကလေးငယ် (၃ဝဝ) ဝန်းကျင်ခန့်သည် ဆင်းရဲနွမ်းပါးလှသော မိသားစုအသိုင်းအဝိုင်းမှ မွေးဖွားလာကြသည့် ပညာရေးကို လိုလားကြသော ကလေးငယ်များလည်းဖြစ်သည်။ “ဇွဲသစ်” (အခမဲ့) ပညာဒါန စာသင်ဆောင်လေးသည် ပညာလာရောက်သင်ကြားကြသော ကလေးငယ် (၃ဝဝ) အင်အားနှင့် မျှတမှုမရှိပေ။ အမိုးအကာ ယိုင်နဲ့နေမှုတို့ကို တွေ့မြင်ခဲ့ရသည်။ ထိုကဲ့သို့ ယိုင်နဲ့နေသော ကျောင်းဆောင် ငယ်လေးအတွင်း အနာဂတ်ကလေးငယ်များ၏ အင်တိုက်အားတိုက် ရွတ်ဆိုနေကြသော အနာဂတ် တိုင်းပြည်အတွက် စိတ်ဓာတ်တက်ကြွဖွယ် သီချင်းသံ၊ စာရွတ်သံ၊ စာဖတ်သံတို့သည် ထိုအင်အားချိ့နဲ့ နေသော ကျောင်းဆောင်ငယ်လေး ပြိုကျသွားမတတ် ပဲ့တင်ထပ်နေတော့သည်။ ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများမှ မိမိတို့နှင့်အတူတကွ သယ်ဆောင်လာသော ခဲတံ၊ ဗလာ စာအုပ်နှင့် ကလေးငယ်များအား သြစတြေးလျနိုင်ငံရှိ မူလတန်းကလေးငယ်များအား သင်ကြားပေးနေ သော ဆရာမ ဒေါ်ယင်းမာဇော် ရေးသားထားသည့် သင်ရိုးညွှန်းတမ်းစာအုပ်အား တတ်နိုင်သလောက် လှူဒါန်းခဲ့ကာ ကျွန်တော်တို့၏ လူမှုရေးဟောပြောပွဲခရီးစဉ်များအား စတင်ခဲ့တော့သည်။

ခရီးလမ်းတစ်လျှောက် ကျွန်တော်တွေးတောမိနေသည်။ ပရဟိတဆရာ/မများ၏ အနစ်နာခံ၊ အနွံတာခံ၊ ကရုဏာထား၍ ပညာတတ်ကြီးများဖြစ်စေလိုသော စိတ်ဆန္ဒများနှင့် ပညာရေးအား အပတ် တကုတ် ကြိုးစားပမ်းစား သင်ကြားလိုသော ပညာရေးအား ငတ်မွတ်ခေါင်းပါးနေကြသော အနာဂတ် ကလေးငယ်များ၏ ဘဝများကို တွေးတောနေမိသည်။ ကျွန်တော်တို့ နာရေးကူးညီမှုအသင်း(ရန်ကုန်) အနေဖြင့် မြန်မာပြည်အရပ်ရပ်ရှိ ပြည်သူလူထုတို့ လိုလားချက်များအား နာရေး၊ ကျန်းမာရေး၊ သဘာဝ ဘေး၊ ရေဘေး၊ စစ်ဘေးဒုက္ခ၊ အရေးပေါ်ကယ်ဆယ်ရေးစသည့် ကဏ္ဍများအား မိမိတို့အား အလှူရှင်များမှ လှူဒါန်းထားသော အလှူငွေများကို ခွဲခြားကန့်သတ်စီစစ်၍ ပံ့ပိုးကူညီပေးဆပ်မှုများကို အချိုးကျ ပြုလုပ်ရ သည်ဖြစ်၍ ဆရာမ မဇာဇာထွန်း ဦးစီးတည်ထောင်ထားသော “ဇွဲသစ်” (အခမဲ့)ပညာဒါန စာသင်ခန်းအား စာသင်ကျောင်းဆောင်အဖြစ် သီးခြား မြေကွက်တစ်ကွက်တွင် စာသင်ကျောင်းအဖြစ် တည်ဆောက် လှူဒါန်းမှုပြုပေးရန် အခက်အခဲဖြစ်ခဲ့ရကြောင်း ဝမ်းနည်းစွာ တွေးတောမိသည်။ ထိုစဉ် မဇာဇာထွန်း ကျွန်တော့်အား ပြောကြားခဲ့ဖူးသော “ဓားတစ်လက်သမိုင်း” အား ဖြတ်ခနဲ ပေါ်လာတော့သည်။

“ဓား တစ်လက်သမိုင်း”

ဦးကံပွင့် + ဒေါ်ဖွားမြစ်မှ ဘဘ ဦးထွန်းတင်အား (………) နေ့တွင် မန္တလေး၌ ဖွားမြင်ခဲ့သည်။ လူမှုရေးလုပ်ငန်းများဖြစ်သော မလွန်ဆန်လှူအသင်းတွင် စာရင်းကိုင်၊ မြင်းစီးကလပ်တွင်လည်း စာရေး အဖြစ် လုပ်ကိုင်ခဲ့သည်။ (……)တွင် ငွေတောင်ကျောင်းတိုက် အ.မ.က (၁၇) တွင် ကျောင်းအုပ်အဖြစ် လုပ်ခဲ့သည်။ (၁၉၃၉ – ၄၅)တွင် စစ်မှုထမ်းခဲ့သည်။ အဲလီဇဘက် ဘုရင်မကြီးကိုယ်တိုင် ဓါးတစ်လက်နှင့် ဆုလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ရာ ယခုအခါ ထိုဓား၏ သက်တမ်းမှ (၁ဝ၆) နှစ် ရှိနေပြီဖြစ်သည်။
ထိုဓားဖြင့် ပညာရေးပရဟိတလုပ်ငန်းကို မည်သို့အသုံးချနိုင်သည်ကို သိရှိလိုပါသည်။
ဘဘ ဦးထွန်းတင်သည် (၂၅.၈.၂ဝဝ၆) နေ့တွင် ကွယ်လွန်သွားခဲ့သည်။
(ဦးထွန်းတင် + ဒေါ်အေးလှိုင်) တစ်ဦးတည်းသောသား (ဦးသန်းထွန်းဦး + ဒေါ်သန်းနု၏သမီး မဇာဇာထွန်း ညည.၂၁/၄၄(က)၊ မန္တလေး။ ဟူ၍ဖြစ်သည်။

ဦးထွန်းတင်သည် အင်္ဂလိပ်ခေတ်မှစ၍ မလွန်ဆန်လှူအသင်းကြီး (မန္တလေးမြို့) ၁၃၃၄ ခုနှစ်၊ မန္တလေးမြို့ နိုင်ငံတော် ဆရာအတတ်သင် သိပ္ပံကျောင်း မန္တလေးခရိုင် ကျောင်းသား/သူများ အစည်းအရုံး အလုပ်အမှုဆောင် ၁၉၅၂ – ၅၃ ခုနှစ်၊ မန္တလေးမြို့ မြင်းပွဲကလပ်စွတ်ဒိုင် စာရေးများသမဂ္ဂ (၁၉၅၁ ခုနှစ်) တို့အပြင် ပညာရေးနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာကြီးအဖြစ် ပရဟိတစိတ်ဓါတ်ပြည့်ဝစွာမြန်မာပြည်သူ လူထုအား ပေးဆပ်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ဘဘဦးထွန်းတင်အား အဲလစ်ဇဘက် ဘုရင်မကြီး ကိုယ်တိုင် အသိအမှတ်ပြု ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ခဲ့သော သမိုင်းဝင် ဓားတစ်လက် ရရှိခဲ့ သည်။ ယခုအချိန်တွင် အဖိုးဖြစ်သူ ဘဘဦးထွန်းတင်နည်းတူ မြေးဖြစ်သူ ဆရာမ မဇာဇာထွန်းသည် မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးအတွက် ဤသမိုင်းဝင် ဓား၊ လူ့သွေးမသောက်ခဲ့သော ဓား၊ သက်တမ်း (၁ဝ၆) နှစ်ရှိပြီဖြစ် ဓား၊ အမွေရရှိခဲ့သော ရှေးဟောင်းအဖိုးတန်ဓားဖြင့် ဆရာမ မဇာဇာထွန်း ဖြစ်ချင်သော ဆန္ဒ၊ မြတ်စွာဘုရား နှစ်သက်အားပေးလိုသော ပညာရေးပရဟိတလုပ်ငန်းရပ်အား အကောင်အထည် ဖော်ခွင့်ရရှိအောင် အများပြည်သူလူထုနှင့် ရှေးဟောင်းအမွေအနှစ်များကို တန်ဖိုးထား စုဆောင်းကြသော သူအပေါင်းတို့အား ကျွန်တော်နှိုးဆော်လိုက်ရပါသည်။

   
ပရဟိတသမားတို့မည်သည် ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့်သုံးကြရသည်။ ယင်း ဗြဟ္မစိုရ်တရားလေးပါးမှာ – မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ ဟူ၍ဖြစ်သည်။ မေတ္တာ … လူတိုင်းကိုချမ်းသာစေလိုခြင်း။ ကရုဏာ … ဆင်းရဲဒုက္ခရောက်နေသူအားလုံးကို ချမ်းသာသုခ မြဲစေလို ခြင်း။ မုဒိတာ … ချမ်းသာသုခရရှိနေသူအားလုံးကို ချမ်းသာသုခမြဲစေလိုခြင်း။ ဥပေက္ခာ … ချစ်ခြင်း၊ မုန်းခြင်းကင်း၍ အညီအမျှထားနိုင်ခြင်း၊ မည်မျှပင်ဆင်းရဲဒုက္ခ ရောက်နေပါစေ စိတ်ကိုတည်ငြိမ် ငြိမ်းချမ်းစွာ ထားနိုင်ခြင်း ဥပေက္ခာပါရမီ (EQUANIMITY) ဟု မြတ်စွာဘုရားဟောကြားထားသည်။ ထို့ကြောင့် ပရဟိတသမားတစ်ဦးဖြစ်သူ ဆရာမ မဇာဇာထွန်း၏ ဆန္ဒအလျှောက် ကျောင်းအုပ်ဆရာကြီးဖြစ်ခဲ့သူ အဖိုး ဦးထွန်းတင်ထံမှ အမွေရရှိခဲ့သော ရှေးဟောင်းသမိုင်းဝင် သက်တမ်း (၁ဝ၆) နှစ်ရှိပြီဖြစ်သော ယင်းဓားအား စိတ်ဝင်စားသူ ပြည်တွင်း/ပမှ ပညာရေးပရဟိတလုပ်ငန်းအား မြှင့်တင်ပေးလိုသူ အလှူရှင်များအနေဖြင့် ၄င်း၊ အဖိုးတန်ရှေးဟောင်းပစ္စည်း စုဆောင်းလိုသော သူအပေါင်းတို့အား၎င်း၊ ပညာရေးလောကတွင် ဟောင်းနွမ်းဆွေးမြေ့ ပိတ်ဆို့ကာဆီး ရှုတ်ထွေးနေသော ချုံနွယ်ပိတ်ပေါင်းတို့အား မြန်မာနိုင်ငံပညာရေး စနစ်တိုးတက်မြင့်မားစေလိုသော စိတ်ဆန္ဒဖြင့် ဤဗြဟ္မစိုရ်ဓားဖြင့် ခုတ်ထွင်းရှင်းလင်း လမ်းဖောက်ပေးကြ ပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတော့သည်။ (ယင်းရှေးဟောင်း အဖိုးတန်ဓားအား စိတ်ဝင်စားသူ ပညာဒါနလုပ်လိုသူ အလှူရှင်များအနေဖြင့် ဆရာမ မဇာဇာထွန်း ညည.၂၁/၄၄(က)၊ အောင်မင်္ဂလာလမ်း၊ ၅၇×၅၈ကြား၊ မန္တလေး။ ဆက်သွယ်ရန်ဖုန်း – ဝ၉ – ၃၃ဝ ၅၁ ၈ဝ၇ သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း ပညာရေးအကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတော့သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts