>blast news story in SPDC newspaper

>

စစ်အစိုးရ သတင်းစာမှာ ဗုံးကွဲမှု သတင်းဖေါ်ပြ
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ် ၁၊ ၂၀၁၁

တနင်္ဂနွေနေ့ ညက အင်းစိန်မြို့နယ် အောင်ဇေယျအိမ်ရာမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးသတင်းနဲ့ ပတ်သက်ပြီး ယနေ့ထုတ် အစိုးရသတင်းစာမှာ ဓါတ်ပုံနဲ့တကွ ဖေါ်ပြခဲ့ပါတယ်။ မသင်္ကာသူလို့ ဖေါ်ပြထားတဲ့ ကိုဇော်မင်းသန်း (၂၆) နှစ်ရဲ့ တိုက်ခန်းမှလည်း လက်လုပ်ဗုံးတစ်လုံးနဲ့ အခြား ဆက်စပ်ပစ္စည်းတွေ ဖြစ်တဲ့ ဒီတိုနေတာ၊ ဓါတ်ခဲ ၀ိုင်ယာကြိုး အဟောင်းတွေ တွေ့ရှိရတယ်လို့ ဖေါ်ပြထားပါတယ်။

အောင်ဇေယျ အိမ်ရာ တိုက် ၁ နဲ့ ၂ အကြား ကွမ်းယာဆိုင် ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် မသင်္ကာသူ အပါအ၀င် ၈ ဦး ဒဏ်ရာရခဲ့ပြီး ကိုဇော်မင်းသန်းရဲ့ ဒဏ်ရာ အခြေအနေကတော့ စိုးရိမ်ရကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဘယ်အဖွဲ့အစည်းရဲ့ လက်ချက် ဖြစ်တယ်လို့ ဖေါ်ပြထားခြင်း မရှိသေးဘဲ ဆက်လက် စုံစမ်း ဖေါ်ထုတ်နေဆဲ ဖြစ်တယ်လို့ သတင်းမှာ ရေးထားပါတယ်။

ဗုံးကွဲမှု မဖြစ်ပွားမီ ကိုဇော်မင်းသန်းဟာ ကွမ်းယာဝယ်ဖို့ ဘောင်းဘီအိတ်လက်နှိုက်ထုတ်စဉ်မှာ ဗုံးရဲ့ အစိတ်အပိုင်းကို မတော်တဆ ထိခိုက်မိပြီး သူ့ရဲ့ ကိုယ်ပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အင်းစိန်ရပ်ကွက်သားတဦးက ပြောပါတယ်။

သတင်းစာဖေါ်ပြချက်အရတော့ ကိုဇော်မင်းသန်းရဲ့ လက်ဝဲဘက်ခြေထောက် ကျိုးကြေမွပြီး ညာဘက်ခြေသလုံး ကြွက်သား ကြေမွ ဒဏ်ရာရတဲ့အပြင် လက်ချောင်းတွေပါ ကြေမွ ဒဏ်ရာရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်း ဖေါ်ပြထားပါတယ်။

အခြားဒဏ်ရာရသူများအနက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးနဲ့ ၁၃ နှစ်အရွယ် ကလေးတဦးလည်း ပါဝင်ပြီး အားလုံးကို အင်းစိန်ဆေးရုံမှာ ကုသပေးနေတယ်လို့လည်း ဆိုပါတယ်။

အင်းစိန် ဒေသခံတွေ ပြောဆိုချက်အရတော့ ဗုံးပေါက်ကွဲမှု နောက်ပိုင်း ရဲနဲ့ လုံခြုံရေးတွေ ရောက်လာပြီး နောက် ၂နာရီဝန်းကျင်အကြာမှ မသင်္ကာသူ ကိုဇော်မင်းသန်းကို အင်းစိန်ဆေးရုံ ပို့ခဲ့တာလို့ ပြောပါတယ်။

အစိုးရ သတင်းစာမှာ ဘယ်သူ့လက်ချက်ရယ်လို့ အတိအကျ မဖေါ်ပြထားဘဲ ပြည်တွင်း ပြည်ပ အဖျက်သမားများ နဲ့ အကြမ်းဖက် သောင်းကျန်းသူများရဲ့ လက်ချက်လို့သာ ဖေါ်ပြခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts