>Mar Mar Aye – 370

>“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၇၀)

မန်းရာပြည့် အမှတ်တရများ
မာမာအေး
မတ် ၆၊ ၂၀၁၁
(photo: super tigger)


BBC က ထုတ်လွှင့်ခဲ့သော ဤအသံလွှင့် ဆောင်းပါးကို နားဆင်ရန် လိပ်စာ – http://www.bbc.co.uk/burmese/programmes/2011/03/110303_mmaye.shtml

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးခဲ့တဲ့တပါတ်က ရှမ်းပြည်နယ်မှာ အလှည့်ကျခဲ့တဲ့ တောင်ကြီးမြို့ ပြည်ထောင်စု ညစာစားပွဲမှာ မြန်မာနိုင်ငံ ခေတ်ပေါ်တေးဂီတကောင်စီနဲ့ မြန်မာ့အသံ ဂီတ၀ိုင်းတော်သားတွေ အတူသွားရောက် ဖျော်ဖြေခဲ့ကြတုန်းက မာအေးရဲ့ “ယုံရခက်ခက်” သီချင်းထဲက “ဧရာမ” ဆိုတဲ့ စာလုံးကြီးကိုမှ မေ့ခဲ့တာကြောင့်မို့ ၀ိုင်းသောကြ ဟားကြတာ ခံလိုက်ရပါကြောင်း “မှားတဲ့အခါလည်း မှားပေမပေါ့”လို့ ကာတွန်း စုံထောက်ကြီး ဦးရှံစားကဲ့သို့ ရယ်ကျဲကျဲနဲ့ ပွဲခံခဲ့ဘူးတာကို ပြောမိပါတယ်။ တကယ့်ကို စာမေ့သွားတုန်းက ဘာဆက်ဆိုရပါ့မလဲလို့ ထိတ်ထိတ်ပြာပြာ လန့်ဖြတ်သွားချိန်လေးဟာ စက္ကန့်ပိုင်းလပ်ဟာတာမို့သာဘဲရှင်၊ နှလုံးသားကို ဒိန်းကနဲတိုက်၊ ခေါင်းကြီး အကြီးကြီး ဖြစ်သွားလိုက် မျက်နှာကြီးရဲပြီး တင်းလာလိုက်နဲ့ မမိုက်ပါဘူးရှင်၊ ဒီဖီလင်မျိုး ချစ်ဆွေတို့ တိုးမိဖူးမယ် ထင်ပါတယ်၊ တခုခု မှားဘူးရင် ကြုံမှာဘဲရှင့်။

အခု ဒီအကြောင်းကို ပြန်ပြောတဲ့အခါ မာအေးမှာ ဝေဒနာနှစ်ခုပေါ်လာတယ်၊ တခုက ကိုယ့်အဖြစ် ကိုယ်ရယ်ချင်ချင် ဖြစ်မိတာပါ၊ နောက်တခုက ဂီတ ခလေးတယောက် စင်တော်ကောက်ဖြစ်ဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ရင်ဆိုင်၊ သေနပ်ကိုင်သူကိုသော်လဲ မကြောက်ပါဘဲ ရဲရဲဝင်ရပ်ပေးခဲ့တဲ့ မြတ်ဆရာကို ကျေးဇူးတစ်ရာ ကျေးဇူးကမ္ဘာ တင်မိ သတိရမိတာ ဖြစ်ပါတယ်ရှင်၊ မာအေးရဲ့ မြင်ဆရာ ကြားဆရာ သင်ဆရာတွေထဲက အလင်္ကာဂုဏ်မြောက် နှစ်ယောက် မရှိတဲ့ စောင်းတော်က၀ိ တိုင်းပြည်က သိတဲ့ ဦးဘသန်းဟာ အရှည်မျှော်ကိုး တားမြစ်စီစဉ်လိုက်တာ ခု မာအေးကြုံသလို “ဧရာမ” မေ့တဲ့အဖြစ်မျိုး မတိုးခဲ့တာပါလားလို့ တွေးမိရင်း အငြင်းပွား အချင်းများနေတဲ့ လူကြီးနှစ်ယောက် ကိုယ့်ရှေ့မှောက်မှာ တယောက်တပြန် အနိုင်မခံပုံတွေပါ အရိပ် ထင်လာပါတယ်။ ပြောရမယ် ဆိုရင်သာ မြန်မာပြက္ခဒိန် ထောင့်နှစ်ရာ နှစ်ဆယ့်တစ်နှစ်က စပြီး တွက်ခဲ့ရင် – နှစ်ပေါင်းတရာ မင်္ဂလာပြည့်မယ့် သက္ကရာဇ်ကို ပြန်တွေ့ရမှာပါရှင်။

မန်းရတနာပုံနေပြည်တော် ကောဇာသက္ကရာဇ် အခါသမယ ထောင့်နှစ်ရာနှစ်ဆယ့်တနှစ်ကြာမှ သိုက်မြိုက်ရွှင်ကြည်၊ ဗျာဒိတ်တော်ကိုက်ညီ ဓါတ်ကိန်းနော်ဆိုက်ပြီ၊ ဘ၀ရှင် မင်းတုန်းမင်းမြတ်သည် ခွန်နှစ်ဌာန ပဏ္ဍက်ချကာသာ တည် xxx ရွှေမြို့တော်၊ ကျုံးတော်၊ မဟာလောကမာရဇိန် စေတီတော်၊ သိမ်တော်၊ မဟာအတုလဝေယံကျောင်းတော်၊ ပိဋက တိုက်တော်၊ သုဓမ္မာဇရပ်တော်၊ ခွန်နှစ်ဌာနမည် ဝေယံဘုံခန်း နတ်နန်းပမာတည် xxx
*[မန်းရာပြည့်မှ]


အော် မာအေးနှယ် မန်းရာပြည့်နှစ်ကလို့ ပြောလိုက်ရင် ပြီးရောလို့ ဆိုချင်ဆိုပါ၊ မမီလိုက်တဲ့ခလေးတွေ တေးသံ ကြားက မှတ်သားစရာ တွေ့ရအောင်လို့ပါ၊ အုတ်ကျစ်ကျော်အေး မန္တလေးမှာ တလောဆီက နှစ်တစ်ရာ့ငါးဆယ်ပွဲတွေဘာတွေ ကျင်းပခဲ့တယ် ဆိုတာဘဲ၊ ကိုယ်နဲ့မတိုးတော့ဘူးဆိုတော့ ကိုယ်မီဖူးတဲ့ နှစ်တစ်ရာပြည့်ပွဲတုန်းက စည်ကားတာတွေ ဂီတပြိုင်ပွဲကြီးက အမှတ်ရစရာတွေ ပြန်နှုးဦးမှ ဆက်မိမှာမို့ပေါ့။

စောစောက အငြင်းပွား အချင်းများနေတဲ့ ဘိုးတော်နှစ်ယောက်မှာ တယောက်က မာအေးဆရာ စောင်းဦးဘသန်းလို့ ပြောပြီးသားမို့ ၀တ်ဖြူစင်ကြယ်ဝတ်တွေ မဟုတ်တာ ပြောဖို့ မလိုဘူးပေါ့နော်၊ မန္တလေးကသုံးတဲ့ လူကြီးသူကြီး အသက်အရွယ် ဂုဏ်ဝါကြီးသူတွေအတွက် နာမ်စား ခေါ်တဲ့စကားပါ၊ ငြင်းခုန်နေတဲ့ နောက်တဦးကတော့ စစ်ရဲအချက်ပြတပ်ရင်း (၁၉)က တပ်မှုးပါ၊ ဂီတ၀ါသနာ အလွန်ကြီးတာမို့ တပ်မှာ တီးဝိုင်းထောင်ထားပါတယ်၊ ကိုယ်တိုင်လည်း မောင်သာယာ နာမည်နဲ့ သီချင်းရေးတယ်။ စစ်ရဲတပ်ဆိုတာ (U.M.P) လို့ ခေါ်ကြတာပါဘဲ။

“မာမာအေး” ဆိုတဲ့ တေးသံရှင်နာမည်ကို စစ်ရဲတပ်ရင်း (၃)က တည်ထောင်ထားတဲ့ “ရဲသီဟတူရိယာအဖွဲ့” ရဲ့ ခေါင်းဆောင် “ဂီတစာဆို – ရဲသီဟကိုသန်းအောင်”က ရွေးပေးခဲ့တယ်၊ ဆက်ပြီး မြေတောင် မြှောက်ခဲ့တာက စစ်ရဲအချက်ပြ (၁၉) ဆိုတော့ စစ်နဲ့ရဲက ပေါင်းတင်ပေးတဲ့ ကောင်မလေးပေါ့။

အဲဒီ မန္တလေးရာပြည့် ဂီတပြိုင်ပွဲမှာ တပ်မှုးက ဆရာဦးဘသန်းနဲ့ အမေ ဒေါ်ဒေလီညွန့်ကို ဖိတ်ခေါ်သင်ကြားစေပြီး တပ်တီးဝိုင်းက စန္ဒရား၊ တယော၊ ဂီတာ၊ မယ်ဒိုလင်၊ အဆို၊ အရေး၊ စသဖြင့် ပြိုင်လို့ရတာ အကုန် ပြိုင်ခိုင်းခဲ့ပါတယ်၊ ဒီအခါ မာအေးကို ဆရာသန်းက ဖယ်ထားပါတယ်၊ ပြိုင်ပွဲမ၀င်ရ အမိန့် ချထားကြောင်း တပ်မှုးက သိသွားလို့ ဆရာ့ဆီမှာ လာပြီး ဂျီကျ နေတာပါ၊ ပြောမရတော့ ဒေါသနဲ့ သေနပ်ပြတဲ့အထိ ဖြစ်လာလဲ ဆရာက တဟဲဟဲနဲ့ ရဲရဲပါဘဲ။

“တပ်မှုး– ခင်ဗျား ပစ်ချင်ပစ်လေ၊ ဒီဟာမလေး ရွှေ-ငွေ-ကြေး တံဆိပ်တခုခုတော့ ချိတ်မှာ သေချာတယ် လို့ ခင်ဗျားက တွက်မှာကိုး၊ ခင်ဗျား နားထောင်ဦး၊ အမှတ်ပေးတဲ့သူတိုင်းက ပေးတဲ့အမှတ်က မညီတတ်ဘူး၊ ကျုပ်တပည့် ဆိုတော့ အမှတ် နှိမ့်ချင် နှိမ့်နေမှာ၊ ကျုပ်နဲ့ တည့်တာ မတည့်တာ ရှိချင်ရှိနေမှာ။ ပြီးတော့ မြင်းကောင်းခွာလိပ် တချက်လောက် မှားတာနဲ့ အကုန် သွားတော့တာဟာ ပြိုင်ပွဲဗျ၊ ကျုပ်တို့က ဒီကလေးမလေးမှာ ဂီတသမ္ဘာ ရှိနေတာကို ပြရမှာသာ ဖြစ်တယ်၊ အရည်အချင်းရှိတာ သိသွားကြရင် ကြော်ငြာစရာ မလိုတော့ဘူးလို့ သဘောပေါက်ပါ၊ အခု ကျုပ်အစီအစဉ်က ခလေးကို အဆိုပြိုင်ပွဲသွင်းတာထက် အောင်မြင်မယ့်နည်းလမ်း သုံးထားပါတယ်၊ အဆိုပြိုင်ဘို့ကလွဲလို့ တပ်မှုးဆီက ၀င်ပြိုင်သမျှ တူရိယာ အတီးပြိုင်သူအားလုံး အတွက် သတ်မှတ်ထားတဲ့ သီချင်းတွေကို ပြိုင်တဲ့သူဘေးမှာ ထိုင်ပြီး စတိုင်နဲ့ လိုက်ဆိုပြခိုင်းမှာပါ။ ဘယ်ပြိုင်ပွဲမှာဖြစ်ဖြစ် သူ ဆိုဖြစ်သွားမှာ ဆိုတော့ နာမည်ရပါလိမ့်မယ် တပ်မှုးရယ်၊ သူက ရေဒီယိုမှာ အသံလွှင့်နေပြီ ဆိုတော့ အဆိုပြိုင်ပွဲမှာ နိုင်ရင်လဲ အစတည်းက အဆိုတော်ဘဲလို့ ထူးပြီး ချီးမွမ်းမှာ မဟုတ်ပါဘူး၊ အောင်ဖျာလိပ် ဆိုရင် — နာပြီ၊ ရှိတာလေးတောင် အနှုတ်ခံရမှာ၊ ခင်ဗျားနေရာမှာ ကျုပ်ဆိုရင် ဒီလိုဘဲ လုပ်မယ်ဗျာ” အဲဒီလိုပြောတော့မှ သဘောပေါက်ပြီး ဆရာပြောတဲ့အတိုင်း လိုက်နာစေခဲ့ပါတယ်၊ သောတရှင်တို့ နားဆင်ဖူးတဲ့ “မန်းရာပြည့်” သီချင်းဟာ ဆရာလင်းခေးလုင် သီချင်း အရေးပြိုင်တာကို ဆိုပေးရတာပါ၊ မာအေး ဆုရခဲ့တာ မဟုတ်ကြောင်းပါရှင်။

(ရတနာပုံ မင်းနေပြည်)၂ xx ရှေးတုန်းအခါက ထီးပေါင်းကားရွာမအမည် (ဂ၀ံပတေ့ သိုက်စာရှိသည်)၂ xx ထီးဘုရင် မဟာသည်၊ ပညာရှိမှူးမတ်များနှင့် ညှိနှိုင်းပြီး နန်းအမရရွှေဘုံမြေဆီ လူတိုင်းပါးစပ်ဖျား မရပ်မနား ဆိုကြသည်၊ အသက်ကယ်ရှည်စေလို မြနန္ဒာရေညိုသန်း ရွှေမန်းတောင်ရိပ်ခို၊ အသက်ကလေးရယ်တဲ့ ရှည်စေလို မြနန္ဒာရေညိုသန်း ရွှေမန်းတောင်ရိပ်ခို xx အတိတ်တဘောင် နိမိတ်ဆောင် မူးမန်းမြေယူလို့ ရတနာပုံ မြို့နန်းတည်၊ အုတ်ကျစ်ကျော်အေး မန္တလေး တွင်လေသည် xxxx
*[မန်းရာပြည့်မှ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts