>Nyan Oo Maung – Liz and Dead Destined Man

>

အဲလီဇဘက်တေလာနဲ့ သေရွာပါ လူ့အကြောင်း
ဉာဏ်ဦးမောင်
မတ် ၂၄၊ ၂၀၁၁
ကွန်ပြူတာဖွင့်လိုက်တော့ အင်တာနက်သတင်းစာမျက်နှာမှာ ကမ္ဘာကျော် မင်းသမီး ကြီး အဲလီဇဘက်တေလာ ကွယ်လွန်တဲ့အကြောင်း ဖတ်ရတယ်။ သူမအကြောင်း ကို ဟိုငယ်ငယ် စာဖတ်တတ်စကတည်းက သိနေခဲ့တာ။ ရှားရှားပါးပါး ဖတ်ခဲ့ရတဲ့ မျက်နှာဖုံးမပါ စာမျက်နှာလည်း မစုံတော့တဲ့ စုတ်ပြဲဟောင်းနွမ်း မဂ္ဂဇင်းစာမျက်နှာ ပေါ်မှာ သူမအကြောင်းက ထင်ထင်ရှားရှား။ ဖတ်ခဲ့ရတဲ့ သူမအကြောင်းကတော့ အကောင်းဆိုတာထက် မကောင်းသတင်းများပါ။ အကြိမ်ဘယ်လောက်မြောက် လက်ထပ်ပြန်ပြီ။ ဘယ်နှစ်ယောက်မြောက်နဲ့ ကွဲပြန်ပြီဆိုတဲ့အကြောင်း စသဖြင့် သတင်းများက အမနာပ သတင်းများသာ။ အနုပညာရှင်တစ်ယောက်ရဲ့ အနုပညာ သတင်းထက် ပုဂ္ဂိုလ်ရေးအတင်းများ။ ဒီတော့ သူမရဲ့ပုံရိပ်က အသိဉာဏ်ထဲမှာ အမဲ ရိပ် လွှမ်းမိုးနေခဲ့တာ။
လူတစ်ယောက်အကြောင်းရဲ့ ချီးမွမ်းးဖွယ်အချက်ကို ဖော်ထုတ်ပေးဖို့ထက် ကဲ့ရဲ့ဖွယ်အပြစ်တွေကိုသာ ဆီလိုအပေါက်ရှာ တင်ပြတတ်တဲ့ အနုပညာသတင်းလောကမှာ ကာယကံရှင်တွေခမျာ သားကောင်ဖြစ်ကြရတာပေါ့။ ကာယကံရှင်ပဲလား ဆို တော့ ဘယ်ဟုတ်ပါလိမ့်မလဲ။ စာဖတ်သူတွေလဲ သူတို့ပေးတဲ့ တစ်ဖက်စောင်းနင်း အလွဲတွေကြောင့် ပြောခဲ့သလို လူတစ် ယောက်အကြောင်းကို သတင်းမဲအဖြစ်သာ မှတ်ထင်မိခဲ့တယ်ပေါ့။ အသိဉာဏ် အတော်လေးရင့်ကျက်လာကာမှ သရုပ် ဆောင်မှာ ဘုရင်မတစ်ပါးဖြစ်တဲ့ သူမအကြောင်းကို အတော်အတန် သိလာရတာ။
သူမပါဝင်ပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားအများစုကလဲ ကိုယ့်အရွယ်နဲ့စာရင် တော်တော်လေး စောနေလို့ မကြည့်ဖူးခဲ့ပါ ဘူး။ တောမှာမွေး၊ တောမှာကြီးရတဲ့ ကိုယ်ကလဲ ငွေရောင်ပိတ်ကားဆိုတာကြီးကို အသက်နှစ်ဆယ်နီးကာမှ စတင်တွေ့ ဘူးတာလေ။ သူ့ဇာတ်ကားတွေထဲမှာ ကလီယိုပါထရာဆိုတဲ့ ဇာတ်ကားတစ်ကားကိုတောင် တီဗီအစီအစဉ်တစ်ခုကလာလို့ ကြည့်ခဲ့ဘူးတာ။ သို့ပေမယ့် သူမရဲ့ရုပ်ပုံလွှာနဲ့ သူမအကြောင်းတော်တော်များများကိုတော့ မီဒီယာစာမျက်နှာများမှာ မကြာ မကြာ တွေ့နေခဲ့လို့ ကောင်းကောင်းမှတ်မိနေခဲ့ပါတယ်။ မိတ်ကပ်အပြည့်၊ လက်ဝတ်ရတနာအစုံနဲ့ သားသားနားနား တွေ့ရ တတ်တဲ့ သူမပုံလွှာက တကယ့်ကိုမှ တော်ဝင်ဘုရင်မ တစ်ပါးပုံပမာ။ ဟန်ပါပါ။ အယ်လီဇဘက်ဆိုတဲ့ နာမည်ကြောင့် လည်း အဲလီဇဘက်ဘုရင်မကြီးဆိုတဲ့ အသံကိုကြားရရင် သူမရုပ်ပုံလွှာက စိတ်ထဲမှာဦးစွာ ထင်ယောင်လာတတ်ပါတယ်။
 သူမဘဝအစိတ်အပိုင်းများထဲမှာ  အထူးသဖြင့် အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များအတွက် သူမဦးဆောင်လှုပ်ရှားပါ  ဝင်ခဲ့တာတွေအတွက် လေးစားဂုဏ်ယူနေမိခဲ့တာပါ။ ထင်ပေါ်ကျော်ကြားသူတစ်ဦးမို့ သူမဦးဆောင်မှုက အရာထင်ခဲ့တယ် လို့ ဆိုရမှာပါ။ ဒေါ်လာသန်းနှစ်ရာကျော် ရန်ပုံငွေ ရှာဖွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
လူသားတစ်ဦးဘဝမှာ ကောင်းတာတွေလည်း လုပ်၊ မကောင်းတာတွေလည်း လုပ်တတ်ကြလို့ ဘဝတစ်ခုဆိုတာကတော့ အနည်းနဲ့အများဆိုသလို အကောင်းအဆိုးက ဒွန်တွဲနေတတ်မှာပါပဲ။ အကောင်းများပြီး အဆိုးနည်းအောင် တတ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက် နေတတ်ကြရမှာပါ။ အကောင်းများသူတွေ များပါမှ လောကကြီးကလည်း လှပမှာပါ။ အကောင်း နည်းပြီး အဆိုးများတယ်ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်မျိုးရဲ့ ပတ်ဝန်းကျင်က ဒဏ်ရာအနာတရာတွေနဲ့ ဗရပွဖြစ်နေလို့ လှပနိုင် တော့မယ် မဟုတ်ပေဘူးပေါ့။
အယ်လီဇဘက်တေလာ ကွယ်လွန်သွားတော့ မီဒီယာအများစုက သူမအကြောင်းကို ဖော်ပြကြတယ်။ ဟောလီဝုဒ်ရဲ့ သင်္ကေတ။ ခေတ်သစ်အနုပညာလောကရဲ့ နတ်သမီးတစ်ပါး။ အလှဘုရင်မ။ အိမ်ထောင်ဆက်များသူတစ်ဦး။ ယနေ့ခေတ် ကျော်ကြားသူများရဲ့ ပုံစံတစ်ခု၊ စသဖြင့် ရေးသားကြတယ်။
“ရိုးရိုးရှင်းရှင်းလေး ပြောရရင်ဖြင့် မေမေ အသက်ရှင်လျက်ရှိ နေခြင်းဟာ ကမ္ဘာကြီးအတွက် ပိုမိုနေပျော်ဖွယ်ရာသာ ဖြစ်မှာပါ။ မေမေထားခဲ့တဲ့ အမွေအနှစ်တွေဟာလည်း ဘယ်တော့မှ ပျောက်ကွယ်သွားလေမှာ မဟုတ်ပါဘူး။ မေမေရဲ့ဝိဉာဉ်ဟာလည်း ကျနော်တို့နဲ့ အမြဲရှိနေမှာပါ။ မေမေရဲ့ချစ်မေတ္တာတရား တွေလည်း ကျနော်တို့အားလုံးရဲ့ နှစ်လုံးသားမှာ ထာဝရတည်ရှိနေမှာပါ-လို့ သူမရဲ့သား မိုက်ကယ်က ပြောသွားတယ်။
သူမ ရဲ့ ရောင်းရင်းကြီးတစ်ဦးဖြစ်တဲ့ အယ်လ်တန်ဂျွန်ကတော့ ဟောလီးဝုဒ်ရဲ့ ကြီးကျယ်ခမ်းနားသူတစ်ဦး ဆုံးရှုံးခဲ့ပြီ။ ပိုပြီး အရေးကြီးတဲ့ အချက်ကတော့ မယုံကြည်နိုင်လောက်အောင် လူသားဆန်တဲ့ လူသားတစ်ဦးဆုံးရှုံးခြင်းပါ-လို့ဆိုလေရဲ့။ အယ်လ်တန်ဂျွန်နဲ့ အဲလီဇဘက်ကို ရံပုံငွေပွဲတွေမှာ တွဲလျက် တွေ့တွေ့နေတတ်တာ။
သူမကိုယ်တိုင်ပြောခဲ့တဲ့စကားတစ်ခွန်းကိုလည်း ဖတ်လိုက်မိပါတယ်။
 “ကံကြမ္မာက အရာအားလုံး ကျမကို ပေးအပ်ခဲ့ပါ တယ်။ အလှတရားတွေ၊ ကျော်ကြားမှုတွေ၊ ချမ်းသာမှုတွေ၊ ဂုဏ်ပြုခံရမှုတွေ၊ အသိအမှတ်ပြုခံရမှုတွေ။ ဒါတွေအားလုံး အတွက် ကျမအနေနဲ့ ကြီးမားတဲ့ ဘေးဒုက္ခတွေနဲ့ ရင်းနှီးပေးဆပ်ခဲ့ရတာပါ။ ကျမရဲ့ သိပ်ချစ်ရတဲ့ မိတ်ဆွေတွေကို ရုတ် တရက် ဆုံးရှုံးခဲ့ရတယ်။ ထိတ်လန့်ဖွယ် ရောဂါတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတယ်။ မကောင်းတဲ့ စွဲလမ်းမှုတွေ၊ ပြိုကွဲရတဲ့ အိမ်ထောင်ဆက်တွေ။ ဒါတွေကို ပေးဆပ်ခဲ့ရတာပါ”။ “ရတနာ ရွှေငွေဥစ္စာတွေ အမြောက်အများ ပိုင်ဆိုင်ရရှိစေဖို့ ကျမ ဘယ်တုံးကမှ အထူးတလည် စီမံကိန်းချလုပ်ခဲ့တာမျိုး မရှိသလို အိမ်ထောင်ဆက်တွေများဖို့လည်း တမင်ကြံရွယ် လုပ်ခဲ့ တာမျိုး မရှိပါဘူး။ ဒါပေမယ့် ကျမအတွက် ဒီလိုအခြေအနေတွေ ဖြစ်ခဲ့တယ်။ ကျမလည်း သာမန်သူတွေလိုပါပဲ။ သာမန်သူတွေ တွေ့ရတတ်တဲ့ အတွေ့အကြုံမျိုးတွေ ကျမလည်း တွေ့ခဲ့ရတာပါပဲ”
-လို့ အမေးအဖြေတစ်ခုမှာ ပြောသွားဖူး တယ်။ သူမက သာမန်သူဆိုပေမယ့် ထူးခြားတဲ့ သာမန်သူတစ်ဦးသာပါ။
ဟောလီဝုဒ် အနုပညာလောကမှာ နှစ်များစွာ တောက်ပတဲ့ကြယ်တစ်ပွင့်တော့ ကြွေလွင့်ခဲ့လေပြီ။ သူမရဲ့ သက်ရှိကိုယ်ခန္ဓာ ကတော့ ကမ္ဘာမြေပေါ်က ပျောက်ကွယ်လေပြီ။ ဒါက ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်တဲ့ သဘာဝဖြစ်စဉ်တစ်ခု။ လူသား အဖြစ် အသက်ရှင်စဉ်မှာ ပြုလုပ်သွားခဲ့တဲ့ ကောင်းခြင်း မကောင်းခြင်းရဲ့ အရှိန်အဝါနဲ့ နာမည်ကတော့ အတန်ကြာသည် အထိ ကမ္ဘာလောကထဲမှာ ထင်ကျန်နေရစ်ဦးမှာ။
ပဋ္ဌာန်းဥပနိဿယ ပစ္စည်းအလိုအရ ပြောရလျင်ဖြင့် ပုဂ္ဂိုလ်တစ်ဦး တစ် ယောက်ရဲ့ပြုလုပ်ခဲ့တဲ့ ပစ္စည်း(အကြောင်း) အထောက်အပံ့တရားတွေက နောင်ကမ္ဘာရှည်ကြာကြာ အသွင်သဏ္ဌာန် ပြောင်း လဲကာဖြင့် အဆက်ဆက် တည်ရှိနေလေဦးတော့မှာ။
ဘဝတစ်ခု သက်တမ်းဆိုတာက အကန့်အသတ် အပိုင်းအခြားရှိတယ်လေ။ အချိန်တန်လျင်တော့ သေဆုံးကျရမှာ။ မသေ ဆုံးမီမှာ လုပ်ခဲ့တဲ့ လုပ်ရပ်ကို အမှီပြုလို့ နာမည်ဂုဏ်သတင်းနဲ့ ကောင်းခြင်း မကောင်းခြင်းလုပ်ရပ်ရဲ့ အကျိုးရလဒ်များက သူနေထိုင်သွားရာ ပတ်ဝန်းကျင်မှာ အတိုင်းအတာတစ်ခုအထိ ထင်ဟပ်နေရစ်ခဲ့ဦးမှာ။ တစ်ဦးတစ်ယောက်ရဲ့ ကောင်းခြင်း မကောင်းခြင်းလုပ်ရပ်ဟာ သူသက်ရှိထင်ရှားရှိနေခိုက်မှာသာ သူ့ပတ်ဝန်းကျင်ကို ထင်ဟပ်စေတာမျိုး မဟုတ်ပဲ သူကွယ် လွန်သွားတဲ့နောက်မှာပင်လျင် ထင်ကျန်နေနိုင်တာမို့ အသက်ရှင်စဉ်အခိုက်မှာ ကောင်းခြင်းလုပ်ရပ်တွေကိုသာ လုပ်မိစေဖို့ အထူးလိုအပ်ပါတယ်။ ကျန်နေရစ်မည့် နာမည်နဲ့ဂုဏ်သတင်းကလည်း လုပ်ရပ်အပေါ်မှာမှီတည်လို့ အကောင်းအဆိုးဖြစ် ကာ ထင်ရစ်လေမှာ မဟုတ်လား။
ကိုယ့်လုပ်ရပ် အကြင်နာများကြောင့် ကွယ်လွန်သွားတဲ့အခါ အားလုံးက တမ်းတကာ လွမ်းကျန်ရစ်ရမည့် မှတ်တမ်းမျိုးကို သာ ထားရစ်ခဲ့စေချင်ပါတယ်။ မေတ္တာကင်းစွာ ကိုယ်ပြုခဲ့တဲ့ ဒဏ်ရာအနာတရတွေရယ်ကြောင့် ကွယ်လွန်သွားတဲ့အခါ နာကျည်းစွာ ပန်းလျကျန်ရစ်ရမည့် မှတ်တမ်းမျိုး ဘယ်သူ့အတွက်မှ၊ ဘယ်သူ့ကိုမှ ချန်မထားရစ်ခဲ့စေချင်ပါဘူး။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts