>Kyaw Thu – FFSS Yangon Activity (13rd March 2011)

>

ဆယ်နှစ်လည်းပြည့်ခဲ့ပြီ . . . တစ်သိန်းလည်း ပြည့်တော့မည်
ကျော်သူ
မတ် ၁၄၊ ၂၀၁၁

နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေး၊ ၇ ရက်သားသမီးတို့၏ နာရေးကိစ္စအဝဝတို့ကို မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထား၍ (အခမဲ့) ကုသိုလ်ဖြစ် အအေးခန်း ထားပေးခြင်း၊ မီးသင်္ဂြိုဟ်ပေးခြင်းတို့ကို အလူမီနီယမ်ခေါင်း၊ မှန်ခေါင်း၊ ရဟန်းသံဃာတော်များအား စတီးလ်ကရဝိတ်ဖောင်၊ မှန်စီရွှေချခေါင်းများဖြင့် ကုသိုလ်ပြုလုပ်ငန်းများကို ပေးဆပ်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆယ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

ယခု ၂၀၁၁ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့အထိ နာရေးကူညီမှုပေါင်း ၉၉,၆၄၄ ဦးတို့ကို (အခမဲ့) ကူညီခဲ့ပြီး ဖြစ်ပါသည်။ ယခုလာမည့် မတ်လ ၂၀/၂၁ ရက်နေ့ခန့်တွင် နာရေးကူညီမှုပေါင်း (၁၀၀,၀၀၀) တစ်သိန်းဦးရေ ပြည့်တော့မည်ဖြစ်သည်။
၂၀၀၇ ခုနှစ်မှစ၍ အသင်း၏ အထူးအစီအစဉ်တရပ်ဖြင့် ဘဝတပါးသို့ ကူးပြောင်းသွားသော ဆင်းရဲနွမ်းပါးလှသည့် နာရေးကိစ္စကို နိုင်ငံခြားမှတဆင့် လှူဒါန်းထားသော နိုင်ငံခြားဖြစ်အခေါင်းနှင့် မီးသင်္ဂြိုဟ်ပေးခြင်း၊ ကျန်ရစ်သော နာရေးရှင်မိသားစုတို့အား ငွေလှူဒါန်းခြင်း (အသင်းသူ/သားများ၏ စုပေါင်းလှူဒါန်းငွေ) တစ်သိန်းအထက်နှင့် ရက်လည်ဆွမ်းကပ်အလှူဒါနအတွက် သင်္ကန်းပရိက္ခရာများ လှူဒါန်းပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်မှာ ယခုဆိုလျှင် ၅ ကြိမ်တိတိရှိပြီ ဖြစ်ပါသည်။
ယခု ၂၀၁၁ ခုနှစ်တွင် အသင်း၏ ထူးခြားမှု၊ လှုပ်ရှားမှုတရပ်အဖြစ် “ဘဝနိဂုံး အဆုံးပုံရိပ်” ဟူသော ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓာတ်ပုံပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လာရောက်၍ လုပ်အားပေးမည့် လူမှုရေးသမားများသည် နာရေးကူညီမှု၊ ဆေးကူညီမှု၊ ပညာရေး စသည့် သင်တန်းများကိုတက်ရောက်ပြီးမှ လုပ်အားပေးခွင့်ကို ရရှိမည်ဖြစ်သည်။ ယင်း သင်တန်းများတွင် “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓာတ်ပုံသင်တန်းကိုလည်း ပို့ချခဲ့သည်။
ရည်ရွယ်ချက် – 
၁။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်သယ်ဆောင် ကူညီပံ့ပိုးပေးသည့် နာရေး လမ်းကြောင်းများ၏ ထူးခြားချက်များ (ရေနစ်၊ ဆွဲကြိုးချ၊ ရထားကြိတ်၊ လမ်းဘေး သေဆုံးမှု စသည့်) အခြားအခြားသော ဖြစ်စဉ်များအတွက် ဓာတ်ပုံမှတ်တမ်းများ လိုအပ်ခြင်း။
၂။ အချို့သော နာရေးရှင်များမှ မိမိတို့၏ နာရေးကိစ္စမှတ်တမ်းပုံများကို အမှတ်တရ တောင်းခံခြင်း။
၃။ အလှူရှင်တို့အား မှတ်တမ်းဓာတ်ပုံ ရိုက်ကူးပေးခြင်း။
၎။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သမိုင်းကြောင်းရာဇဝင်များကို မှတ်တမ်းတိတိကျကျ ဓာတ်ပုံများနှင့်တကွ မှတ်တမ်းပြုထားလိုခြင်း စသည့် ရည်ရွယ်ချက်များကြောင့် အသင်းသူ/သားတိုင်း ဓာတ်ပုံရိုက်ကူးမှု အတတ်ပညာကို တတ်မြောက်ရမည်ဟူသော ခံယူချက်နှင့်အညီ ဓာတ်ပုံရိုက်သင်တန်းကို သင်ကြားပေးခဲ့ပါသည်။
ယခင် ၂၀၀၉ ခုနှစ်အတွက် အသင်းမှ သင်္ဂြိုဟ်ပေးမှုအလောင်း (၁၀,၀၀၀) ပြည့်ကိုလည်း (၂၈.၉.၂၀၀၉) နေ့တွင် “ဘဝနိဂုံး အဆုံးပုံရိပ်” ဟူသော မှတ်တမ်းတင်ဓာတ်ပုံပြိုင်ပွဲ ကျင်းပပေးခဲ့ရာ အသင်းသူ/သားများ တက်တက်ကြွကြွ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နာရေးရှင်တို့ကလည်း နောက်နေ့တွင် သူတို့၏ နာရေးမှတ်တမ်းပုံများကို မှတ်မှတ်ရရ လာရောက်တောင်းခံခဲ့ကြသည်။
ဤသည်မှာ . . . မိမိတို့၏ ပီတိပင်ဖြစ်တော့သည်။
ဓာတ်ပုံဆုပေးရာတွင် အဓိက – နာရေးရှင်တို့၏ ပတ်ဝန်းကျင်အနေအထား၊
နာရေးရှင်တို့၏ ခံစားချက်အနေအထား၊
ဓာတ်ပုံပညာရပ်၏ ကျွမ်းကျင်မှုအနေအထား၊
ဓာတ်ပုံပညာရပ်၏ ထူးခြားသော ပုံဖော်မှုတို့ကို အဓိကထား ရွေးချယ် ဆုံးဖြတ်ကြသည်။
ဤတွင် . . . ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု တို့ဖြစ်ကြသည်။
 ယခု ၂၀၁၁ ခုနှစ်၊ မတ်လ (၂၀/၂၁) ရက်နေ့ခန့်တွင် နာရေးကူညီမှုပေါင်း (၁၀၀,၀၀၀) တစ်သိန်းပြည့်တော့မည့် နေ့ရက်တွင် အထူးခြားဆုံး အစီအစဉ်တရပ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဓာတ်ပုံသင်တန်းဆင်း အသင်းသူ/သားများအား ဓာတ်ပုံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခွင့်မပြုဘဲ စိတ်ပါဝင်စားသော ပြင်ပဓာတ်ပုံပညာရှင်များသာ ပါဝင်ရိုက်ကူးယှဉ်ပြိုင် ကုသိုလ်ယူမည့်ပွဲ ဖြစ်သည်။ 
အသင်းသူ/သားများ ပါဝင်ရိုက်ကူးခွင့် မပြုခြင်းမှာ – နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးပို့ဆောင်မှု အင်အားလျော့ပါးခြင်း မရှိစေဘဲ စည်ကားသိုက်မြိုက်စွာ ဘဝတပါးသို့ ပြောင်းလဲသွားသော လူသားတဦးအတွက် ထိရောက်စွာ ပေးဆပ်နိုင်ရန်အတွက် ဖြစ်သည်။ ထို့အပြင် ပြင်ပ ဓာတ်ပုံပညာရှင်များအနေဖြင့်လည်း မင်္ဂလာဆောင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဧည့်ခံပွဲများ၊ မွေးနေ့ပွဲများနှင့်သာ တင်းတိမ်ရောင့်ရဲမနေဘဲ လူသားတဦး၏ နောက်ဆုံးကမ္ဘာမြေပြင်မှ ထွက်ခွာသွားသော ပုံရိပ်လွှာများအား ကုသိုလ်လည်းရကာ မိမိတို့၏ ဓာတ်ပုံပညာရပ်ကိုလည်း တင်ပြနိုင်ခွင့် ရစေမည်ဖြစ်သည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေးကူညီမှုပေါင်း (၁၀၀,၀၀၀) တစ်သိန်းပြည့် အစီအစဉ်အတွက် အထူးကျင်းပမည်ဖြစ်သော “ဘဝနိဂုံး … အဆုံးပုံရိပ်” ဓာတ်ပုံပြိုင်ပွဲအား စိတ်ဝင်စားသော ဓာတ်ပုံပညာရှင်များသည် ယခု မတ်လ (၁၈/၁၉) ရက်နေ့များတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄၊ ၅၈၁၃၆၃၊ ၅၈၀၁၃၃ သို့လည်းကောင်း၊ တီဗီသက်မွန်နှင့်အဖွဲ့ အမှတ်(၁၂၆)၊ ၃၃ လမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း – ၀၉ ၅၀၄၄၄၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်း၍ ပြိုင်ပွဲဝင်လျှောက်လွှာများအား ထုတ်ယူဖြည့်စွက်ကာ တစ်သိန်းပြည့် ကုသိုလ်ယူပွဲကြီး၏ မှတ်တမ်းပုံများကို ပါဝင်ဆင်နွှဲကြပါရန် သတင်းပေးအပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts