>Pertol Price hikes in Burma as Middle crisis arises

>

ကမ္ဘာ့ရေနံ ဈေးနှုန်းတက်၍ ပြည်တွင်းလောင်စာဆီဈေးမြင့်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၁
အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများတွင် နိုင်ငံရေး မငြိမ်မသက်မှုကြောင့် ကမ္ဘာ့ ရေနံဈေးမြင့်တက်ခဲ့ပြီး ပြည်တွင်း လောင်စာဆီဈေးနှုန်းများလည်း ရက်ပိုင်းအတွင်း လိုက်ပြီးမြင့်တက်ခဲ့သည်ကို တွေ့ရသည်။
ရန်ကုန်ဈေး ( အမေရိကန် ၄ ဒေါ်လာ)
ယခုရက်ပိုင်းအတွင်း ဒီဇယ်ဆီ တစ်ဂါလံ ၃ထောင်ကျပ်မှ ၃၈၀၀ ကျပ် (အမေရိကန်ဒေါ်လာ မှောင်ခိုဈေး ၄ ဒေါ်လာ ၀န်းကျင်) သို့၎င်း အော့တိန်းဓါတ်ဆီ တဂါလံ ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၄ ဒေါ်လာ ၀န်းကျင်) သို့၎င်း ရုတ်တရက်မြင့်တက်ခဲ့သည်ဟု ရန်ကုန်မြို့နှင့်နယ်မြို့များမှ မော်တော်ယာဉ်ပိုင်ရှင်များ၏ ပြောဆိုချက်အရ သိရှိရသည်။
မော်လမြိုင်ဈေး (အမေရိကန် ၅ ဒေါ်လာ)
မော်လမြိုင်မြို့မှ ဓါတ်ဆီသုံးစွဲသူ တစ်ဦးဖြစ်သည့် ဦးသက်ဝင်းက “ဒီနေ့ ပန့်မှာ ဓါတ်ဆီသွားထည့်တော့ အော့တိန်းက ၃၆၀၀ကျပ်၊ ဒီဇယ်က ၄၂၀၀ ကျပ်ဖြစ်သွားတယ်။ မနေ့က ဒီဇယ်က ၃၈၀၀ ကျပ်ပဲရှိသေးတယ်။ နောက်ထပ်လည်း တက်ဖို့အလားအလာရှိသေးတယ်လို့ ဆိုင်ဝန်ထမ်းတစ်ယောက်က ပြောလိုက်တယ်”ဟုဆိုသည်။
ဒီဇယ်ဆီမှာ ပြီးခဲ့သည့် ၁၀ရက်ဝန်းကျင်က တစ်ဂါလံ ကျပ် ၃၆၀၀ သို့ရောက်ရှိခဲ့ရာမှ ပြီးခဲ့သည့် ၂ရက် အလိုတွင် ၃၈၀၀ ကျပ်သို့မြင့်တက်ခဲ့ရာမှ ယနေ့ကျပ် ၄၀၀ ထပ်မံမြင့်တက်ခဲ့ပြီး ၄၂၀၀ သို့ရောက်ခဲ့ခြင်း ဖြစ်သည်။ အော့တိန်းဓါတ်ဆီမှာမူ ယခင် တစ်ဂါလံ ကျပ် ၃၃၀၀ ကျပ်ရှိခဲ့ပြီး လွန်ခဲ့သည့် ၁၀ ရက်ဝန်းကျင်မှ စပြီး ၃၆၀၀ ကျပ်သို့ရောက်ခဲ့သည်ဟု လည်း သုံးစွဲသူများ၏ ပြောဆိုချက်အရ သိရသည်။
ပြည်တွင်း ဓာတ်ဆီဖြူ ( အမေရိကန် ၃ ဒေါ်လာ)
ယခုကဲ့သို့ ဒီဇယ်နှင့် အော့တိန်းဓါတ်ဆီဈေးများ မြင့်တက်ခဲ့သော်လည်း ဓါတ်ဆီအဖြူဟု ခေါ်ဆိုသည့် ပြည်တွင်းချက် ရိုးရိုးဓါတ်ဆီမှာမူ ပန့်ဖြင့်ရောင်းသည့် ပုဂ္ဂလိက ဓါတ်ဆီဆိုင်များတွင် သတ်မှတ်ထားသည့်ဈေး တစ်ဂါလံ ၂၅၀၀ ကျပ်ဖြင့်သာ ရောင်းချနေဆဲဖြစ်သည်ဟု လည်းတွေ့ရှိရသည်။
ဓါတ်ဆီအဖြူကို သတ်မှတ်ဈေး ၂၅၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိခြင်းကြောင့် တန်းစီသည့် ကားအများစုမှာ ပြန်လည်ရောင်းချရန် အတွက်သာ တန်းစီကြခြင်းဖြစ်သည်။
ဓာတ်ဆီတန်းစီ ရောင်း ဈေးကွက်
လွန်ခဲ့သည့်နှစ် ၃၀ ကျော် ၄၀ သက်တမ်းရှိ ကားအိုကားဟောင်းများနှင့်အတူ ကိုယ်ပိုင်ကား၊ ပစ်ကပ်ကားများလည်း ဓါတ်ဆီတစ်ကြိမ်ထုတ်ခွင့်ရရန် အနည်းဆုံး ၁နာရီခွဲမှ ၂နာရီထိ တန်းစီကြရသည်ကိုတွေ့ရသည်။ ရန်ကုန်မြို့ ရှိဓါတ်ဆီဆိုင် နီးနားတ၀ိုက်တွင် ကားတန်းရှည်ကြီးများအား နေ့စဉ်လိုလို တွေ့မြင်ကြရပြီး အချို့သော ထုတ်ရောင်းသူများအနေဖြင့် နံနက် ၂နာရီခွဲ ၃နာရီကတည်းက ဆိုင်ရှေ့တွင် သွားရောက် တန်းစီလျက်ရှိသည်ကိုလည်းတွေ့ရသည်။
နယ်မြို့တစ်မြို့ဖြစ်သည့် မော်လမြိုင်မြို့တွင်  ချက်ဗလက် ခရီးသည်တင်ကားများမှာ လိုင်းပြေးဆွဲခြင်းထက် ဓါတ်ဆီတန်းစီထုတ်ရောင်းခြင်းက နေ့စဉ်ဝင်ငွေ မှန်သည်ဟုပြောဆိုသည်ဟုလည်း မော်လမြိုင်မြို့ခံတစ်ဦးကဆိုသည်။
ဓာတ်ဆီ ဒီဇယ် အရင်းရှင်ကြီးများ
ပြီးခဲ့သည့် နှစ် ဧပြီလမတိုင်မီ နအဖ စစ်အစိုးရက နိုင်ငံပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် လေလံခေါ်ယူခဲ့ပြီး စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီ အများစုက လုပ်ပိုင်ခွင့်ရရှိခဲ့ကြသည်။ ထိုသို့လုပ်ပိုင်ခွင့်ရကြသည့် ကုမ္ပဏီများတွင် ထူးကုမ္ပဏီ၊ မက်စ်မြန်မာ၊ နီလာရိုးမ (ကမ္ဘောဇဘဏ် ပိုင်ရှင်) ၊ ဒေါက်တာစိုင်းဆမ်ထွန်း နှင့် ဦးပိုင်လီမိတက်ဖက်စပ် နယူးဒေး၊ ရွှေသံလွင် ၊ ဦးပိုင်လီမိတက် ( မြ၀တီ စက်သုံးဆီရောင်းဝယ်ရေး) တို့က ရရှိခဲ့ကြပြီး ယမန်နှစ် ဇွန်လ ၁၀ ရက်နေ့မှစတင် ရောင်းချခဲ့ကြခြင်းဖြစ်သည်။
မြန်မာ့လောင်စာဆီဈေး အမေရိကန်နဲ့ ရင်ဘောင်တန်း
          ကယ်လီဖိုးနီးယားပြည်၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာသည် ဓာတ်ဆီဈေး အမြင့်ဆုံး၊ လုပ်အားလစာ အများဆုံး ဒေသဖြစ်သည်။ ထိုဒေသတွင် အမေရိကန်ဓာတ်ဆီကို အမေရိကန် ဒေါ်လာ ၃ ဒေါ်လာ အထက်တွင် ရောင်းချလျက်ရှိသည်။ ထိုဈေးနှုန်းအတိုင်း ကမ္ဘာအဆင်းရဲ      ဆုံး မြန်မာပြည် လူထုက လောင်စာဆီများကို ဈေးကြီးပေးသုံးစွဲနေကြသည်ကို တွေ့ရသည်။ မြန်မာပြည်က နေ့စားအလုပ်သမားလစာကို အမေရိကန် ဒေါ်လာ ၁၀၀ ခန့်ရမည်ဟု မှောင်ခိုဈေးဖြင့် တွက်ချက်နေချိန်တွင် အမေရိကန်ပြည်က ပျမ်းမျှ အခြေခံလုပ်သား လစာမှာ ဒေါ်လာ ၁၅၀၀ ခန့် ရှိသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts