>Nyan Oo Maung – Nwe

>

နွယ်
ဉာဏ်ဦးမောင်
ဧည့်သည် 
လာရောက်ခိုနား
သူ ပျံသွားသော်
ကိုင်းဖျား ဆတ်ဆတ်ခါသတည်း။
မောင်ပေါက်စည် (မန္တလေး)
ခရီးအကြိမ်ကြိမ် သွားတတ်လေ့ရှိသော ကိုယ်သည် ခရီးသွားခြင်းနှင့်စပ်သော စကားတစ်ခွန်းနှင့်လည်း အလွန်ရင်းနှီးပါ သည်။ ထိုစကားမှာ ဧည့်သည်ဆိုသော စကားဖြစ်ပါသည်။ ကိုယ်သည် ဧည့်သည်လည်း အကြိမ်များစွာဖြစ်ဖူးသလို အိမ်ရှင် လည်း အကြိမ်များစွာ ဖြစ်ဖူးပါသည်။ ကိုယ်က ဧည့်သည်ဖြစ်သဖြင့် အိမ်ပြန်ရသော အခါမှာပဲဖြစ်စေ၊ ကိုယ်ကအိမ်ရှင်ဖြစ် သဖြင့် အိမ်မှာကျန်ခဲ့ရသော အခါမျိုးမှာပဲဖြစ်စေ၊ ထူးခြားသော ‘ဧည့်ရသ’တစ်ခုကိုတော့ ခံစားမိတတ်ပါသည်။ ထိုသို့ခံစား မိတတ်တိုင်း ဆရာမောင်ပေါက်စည်၏ ကဗျာလေးကိုလည်း သတိရမိတတ်ပါသည်။ ဧည့်သည်ဆိုသည်မှာ ငှက်တစ်ကောင် အလားပမာဖြစ်ပါသည်။
လူသားဘဝဆိုသည်မှာကလည်း တစ်နေရာထဲ၌ ရပ်တန့်ကာ နေထိုင်သွားနိုင်ဖို့ မလွယ်ကူတတ်ပါ။ ထိုအတွက် သွားလာ လှုပ်ရှားနေကြရစမြဲ ဖြစ်ပါသည်။ အပေါင်းအသင်းနှင့် နေထိုင်ကြရသောကြောင့်လည်း တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံ နေကြရစမြဲလည်း ဖြစ်ပါသည်။ သွားချည့်တစ်ခါ၊ ပြန်ချည်တစ်လှည့်။ စုန်ခဲ့တစ်ဖန်၊ ဆန်ခဲ့တစ်ဖုန်။ မဆုံးနိုင်သော ဘဝ ဇာတ်ခုံဝယ် အိမ်ရှင်ဧည့်သည် အလဲလှယ်နှင့် မသေချာလှသော ဇာတ်ရုပ်တစ်ခုနှယ် ကပြအသုံးတော် ခံနေရစမြဲပင်။ သေချာသည်ကတော့ ဧည့်သည်ဆိုသည်မှာ အချိန်တန်လျှင် ပြန်မည့်သူသာဖြစ်သည်။ အကြောင်းအပေါင်းသင့်လို့ ထပ် လာချင်လည်း လာလည်နိုင်ပါသည်။ ထို့အတူ ထပ်လာချင်မှလဲ လာပေတော့မည်။  ပြန်လည်ဆုံတွေ့ရန် အခါအခွင့်ဆို သည်မှာ ရှိချင်မှသာ ရှိနိုင်ပေမည်။ ဧည့်သည်တစ်ယောက်သည် ဧည့်သည်တစ်ယောက်သာလျှင် ဖြစ်ပေမည်။   
ဧည့်သည်ဆိုသည်ကတော့ အစားစားရှိနိုင်သည်။ စိတ်အနွမ်းကို ပေးတတ်သောဧည့်သည်မျိုးရှိနိုင်သလို စိတ်အလွမ်းကို ပေးတတ်သော ဧည့်သည်မျိုးလည်း ရှိနိုင်ပါသည်။ ၄င်းအပြင် ခဏတာ လာရောက်လည်ပတ်သောဧည့်သည်၊ အချိန် အတန်ကြာကြာ လာရောက်သောဧည့်သည်စသဖြင့်လည်း ဧည့်သည်အမျိုးမျိုး ရှိနိုင်ပြန်ပါသည်။ မည်သို့သော ဧည့်သည် ပင်ဖြစ်စေ ခင်မင်ရင်းနှီးမှု အတိုင်းအတာပေါ် လိုက်၍ ထိုဧည့်သည် ပြန်သွားသည့်အခါ ခံစားရသော ခံစားချက်တစ်ခုခု ဆိုသည်မှာကတော့ အိမ်ရှင်တွင် ကျန်နေတတ်ပါသည်။  မခွဲခွါလိုသေးခင်မှာ ခွဲခွါရသဖြင့် ဝမ်းနည်းခြင်း၊ စိတ်မကောင်းခြင်း စသော ခံစားမှုများ။ ထိုခံစားမှုကြောင့်  မျက်ရည်စများဖြင့် နှုတ်ဆက်လက်ပြခြင်းမျိုးလည်း ရှိနိုင်သလို ခွဲခွါစေလိုချိန်မှာ ဧည့်သည်ပြန်သွားသဖြင့် လွတ်လပ်ခြင်း၊ ဝမ်းမြောက်ခြင်းစသောခံစားမှုများ။ ထိုခံစားမှုကြောင့် ကျေနပ်ပျော်ရွှင်စွာ နှုတ် ဆက်နိုင်ခြင်းမျိုးလည်း ရှိနိုင်ပါသည်။
အနွမ်းပေးတတ်သောဧည့်သည် ပြန်လေသဖြင့် ပန်းကျန်ရစ်သောအဖြစ်သည် ယာယီအခိုက်အတန့်မျှ အိမ်ရှင်အဖို့ နွမ်းလျ နိုင်ပါသည်။ သို့သော် တမ်းတစရာ မဟုတ်လေသမို့ အချိန်ကြာကြာ သတိတရ ရှိနေကောင်းမှ ရှိပါမည်။ အလွမ်းပေးတတ် သော ဧည့်သည်ပြန်လေသဖြင့် တမ်းကျန်ရစ်ရသောအဖြစ်သည် တစိမ့်စိမ့်စီးပျော်ဝင်သော ရေပမာ ခြောက်သွေ့သွားဖို့ ခဲ ယဉ်းနိုင်ပါသည်။ ထာဝစဉ်မျှ ထင်ကျန်တော့လေမလားရယ်ဟုပင် တွေးထင်မိတတ်ပါသည်။
လာရောက်ခိုနားသော ငှက်ဆိုသည်မှာ ပျံချိန်တန်လျင်ဖြင့် ပျံလေမည်မှာ ဓမ္မတာသာပင်ဖြစ်သည်။ သို့သော် လာနားသော ငှက် ပျံလေသဖြင့် လှုပ်ခါကျန်နေခဲ့သော သစ်ကိုင်းကလေးအတွက်မူ မူလကဲ့သို့ ပြန်လည် တည်ငြိမ်ရန်ဆိုသည်မှာ အချိန် အခါတစ်ခုကိုဖြင့် အသေအချာပင် စောင့်ဆိုင်းရပေဦးတော့မည်။   ။
(ဝန်ခံချက်) လောကအလှမှ ရတနာ၏အတွေးကို ထပ်ဆင့်ခံစားပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts