>Letters from Michigan – 57

>

မစ်ရှီဂန်က ပေးတဲ့စာ(၅၇)
အောင်ဝေး
မတ် ၉၊ ၂၀၁၁

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ ညီညွတ်ရေးနဲ့ ပတ်သက်လို့ အကောင်းမြင်စိတ်ကလေး ထားကြပါ၊ အကောင်းမြင်စိတ်နဲ့ ညီညွတ်ရေး တည်ဆောက်ကြပါစို့လို့ ကျနော်ပြောခဲ့ပါတယ် ကိုဒေါင်း။


ညီညွတ်ရေးနဲ့ပတ်သက်လို့ တဖက်က တိုက်ပွဲမရှိရင် ညီညွတ်ရေးမရှိဘူးလို့ ဆိုပါတယ်။ ဒါက ရန်သူနဲ့ကိုယ်ရဲ့ အနေအထား၊ သူ့ဘက်ကိုယ့်ဘက် အခြေအနေကို ရည်ညွှန်းတာပါ။ ရန်သူကို တကယ် ထဲထဲဝင်ဝင် ရင်ဆိုင်တိုက်ခိုက်ကြရပြီဟေ့ ဆိုရင်တော့ ကျနော်တို့ဟာ၊ ကျောချင်းကပ်၊ ရင်ချင်းအပ်၊ မလွဲမသွေ ညီညွတ်ကြရတာပဲ မဟုတ်လား။

ဒီလိုပဲ အခြားတဖက်မှာက၊ ဝေဖန်ရေးမရှိရင်၊ ညီညွတ်ရေးမရှိနိုင်ဘူးလို့လည်း ဆိုပါတယ်။ ဒါကတော့ ရန်သူနဲ့ကိုယ့်ရဲ့ အနေအထား၊ သူ့ဘက်ကိုယ့်ဘက်အခြေအနေနဲ့ မဆိုင်ဘူး။ ဒါကတော့ ကိုယ့်တဖက်တည်းရဲ့ အနေအထား၊ ကိုယ့်အတွင်းစည်းထဲက အခြေအနေနဲ့ပဲ ဆိုင်ပါတယ်။

ကျနော်တို့ချင်း အပြုသဘောဆောင်တဲ့ ဝေဖန်ရေးတွေမလုပ်ဘူး ဆိုရင်၊ ကျနော်တို့ အတွင်းမှာ ရင်းနှီးချစ်ကြည်တဲ့ ဝေဖန်ရေးတွေ မရှိဘူး ဆိုရင်၊ ကျနော်တို့ကြားမှာ ညီညွတ်ရေးဟာ မရှိသလိုပဲ ၀ါးအစည်းပြေနေမယ်။ ညီညွတ်ရေးဟာ အသက်မ၀င်ပဲ အသက်ငင်နေမယ်။ ဆိုလိုတာက အတွင်းစည်းဝေဖန်ရေးမပါတဲ့ ညီညွတ်ရေးဟာ၊ တံတွေးနဲ့ကပ်ထားတဲ့ ညီညွတ်ရေးပဲ ဖြစ်နေလိမ့်မယ် ဆိုတာပါပဲ။

ဒီတော့ ကိုဒေါင်း – ကျနော်တို့မှာ ဒီမိုကရေစီတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲဆိုတာ ရှိတယ်။ အဲဒီ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတိုက်ပွဲ ရှင်သန် ရုန်းကန်နေမယ်၊ ကြံ့ကြံ့ခံ ဖြတ်သန်းနေမယ် ဆိုရင် ကျနော်တို့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ ညီညွတ်ရေးဟာလည်း အသက်ဝင်နေမှာပဲ၊ အဓိပ္ပာယ်ရှိနေမှာပဲလို့ ပြောချင်တယ်။

တပြိုင်နက်တည်းမှာပဲ၊ ဒီမိုကရေစီဘက်တော်သား အချင်းချင်း၊ အတွင်းစည်းမှာ အပြုသဘော ဆောင်တဲ့၊ အမှန်တရားနဲ့ကိုက်ညီတဲ့ ဝေဖန်ရေးတွေ လိုတယ်။ စစ်မှန်တဲ့ ဒီမိုကရက်တစ်ပါတီ တခု၊ အဖွဲ့အစည်းတခုဖြစ်တယ် ဆိုရင်၊ သဘောက ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေကို လက်တွေ့ကျကျ ကျင့်သုံးနေတဲ့ အင်အားစုတခု ဆိုရင်တော့၊ ဝေဖန်ရေးဟာ အပေါ်ကနေ အောက်ကို လာတာ ရှိသလို၊ အောက်ကနေပြီးတော့လည်း အပေါ်ကို ဝေဖန်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။

ဒါပေမဲ့ ဒီဝေဖန်ရေးက ယဉ်ကျေးတဲ့၊ အပြုသဘောဆောင်တဲ့ ဝေဖန်ရေး ဖြစ်ဖို့တော့ လိုပါတယ်။ ဒီဝေဖန်ရေးက တိုက်ပွဲလမ်းကြောင်းပေါ်က ချော်ထွက်မသွားဖို့တော့ လိုပါတယ်။ ဒီဝေဖန်ရေးက ကိုယ့်အဖွဲ့အစည်းက၊ ကိုယ့်ခေါင်းဆောင်က၊ ကိုယ့်လူထုက သွားနေတဲ့ တော်လှန်ရေး မြားဦးရဲ့ သေနင်္ဂဗျူဟာနဲ့ မလွဲချော်ဖို့တော့ အထူး အရေးကြီးတာပေါ့။ ဒီလို အပေါ်အောက် အပြန်အလှန် ဝေဖန်တဲ့ ဝေဖန်ရေးမျိုးက ပါတီတွင်း၊ အဖွဲ့တွင်း ညီညွတ်ရေး မပျက်ပြားဖို့ကို အထူး ဂရုစိုက်ဖို့အမှန်ပဲ လိုအပ်တာပါ။

ဒီတော့ – ရန်သူနဲ့ကိုယ်ကြားမှာ တိုက်ပွဲဆင်နေရင်၊ ကျနော်တို့ အမှန်အကန် ညီညွတ်ကြပါလိမ့်မယ်။ ဒီလိုပဲ ကျနော်တို့အတွင်းမှာ ဝေဖန်ရေးရှိရင် ကျနော်တို့ မုချ ညီညွတ်မှာပါပဲ။ ဝေဖန်ရေးနဲ့ပတ်သက်လို့တော့ မူလေးတခု ကျနော်တို့ သတိပြုဖို့လိုတယ်။ အဲဒါကတော့ “ညီညွတ်ရေး-ဝေဖန်ရေး-ညီညွတ်ရေး” ဆိုတဲ့မူပါပဲ။

ဟုတ်ပြီဗျာ။ ညီညွတ်ရေး၊ ဝေဖန်ရေးနဲ့ပတ်သက်တဲ့ အခြေခံကျတဲ့အချက်တွေ၊ ဆောင်ရန် ရှောင်ရန်တွေ ကျနော်တို့ သိပြီ ထားတော့။ ညီညွတ်ရေးဆိုတိုင်းလည်း အစစအရာရာမှာ၊ အက်ရာ ဟရာ မရှိ၊ ကွဲတာ လွဲတာ မရှိ၊ ရာနှုန်းပြည့် ပကတိ ညီညွတ်နေရမယ် ဆိုတာမျိုးတော့၊ ကျနော်တို့ တောင်းဆိုလို့ မရဘူးဗျာ ကိုဒေါင်း။ နေရာတကာတိုင်းမှာ အပြည့်အ၀ အလုံးစုံ ညီညွတ်နေရမယ် လို့တော့ကျနော်တို့ ဆန္ဒစွဲနဲ့ မျှော်လင့်လို့ မဖြစ်ဘူး။

ညီညွတ်ရေးတရပ်ရဲ့ အတိမ်အနက်က၊ နိုင်ငံရေးအခြေအနေနဲ့ အချိန်အခါပေါ်မှာလည်း မူတည်နေပါတယ်။ တော်လှန်ရေးရဲ့ ဦးတည်ချက်တို့၊ လားရာတို့ အပေါ်မှာလည်း အများကြီး တည်မှီနေပါတယ်။ ပကတိ ညီညွတ်ရေး၊ အကြွင်းမဲ့ ညီညွတ်ရေး ဆိုတာကတော့၊ မူအားဖြင့် တကယ့်ကို အထူး အရေးကြီး လိုအပ်တာ အမှန်ပဲပေါ့ဗျာ။ ဒါပေမဲ့ လက်တွေ့မှာ၊ တခါတလေကျတော့၊ အခြေအနေတရပ်၊ အနေအထား တဆင့်မှာ၊ ကျနော်တို့ဟာ အပြည့်အ၀ညီညွတ်ဖို့ မလွယ်တာမျိုးကိုလည်း ကြုံကြရတာပဲ မဟုတ်လား။

အပြည့်အ၀ မညီညွတ်လို့ ဆိုပြီးတော့လည်း၊ ကျနော်တို့ ဘယ်သူ့ ဘယ်သူကိုမှ အပြစ်တင်ဖို့ မလိုပါဘူး။ စိတ်အားငယ်စရာလည်း မလိုပါဘူး။ အပြည့်အ၀ မညီညွတ်ပေမဲ့၊ လက်တွေ့မှာ အတူလက်တွဲ အလုပ်လုပ်လို့ ရနေသေးတယ် ဆိုရင် ဒါမျိုးကို ကျနော်တို့ ကျေနပ်လက်ခံရမှာပါပဲ။

ကိုဒေါင်းကြီး – သမိုင်းမှာ ကြုံခဲ့တဲ့အဖြစ်ကလေးတခု၊ ကျနော် ပြောကြည့်မယ်။ ကိုဒေါင်းကြီးလည်း စဉ်းစားကြည့်ပါ။ တို့ဗမာအစည်းအရုံးကြီး နှစ်ခြမ်းကွဲသွားတော့၊ ဂိုဏ်းက နှစ်ဂိုဏ်း ဖြစ်သွားတယ် မဟုတ်လား။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့၊ သခင်အောင်ဆန်းတို့၊ သခင်သန်းထွန်းတို့ လက်ဝဲဂိုဏ်းနဲ့၊ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်ရှုမောင် လက်ယာဂိုဏ်း။ နှစ်ဂိုဏ်း ကွဲခဲ့ပေမဲ့၊ နှစ်ဖက်စလုံးရဲ့ ဘုံရည်မှန်းချက်ကတော့ မကွဲဘူး။ ပန်းတိုင်က မကွဲဘူး။ မြန်မာ့လွတ်လပ်ရေး အရယူဖို့ ဆိုတဲ့အချက်ပဲ။

အဲဒီအချိန်က မြန်မာ့နိုင်ငံရေး ရေချိန်ကလည်း၊ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးအပြီးမှာ ဒီရေမြင့်သစ် ဖြစ်နေတဲ့ကာလ။ ကမ္ဘာမှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာတဲ့ကာလ။ အင်္ဂလိပ်အခက်-ဗမာ့အချက် ဆိုပြီးတော့၊ မြန်မာတွေ လွတ်လပ်ရေးအရယူဖို့ နည်းလမ်း ရှာကြ၊ စွန့်စားကြတဲ့အချိန် မဟုတ်လား။

အဲဒီအချိန်မှာ၊ သမိုင်းဝင် ရဲဘော်သုံးကျိပ် ဆိုတာဖြစ်လာဖို့ လမ်းစ ပေါ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်နဲ့လျှို့ဝှက် အဆက်အသွယ်ရပြီး၊ ဂျပန်မှာ စစ်ပညာသင်ဖို့၊ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်း အသီးသီးကနေပြီးတော့ လျှို့ဝှက် လူစုကြတဲ့အခါ၊ အဲဒီ နှစ်ခြမ်းကွဲနေတဲ့၊ တို့ဗမာအစည်းအရုံးက၊ နှစ်ဂိုဏ်းစလုံးက လူတွေ၊ အတူတကွ အသက်ပေး ပါဝင်ခဲ့ကြတဲ့ သာဓက ရှိရဲ့ မဟုတ်လား။


ဆရာမြသန်းတင့် မကွယ်လွန်ခင် ပြောခဲ့တဲ့စကားတခွန်း ပြန်မျှဝေပရစေဗျာ။ “ပေါင်းစည်းရင်း၊ ကွဲလွဲခွင့် ရှိပါစေ။ ကွဲလွဲရင်း ပေါင်းစည်းနိုင်ပါစေ” တဲ့။ ကိုဒေါင်းရေ၊ ကျနော်တို့ဟာ တူတာတွေ တွဲလုပ်ကြမယ်။ မတူတာတွေ ခွဲလုပ်ကြမယ်။ ဘုံရည်မှန်းချက်ပန်းတိုင် တထပ်တည်း ကျနေရင် ရှေ့ခရီးဆက်လို့ ရတာပဲ မဟုတ်လားဗျာ။

အားလုံးကို သတိရလျက်-
အောင်ဝေး
ဖေဖော်ဝါရီ ၁၄ – ၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts