>Thu Rain Htet – To end the suffering

>

သောကမီးတို့ ငြိမ်းစေသောဝ်
သူရိန်ထက်
(ဇာတ်ညွှန်း)
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁
ရည်ရွယ်ချက်          စစ်အာဏာရှင်စနစ်အောက် လူထုဘ၀နှင့် နိုင်ငံ့အရေးဆောင်ရွက်သူများ၊ ၄င်းတို့၏ မိသားစုဘ၀များ ကြုံတွေ့ရင်ဆိုင်နေရသည့် ရင်နင့်ဖွယ် အဖြစ်အပျက်များအား အများပြည်သူ သိရှိနားလည်စေရန်၊  အာဏာရှင်ခေတ်စနစ်မြင်ကွင်းကို သိသာထင်ရှားစေရန်၊ စာနာတရားများ ထွန်းကားလာစေရန်။
 ကြာမြင့်ချိန်…          ၃၀-၄၅ မိနစ်
ပါဝင်သူများ           မောင် လ၀န်းအိမ်၊
                        မောင်လ၀န်းအိမ်၏ ဖခင် ဦးဇော်အောင်
                        မောင်လ၀န်းအိမ်၏ မိခင် ဒေါ်ခင်ခင်ထား
                        မောင်လ၀န်းအိမ်၏ အဖွား    ဒေါ်လှတင့်
                        မောင်လ၀န်းအိမ်၏ ညီမငယ် ၂ ဦး
                        မောင်လ၀န်းအိမ်၏ သူငယ်ချင်း ၂ ဦး
                        ကြံ့ဖွံ့၊ ရယက၊ ရဲ (စုစုပေါင်း ၅-၆ ဦးခန့်)
                        ဆရာ ဦးရဲရင့်
                        ဆရာ ဦးရဲရင့်၏ တပည့်တဦး မောင်စိုး ၊ ဦးရဲရင့်၏ ဇနီး မြ
ဇာတ်ဝင် ပစ္စည်းများ။  ။မောင်လ၀န်းအိမ်တို့ အိမ်နှင့် ဘုရားခန်း၊     ရ၀တရုံး၊ ကျပ်ငွေ ၂၅ သိန်း (ငွေထုပ်)
ဆရာဦးရဲရင့်အိမ်၊
မှတ်ချက်။              ။(နောက်ခံမြန်မာသံ တေးသစ်တပုဒ် ပါဝင်သဖြင့် တီးခတ် သီဆို အသံသွင်းရန် လိုအပ်။)
 အခန်း (၁)
မိသားစုပျော်ရွှင်ဖွယ်အခြေအနေကို ပြသရန်
 ပျော်ရွှင်သော မိသားစုဘ၀ သီချင်းတပုဒ် နောက်ခံ၊
မောင်လ၀န်းအိမ်တို့ မိသားစုဝင်များ (မောင်လ၀န်းအိမ်၊ အဖေ၊ အမေ၊ အဘွား နှင့်ညီမငယ် ၂ ဦး ) အားလုံးပါဝင်သော ပြကွက်များ (ဥပမာ.. မိသားစု ထမင်းစားရင်း အပြန်အလှန်ခူးခပ်ထည့်ပေးခြင်း၊ အဘွားကို ဦးဖယ်ခြင်း၊ သီတင်းကျွတ် ကာလ အဘွားနှင့် မိဘကို မောင်လ၀န်းအိမ်တို့ မောင်နှမများက ကန်တော့ခြင်း၊ လူကြီးများက ဆုပေး၊ မုန့်ဖိုးပေးခြင်း စသည်ဖြင့် ရိုက်ကွင်းအခြေအနေပေါ်မူတည်ပြီး ပြသရန်၊ ရယ်မောပျော်ရွှင်နေပုံများ အဓိက ဖေါ်ပြစေချင်
(ရည်ရွယ်ချက်မှာ မိသားစုဘ၀ ပျော်ရွှင်ဖွယ်သိုက်မြုံလေးကို ထင်ရှားစေရန် )
(အလျဉ်းသင့်သဖြင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကိုပါ တပါတည်း ထင်သာမြင်ရာဖြစ်စေရန်)
(လိုအပ်သော  စာတမ်းထိုးခြင်းများကို တဆက်တည်း ထည့်သွင်းရန်)

 အခန်း (၂)
နေ့၊  ဆရာဦးရဲရင့် အိမ် (နောက်ခံတီးလုံးသည် ဆူညံမနေသင့်၊ ခပ်မှန်မှန်အသံမျိုး)
  ဆရာ ဦးရဲရင့် အိမ်ရှေ့ထွက်ပြီး ပူအိုက်သဖြင့် ယပ်ခပ်ရင်း အပြင်သို့ ငေးနေ။
အမယ်အို ဒေါ်လှတင့် တဘက်ကလေးခေါင်းတင်ရင်း (သို့မဟုတ်) ထီးဟောင်းလေး ဆောင်းရင်း တရွေ့ရွေ့ လျှောက်လာ။ လည်တွင် စိပ်ပုတီးလေး ဆွဲထားမည်။ (အပူကြောင့် သောကကြောင့် နွမ်းနယ် အားလျော့နေပုံမှာ ထင်ရှား သိသာနေ)
အမယ်အို ဒေါ်လှတင့် လျှောက်လာသည်ကို ဆရာဦးရဲရင့်မြင်သွား…။ နေပူထဲက ကြည့်နေရင်း ဒေါ်လှတင့်အဖြစ်ကို သနားသွား။
 ဦးရဲရင့်။                    ။မြရေ.. မြ.. ။ မြ အလုပ်များနေလား.. မောင်စိုးရေ.. ဟေ့.. မောင်စိုး.. (ဇနီးဖြစ်သူနှင့် တပည့်ဖြစ်သူတို့ကို လှမ်းခေါ်)
ဒေါ်မြ   ။                  ။ရှင်.. လာပါပြီ.. အလုပ်မများပါဘူး။ ဘာလိုလို့လဲ..
(ထိုစဉ် မောင်စိုးလည်း ၀င်လာ..)
စိုး။                         ။ဆရာ.. ခေါ်လိုက်လား..
ရဲ။                          ။အေးကွ.. ဟိုးမှာ လျှောက်လာတာ ဒေါ်လှတင့်ကြီး မဟုတ်လား။ အိုကြီးအိုမနဲ့ နေပူထဲ ဘယ်ကလာတယ်မသိဘူး။ သနားပါတယ်။ ခဏတဖြုတ် နားရအောင် သွားခေါ်လိုက်ကွာ။
စိုး။                         ။ဟုတ်.. ဟုတ်ကဲ့ဆရာ.. (မောင်စိုးထွက်သွား)
ရဲ။                ။ (ဇနီးဖက်လှည့်ပြော) ဒေါ်လှတင့်ကြီး သူ့မြေးလေး အဖမ်းခံရတယ်ကြားတယ်ကွ။ သတင်းလေး ဘာလေးမေးရအောင်ကွာ.. အအေးလေးလည်း ဖျော်တိုက်လိုက်ပါကွာ..
မြ။                ။ဟုတ်ကဲ့ အကိုကြီး.. 
 (ဒေါ်လှတင့် အိမ်တွင်းဝင်လာ)
 ဆရာရဲ။          ။အန်တီလှ.. နေကောင်းရဲ့လား…  လာ.. အိမ်ထကြွပါဦး..
ဒေါ်လှတင့်။     ။နေတော့ကောင်းပါတယ်ဆရာရယ်.. ဆရာတို့ရော နေကောင်းရဲ့လား.
ရဲ+မြ။            ။ကောင်းပါတယ် အန်တီ..
မြ။                ။လာ… အန်တီ.. ထိုင်.. အအေးလေး သုံးဆောင်ပါဦးနော်..
လှ။               ။ကျေးဇူးပါပဲ သမီးရယ်..
ရဲ။                ။အပြင်မှာ သိပ်ပူတာပဲ.. အန်တီက ဘယ်က လှည့်လာတာလဲ
လှ။               ။မနက်က စိတ်ကလေး သက်သာလို သက်သာငြား တရားရိပ်သာဖက်သွားတယ်လေ.. အပြန်  ဒေါ်ကြီးခင်တို့အိမ်မှာ ထမင်းဝင်စားပြီး ပြန်လာတာ..
မြ။                ။အန်တီမြေးကလေး သတင်းကြားကတည်းက စိတ်မကောင်းဖြစ်နေတာ.. သတင်းမေးလာဖို့ကို အလုပ်များနေလို့ အန်တီတို့အိမ်ဖက် မရောက်ဖြစ်တော့..
လှ။               ။မြေးကလေး သတင်းကတော့… (ဒေါ်လှ မျက်နှာ ပို အို သွား)
(မောင်စိုးလည်ဒေါ်လှတင့်အားး ယပ်ခပ်ပေးရင်း အနားဝင်ထိုင်) (ဆရာရဲ စိတ်မကောင်းဖြစ်နေ)
စိုး။                ။အန်တီသား ကိုဇော်ကြီးလည်း နေကောင်းတယ်မဟုတ်လားအန်တီ
လှ။               ။သြော်.. မင်းတို့ အကြောင်းစုံ မသိသေးဘူးထင်တယ်.. အဖြစ်က ဒီလိုဟေ့………
 အခန်း (၃)
ည။ မောင် လ၀န်းအိမ် တို့ နေအိမ်။ အိမ်ပြင်နှင့် အိမ်တွင်း
စိတ်လှုပ်ရှားဖွယ် တီးလုံးများ အသုံးပြုရန်သင့်
ခပ်ကြမ်းကြမ်း တခါးခေါက်သံ၊ (တခါးခေါက်နေသော လက်ကြမ်းကြီးကို အနီးကပ်ပြပြီး တဖြည်းဖြည့် မြင်ကွင်းကျယ်)
 ရယက။          ။ဗျို့ ဦးအောင်ဇော်။ အိမ်ရှင်တွေ ရှိလားဗျို့။ ဒေါ်ခင်ခင်ထား.. ဒေါ်လှတင့်.. ဘယ်သူတွေရှိလဲဗျို့
အိမ်တွင်း၌ ဒေါ်လှတင့် ဘုရားရှိခိုးနေ။ ဦးအောင်ဇော်နှင့် ဒေါ်ခင်ခင်ထား တဦးမျက်နှာတဦးလှမ်းကြည့်ပြီး ပြိုင်တူ ထရပ်လိုက်ကြ။
ကြံ့ဖွတ်။                   ။ကျုပ်တို့ လူကြီးတွေ လူကောင်းတွေ လာတယ်။ ပြည်ခိုင်ဖြိုးရော၊ ရယကရော တာဝန်ရှိ လူကြီးတွေ လာတယ်။ တံခါးဖွင့်ပါ။ ဟောသည်မှာ ရဲ အရာရှိကြီးပါတယ်။ (မခန့်လေးစား လေသံဖြင့်)
ဦးအောင်ဇော် မျက်နှာထားတင်းသွား၊ ဒေါ်ခင်ခင်ထား စိတ်ပူသွား။ (အနီးကပ် ရိုက်ချက်များ)
ဇော်။             ။ ဘာကိစ္စ ရှိလဲဗျ။ (တံခါးမဖွင့်သေးပဲပြော)
ကြံ့။               ။တံခါးသာ ဖွင့်စမ်းပါ။ တာဝန်ရှိ လူကြီးတွေ လာတယ်ဆိုတာ နားမလည်ဘူးလား
ထား။             ။(ဖွင့်သာပေးလိုက်ပါ.. အလျော့ပေးလိုက်ပါဆိုသည့်သဘော မျက်ရိပ်ပြ)
ဇော်။             ။တောက်.. စကားပြောတာ မာရေကျောရေနဲ့ကွာ.. လုပ်ထားဦးပေါ့.. (ခပ်အုပ်အုပ်ဖြင့်ပြော)
ရယက။          ။ဟေ့လူ.. တံခါးဖွင့်ခိုင်းနေတာ နားမလည်ဘူးလား..။ (ဒေါ်လှတင့် ဘုရား ဘုရားဟု ရေရွတ်လိုက်)
ဇော်။             ။(ဒေါသထွက်သွားသော်လည်း စိတ်ထိန်းရင်း.. တံခါးချက် ဖွင့်။ တခါးကို အနည်းငယ်သာ ဟပြီး..)                  ဘာကိစ္စရှိလဲ.. ပြောပါ
ကြံ့ဖွတ်။                   ။(ရဲ ဖက်သို့လှည့်ပြီး) ပြောလိုက်လေ ရဲဆရာကြီးရဲ့
ရဲ။                ။ကျနော်တို့ စခန်းကပါ။ တာဝန်အရ ခင်ဗျားသားကို လာခေါ်တာပါ။ မောင်လ၀န်းအိမ် ရှိလား။
ဇော်။             ။လ၀န်းအိမ် မရှိဘူးဗျ။
ရယက။          ။ဘယ်သွားတာလဲ။ အခုအချိန်ထိ ပြန်မရောက်သေးဘူးလား။
ဇော်။             ။သူ့သူငယ်ချင်းတွေနဲ့ အပြင်သွားနေတယ်ဗျ။ မရောက်သေးဘူး။
ရဲ။                ။ဘယ်သွားတာလဲ။ ဘယ်သူနဲ့လဲ။ ဘာကိစ္စနဲ့လဲ။ ဘယ်အချိန်ပြန်ရောက်မလဲ။ ဘာ….
ဇော်။             ။မေးခွန်းကလည်း များလှချည်လားဗျ။
ရဲ။                ။ကျုပ်အလုပ်လေ။ ကျုပ်တာဝန်၊ ကျုပ်ဝတ္တရား။ နားလည်တယ်မဟုတ်လား။ အိမ်ထဲမှာ ရှိနေ တယ်မဟုတ်လား။ ခေါ်ပေးပါ။
ဇော်။             ။မရှိဘူးဗျ။ အပြင်သွားနေတယ်။
ကြံ့ဖွတ်။                   ။ကျုပ်တို့က တာဝန်နဲ့လာရှာတာနော်။ ကောင်းကောင်းမွန်မွန်ပြောနေတာ။ ကျုပ်တို့ကိုယ်တိုင် ၀င်ရှာရမလား။ ကျုပ်တို့ကို လိမ်ဖို့ညာဖို့ မကြိုးစားနဲ့။
ဇော်။             ။ကျုပ်တို့လူထုက မညာတတ်ဘူး။ မလိမ္ဘူး။
ရယက။          ။လူထုက မညာဘူး မလိမ်ဘူးဆိုတော့ ကျုပ်တို့ အုပ်ချုပ်သူတွေက လိမ်နေတယ်.. ညာနေတယ်လို့ ဆိုလိုတာလား..။
ထား။             ။အိမ်မှာမရှိပါဘူးလို့ ကျမတို့ ပြောပြီးနေပြီပဲရှင်..
ရဲ။                ။ကျုပ်တို့ ၀င်ရှာလို့တွေ့ရင် မသက်မသာတွေ ဖြစ်ကုန်မယ်နော်။
ကြံ့ဖွတ်။                   ။ဒီအိမ်ကလူတွေက ခေါင်းမာတယ်ဗျ။ နိုင်ငံရေးသမား.. ထောင်ထမင်းစားချင်တဲ့သူတွေလေ။ ၀င်သာရှာဗျာ။ ကြာတယ်.. လာ
ဇော်။             ။ဟေ့လူတွေ နေဦး။ ကျုပ်တို့ဟာ မြန်မာနိုင်ငံသား၊ တရားဝင် နေထိုင်တဲ့သူတွေ၊ ဥပဒေအရ လွတ် လပ်စွာ နေထိုင်ခွင့်ရှိတယ်။ ကျုပ်တို့အိမ်ကို ၀င်ရှာချင်ရင်၊ ၀င်ဖမ်းချင်ရင် ဖမ်းဝရမ်းပါလား။ ရှာဖွေပုံစံ ပါလား။ ပြ။
ရဲ။                ။အဲ.. အဲဒါတော့ မပါဘူးလေဗျာ။ ကျုပ်တို့ကို အထက်က ဖမ်းခိုင်းလိုက်တာဗျ။
ဇော်။             ။မပါရင်တော့ ၀င်ရှာခွင့်မရှိဘူး။ ပြန်ကြတော့။ မဟုတ်ရင်တော့ ကျုပ်အိမ်ကို ကျူးကျော်မှုနဲ့ ခင်ဗျား တို့ကို တရားစွဲမယ်။
ရယက။          ။(ရဲနား တိုးကပ်ပြီး) ဘယ်လိုလုပ်မလဲဗျ။
ရဲ။                ။(အိမ်တွင်း အနည်းငယ်လှည့်ကြည့်၊ ဖိနပ်များစစ်ပြီး) အိမ်ထဲမှာတော့ မရှိလောက်ဘူးဗျ။
ကြံ့ဖွတ်။                   ။ (ကောက်ကျစ်စွာ ပြုံးလိုက်ပြီး) ကျုပ်တို့ကိုတောင် တရားပြန်စွဲဦးမယ်ဆိုပါလား။ ဟေ ဟေ ဟေ့  ကြောက်လိုက်တာ.. ကြောက်လိုက်တာ.. လာဗျို့.. ပြန်ကြမယ်.. ပြန်ကြမယ်.. တော်ကြာ ရုံးရောက် ဂတ်ရောက် နဲ့ ဖြစ်နေမယ်.. ဟီဟိ.. ပြန်ကြစို့..(လက်ကုပ်ပြီး ပြန်ထွက်သွား)
ထား။             ။(တံခါးကို လှမ်းပိတ်လိုက်ပြီး သက်ပြင်းချ။ဒေါ်လှတင့် ပုတီးစိပ်ရင်း ဘုရားစာ တတွတ်တွတ်ရွတ်နေ။)
 အခန်း (၄)
ည။ ရယက ရုံး။
ရယက၊ ကြံ့ဖွတ်၊ ရဲ တို့ ၀ိုင်းထိုင်နေ
 ရဲ။                ။ဒီလူတွေက မလွယ်ပါလားဗျ။ (စီးကရက် မီးညှိ၊ မီးခြစ်ကို ပစ်ချလိုက်ပြီးပြော)
ရယက။          ။ဟုတ်တယ်ဗျ။ ဒီလူတွေက နိုင်ငံရေးသမားလိုလို ဥပဒေသမားလိုလိုနဲ့၊ ကျုပ်တို့ကို အမြဲ ဂလန်ဂဆန် လုပ်နေတာ။ မှတ်လောက်သားလောက်ကို ပညာပေးသင့်တယ်။
ကြံ့ဖွတ်။                   ။ဟား ဟား ဟား။ (မီးခြစ်ကို ကောက်ကိုင်၊ စီးကရက်မီးညှိ) ခင်ဗျားတို့တွေဟာလေ .. လိုသေးတယ်..။ ဒီမှာ။ ထွန်လည်းညက်စေ.. ကြက်လည်း မောစေ ဆိုသလိုပေါ့ဗျ.. ဒီလိုဗျ.. ဒီလို……..
 (တဦးနှင့်တဦး အနီးကပ်လိုက်ပြီး စကားပြောနေပုံများ၊ ကောက်ကျစ်သော အပြုံးများ၊ စီးကရက်ထိုးချေလိုက်ပုံများ ပြသရန်)
 အခန်း (၅)
လ၀န်းအိမ် နေအိမ်။
ဒေါ်လှတင့်၊ ဦးဇော်အောင်နှင့် ဒေါ်ခင်ခင်ထား စကားပြောနေ။  (ကလေး ၂ ယောက် ဆော့ကစားနေ)
 ဒေါ်ခင်ခင်ထား။           ။ဒီအတိုင်းဆိုရင်တော့  မလွယ်ဘူးထင်တယ် ကိုဇော်။ သားကို ရှောင်နေဖို့ စီစဉ်မှ ဖြစ်မယ် ထင်တယ်..။
ဒေါ်လှတင်။               ။ဟုတ်တယ်သား.. ဒီကောင်တွေက  သိပ်ညစ်တယ်။ လွယ်လွယ်တော့ အလျော့ပေးမယ့် သဘောမရှိဘူး။ နိုင်ငံရေးအခြေအနေကလည်း မကောင်းတော့ လာထပ်ဖမ်းမှာ သေချာနေပြီ။
ဇော်။                       ။အင်း.. ဟုတ်တယ်အမေ.. ဒါပေမယ့် ရှောင်ဖို့တိမ်းဖို့ဆိုရင် အဆက်အသွယ်၊ငွေကြေး ဒါတွေလည်း လိုတယ်။ သားက ငယ်သေးတော့.. စိတ်ပူမိတာအမှန်ပဲ။
ထား။             ။ဘာပဲဖြစ်ဖြစ် ကျမတို့ တခုခုတော့ စီစဉ်မှ ဖြစ်မယ် ကိုဇော်..။
ဇော်။             ။အေး.. ဒါတွေ ကြိုတွေးထား ခဲ့ဖူးတာပဲကွာ။ သားတို့ သမီးတို့ဟာ တို့ဘ၀ပဲ မဟုတ်လား။ တို့ သားလေး အခုလို လုပ်သင့်လုပ်ထိုက်တာကို သတ္တိရှိရှိ လုပ်ရဲတာ၊ ကိုယ်ကျိုးအတွက် အတ္တအကျိုးအတွက်ချည်း ကြည့်ကြသူတွေကြားမှ အများအကျိုးလုပ်ရဲတာကို အားပေးရမယ်။
ဒေါ်လှတင်။     ။ဟုတ်တယ်။ ငါ့သားတို့ပြောတာ အမှန်ပဲ။ (တို့ဘုရားရှင်ဟာ ကိုယ့်အတွက် ကိုယ့်အကျိုးအတွက် ပဲဆိုရင် အစောကြီးနိဗ္ဖာန်ရောက်တာပေါ့။  အများအကျိုးအတွက် လုပ်ဖို့ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့သတဲ့။ ဘုရားအဆုံးအမ ဒေသနာအတိုင်း ပရဟိတအလုပ်၊ မှန်တဲ့ဖက်ကရပ်တည်တဲ့အလုပ် လုပ်တာကို အဖွားလည်း သဘော ကျတယ်။ (ဒီစကားကို ထည့်ဖို့ သင့်မသင့် ပြန်စဉ်းစားရပါမည်။)
ဇော်။             ။ဟုတ်တယ်အမေ။  ဒါကြောင့် ကျနော်တို့ အိမ်က ကားကို ပြန်ရောင်းဖို့ ဈေးဆိုင်ထားတာ… သင့်သ လောက်နဲ့ပဲ မြန်မြန်ရောင်းမယ်ဆို ဒီရက်ပိုင်းအတွင်း အရောင်းအ၀ယ်ဖြစ်မှာပဲ..
ထား။             ။အင်း.. ကားထက် သားက အရေးကြီးပါတယ်လေ..။ (စကားလုံး ထင်ရှားအောင် သတိပြုပြောရန်)
 အခန်း (၆)
ည။ အပြင်
လ၀န်းအိမ်နှင့် သူငယ်ချင်းတစု နိုင်ငံရေးကိစ္စ ဆွေးနွေးပြီးအပြန်။ နောက်ခံအသံ စိုးထိတ်စရာ အသံမျိုးသုံးသင့်
 လ၀န်းအိမ်။               ။ဟေ့ကောင်တွေ မြန်မြန်လာကွ။ ဒီညလည်း ထုံးစံအတိုင်း ဦးဇင်းလေးတို့ကျောင်းထဲပဲ သွားအိပ်ရမှာ။
သူငယ်ချင်း၁။             ။အေးပါကွ။ ဗိုက်ကလည်း ဆာလာပြီ၊ ကျောင်းရောက်မှပဲ ဦးဇင်းလေးဆီမှ ဆွမ်းကျန်လေး ဘာလေး စွန့်ပြီး စားရတော့မှာပဲ။
သူငယ်ချင်း၂။             ။ဦးဇင်းလေးကတော့ ဆွမ်းချန်ထားပေးမယ်ထင်တယ်။ မကျန်လည်း ငှက်ပျောသီးလေး ဘာလေးတော့ စွန့်မှာပဲ။ ရယ်တော့ရယ်ရတယ်ကွ။ ငါတို့မှာ နိုင်ငံရေးလုပ်တော့လည်း စွန့်စားရ၊ ညစာအတွက် လည်း စွန့်စားရနဲ့.. ဟား ဟား (အားလုံး ပြိုင်တူရယ်လိုက်ကြ)
လ၀န်းအိမ်။               ။ဟေ့ကောင်တွေ.. သိပ်လည်း အူမြူမနေနဲ့။ ပတ်ဝန်းကျင်လည်း သတိထားဦးနော်။ ဟိုတနေ့ ကတော့ ငါ့အိမ်ကို လာရှာသွားတယ်တဲ့။ မမိလိုက်တော့ ဒီကောင်တွေ လိုက်ချောင်းနေတယ်ကြားတယ်။
သူငယ်ချင်း ၂။            ။မိတော့လည်း အဖမ်းခံလိုက်ရုံပေါ့ကွ။ ကိုကြီးကျော်ဖြစ်မှတော့ ကြက်ကျော် ကြောက်နေလို့ ဘယ်ဖြစ်မလဲ.. ဟဲဟဲ..
သူငယ်ချင်း ၁။            ။တို့က ဖမ်းခံရမှာ ကြောက်လို့တော့ မဟုတ်ဘူးကွ။ လုပ်သင့်လုပ်ထိုက်တာတွေ အဖမ်းမခံရ ခင် များများလုပ်သွားချင်တယ်ကွာ..
လ၀န်းအိမ်။               ။ဟုတ်တယ်ကွ။ ဆရာကြီး ဦးဝင်းတင်ပြောဖူးသလိုပဲ… `လူကောင်းလူမြတ်တွေက မေတ္တာဘုံ ကို ဖန်တီးနေချိန်မှာ လူဆိုးလူယုတ်တွေက ငရဲခန်းကို ဖန်တီးနေကြတယ်´ တဲ့။ ဒီကောင်တွေကတော့ တို့အတွက် ငရဲ ခန်းတွေ ဖန်တီးဖို့ စီမံနေကြပြီ။ သူငယ်ချင်းတို့… လာမယ့်ဘေး ပြေးတွေ့လိုက်ကြတာပေါ့ကွာ။
သူငယ်ချင်း၂။             ။ဟေ့ကောင်လ၀န်း.. ငါတို့လည်း မင်းလို စိတ်ဓါတ်မျိုးရှိတယ်ဆိုတာ မင်းသိပါတယ်။ ဟေ့ ကောင်တွေ.. တိုးတိုးကွ.. ကျောင်းဝင်းနား နီးလာပြီ။
သူငယ်ချင်း ၁။            ။ဟေ့ကောင်..ငါ လူရိပ်တခု လှစ်ကနဲ မြင်လိုက်သလိုပဲ..
သူငယ်ချင်း၂။             ။မင်း စိတ်ထင်လို့ ဖြစ်မှာပါ။ ဦးဇင်းလေးကျောင်းက စိတ်ချရပါတယ်။
အားလုံးကျောင်းဝင်းထဲ ၀င်လိုက်ကြ။
ရဲ။                          ။ဟေ့ကောင်တွေ.. ရပ်.. တယောက်မှ ပြေးဖို့ မကြံနဲ့..
(စကားသံနှင့်အတူ ရယက၊ရဲနှင့် ကြံ့ဖွတ်များ ၀ိုင်းထားလိုက်ကြ)
ကြံ့ဖွတ်။                             ။မအေပေးလေးတွေ၊ တကောင်မှမပြေးနဲ့။ မိပြီ။ ခွေးမသား နှမပေးတွေ.. ´
လ၀န်းအိမ်။               ။ဟေ့လူ.. ကျုပ်တို့ ဘယ်သူမှ မပြေးဘူး။ ဖမ်းခံရမှာလည်း မကြောက်ဖူးဗျ.. ဒါပေမယ့် ခင်ဗျား မဆဲနဲ့.. ကျုပ်တို့ သူခိုး ဂျပိုးတွေ မဟုတ်ဘူး။ ပြီးတော့.. ဒါ ဘုရားကျောင်းဝင်းဗျ။
ကြံ့ဖွတ်။                             ။မအေပေး.. (ရှက်သွားပြီး) ဘုရားကျောင်းဝင်းမကလို့ အသုဘကျောင်းဝင်းလည်း ဂရုမစိုက် ဘူး။ ဆဲတယ်ကွာ..
သူငယ်ချင်း ၂။            ။ခင်ဗျားတို့ မိုက်ရိုက်လှချည်လား.. လူကြီးလူကောင်းပီသရင် ခင်ဗျားပါးစပ်ပိတ်ထားလိုက်ပါ
ရဲ။                          ။တော်ကြစမ်းကွာ.. (ကြံ့ဖွတ်ဖက် လှည့်ပြီး)ဟေ့လူ ခင်ဗျားလည်း လွန်နေပြီ။ တော်တော့..  စခန်းသာ လိုက်ခဲ့ကြတော့.. ဟိုရောက်မှ ကြည့်ရှင်းပေါ့ကွာ.. လာ..။ သြော်.. တို့မှာ ဖမ်းဝရမ်းလည်း ပါတယ်နော်။ (ရိသဲ့သဲ့ဟန်ပန်ဖြင့်) ဟဲ ဟဲ.. ကဲ.. လက်ထိပ်လေး ခပ်လိုက်ကွာ..
 အခန်း (၇)
နံနက်စောစော
လ၀န်းအိမ် နေအိမ်
အိမ်ရှေ့တွင် ဒေါ်လှတင့် မေတ္တာပို့ ပုတီးစိပ်ရင်း လမ်းလျှောက်နေ။ ရဲ၊ ရယကနှင့် ကြံ့ဖွတ်များ ၀င်လာ
နောက်ခံအသံ.. ၀မ်းနည်းဖွယ် တယောသံ လေးတွဲ့တွဲ့ )
 ကြံ့ဖွတ်။                             ။ဗျို့.. ဒေါ်လှတင့်.. အိမ်သားတွေ စုံစုံညီညီ ရှိတယ်မဟုတ်လား..
ဒေါ်လှတင့်။               ။(မျက်နှာပျက်သွား)အင်း.. ရှိပါတယ်ကွယ်.. ဒါပေမယ့် မြေးလေးတော့ ညက ပြန်မအိပ်ဘူး ကွယ့်..
ရယက။                    ။မောင် လ၀န်းအိမ် ညက ပြန်မအိပ်တာ သိပါတယ်။ ကျနော်တို့ လုံခြုံစိတ်ချရတဲ့နေရာမှာ ခေါ် ထားလိုက်ပါပြီ..
ဒေါ်လှတင့်။               ။ရှင်.. မင်သက်မိသွား။ (စိတ်ပုတီးလေး လွတ်ကျ၊ တစစီ ပြုတ်ထွက်သွား) သို့မဟုတ်
(ဖန်ခွက်ကလေး တိုက်မိပြီး တစစီ ကွဲကြေသွား)
အိမ်တွင်းမှ ဒေါ်ထားနှင့် ကိုဇော်တို့ထွက်လာ..
ဒေါ်လှတင့်။               ။(အသံတုန် ငိုသံဖြင့် )မြေးလေးကို ဖမ်းလိုက်ကြပြီတဲ့ သားတို့ သမီးတို့ရယ်…
ဒေါ်ထား။ ဦးဇော်။။       ။ဗျာ.. အို (သံပြိုင်)
ရယက။                    ။အင်း.. အဲ.. ကျနော်တို့လည်း စိတ်တော့မကောင်းပါဘူးဗျာ.. တာဝန်အရ လုပ်ရတာမဟုတ် လား။ အဲဒါ တလက်စတည်း ဦးအောင်ဇော်ရော.. ဒေါ်ခင်ခင်ထားရော စခန်းခဏ လိုက်ခဲ့ကြပါ။
ကြံ့ဖွတ်။                             ။ဟဲဟဲ.. ဒီတခါတော့ ဖမ်းဝရမ်းရော ရှာဖွေပုံစံရော ပါလာတယ်ဗျ။ ခင်ဗျားတို့အိမ်ကို ရှာဖွေ ရ လိမ့်မယ်။ ကဲ.. တာဝန်ရှိ ရဲအရာရှိများ အိမ်ကို ရှာဖွေပေးကြပါခင်ဗျာ
ဒေါ်ထား။                  ။အိမ်ကို ဘာအတွက်ရှာမှာလဲ
ကြံ့ဖွတ်။                             ။တာဝန်အရပါ
ဦးဇော်။                    ။ဖမ်းဝရမ်းက….
ကြံ့ဖွတ်။                             ။ဟဲ ဟဲ.. နေပါဦးလေ.. အေးဆေးပေါ့.. ကျုပ်တို့ ခဏ ထိုင်ဦးမယ်နော်။ အိမ်ရှင်တွေကလည်း ဧည့်ဝတ်လေးတောင် မပြုတော့ဘူး။
(ဒေါ်လှတင့်နှင့် ကလေးငယ် ၂ ဦး ထောင့်ကလေးမှာ မျက်နှာငယ်စွာဖြင့် ဖက်နေကြ) (ဒေါ်လှတင့် မျက်ရည်များ ၀ဲနေ)
(ဦးဇော် စိတ်ပျက်စွာ ၀င်ထိုင်) (ဒေါ်ထား ကျလာသောမျက်ရည်ကို အံကြိတ်ပြီး တင်းလိုက်)
ရဲ တဦး။                             ။ဆရာရေ.. ဒီမှာ အထုပ်တထုပ်တွေ့တယ်။ ငွေတွေဖြစ်မယ်
ရဲအရာရှိ။                  ။ဟုတ်လား။ ယူလာခဲ့ကွာ..
(ငွေထုပ်ကို စားပွဲပေါ်တင်လိုက်)
ရဲအရာရှိ။                  ။ဒီငွေတွေက နိုင်ငံခြားက ခင်ဗျားသားဆီ ပို့လိုက်တဲ့ ငွေတွေပေါ့နော်။
ဦးဇော်။                    ။အာ.. မဟုတ်တာဗျာ…. ဒါ ကျုပ်တို့ကားလေး ရောင်းလို့ရထားတဲ့ငွေပါ။
ကြံ့ဖွတ်။                             ။မလိမ်ပါနဲ့ ဦးဇော်ရယ်.. ကျနော်တို့ သတင်းအတိအကျ ရထားပြီးသားပါ။
ဒေါ်ထား။                  ။အို.. မဟုတ်တာ.. ကျမတို့ကားလေးရောင်းလို့ရထားတဲ့ငွေပါ။ ညကမှ အိမ်မှာ ငွေလာ ချေသွားတာပါရှင်..
ရဲ။                          ။ကျနော်တို့ ရထားတဲ့ သတင်းအရတော့ နိုင်ငံခြားက ခင်ဗျားသားကို ထောက်ပံ့ထားတာတဲ့။ ပြည်တွင်းမှာ ဆူပူသောင်းကျန်းမှုတွေ လုပ်ဖို့အတွက်လေ..
ဦးဇော်။                    ။ခင်ဗျားတို့ မတရား မစွပ်စွဲပါနဲ့ဗျာ။ ကျနော်တို့ ကားရောင်းထားတာ သက်သေရှိတယ်။
ရယက။                    ။ခင်ဗျားသက်သေတွေက ရယကလည်း မဟုတ်၊ ကြံ့ခိုင်ရေး (ပြည်ခိုင်ဖြိုးလည်း မဟုတ်) ဒီတော့ တရားဝင်ဖြစ်ဖို့ သိပ်မလွယ်ဘူးနော်။
ကြံ့ဖွတ်။                             ။ကဲပါ ဆရာရယ်.. သက်သေလည်း ရှိနေပြီဆိုတော့ ထုံးစံအတိုင်း စီစဉ်ပေးပါဗျာ
ရဲ။                          ။ကဲ.. ဦးအောင်ဇော်နဲ့ ဒေါ်ခင်ခင်ထား။ ခင်ဗျားတို့ကို ဥပဒေအရ အရေးယူဖို့ စခန်းလိုက်ခဲ့ပါ။
ဇော်။                       ။ဟာ.. မဟုတ်တာ.. ဒီငွေက ကားရောင်းထားတာ။ သက်သေရှိတယ်။ ဒီအတွက်နဲ့တော့ ကျုပ်တို့ကို အရေးယူလို့ မရဘူးလေဗျာ။
ကြံ့ဖွတ်။                             ။ဟုတ်မှာပေါ့လေ.. မှန်မှာပေါ့.. ဒီအတွက် အရေးယူလို့မရပေမယ့်. ဟိုတလောက ကျုပ်တို့ ခင်ဗျားအိမ်ကို လာဖမ်း လာရှာတုန်းက ခွင့်မပြုခဲ့တဲ့ ၀တ္တရားနှောက်ယှက်မှုနဲ့တော့ အရေးယူလို့ရတယ်လေ..
ကဲ.. ရဲဆရာကြီး.. ရဲမှူးကြီး၊ ရဲအရာရှိကြီးနဲ့ ရယက လူကြီးမင်းများ .. အရေးယူပေးပါ..။ (တရားလို)
ရဲ။                          ။ကဲ.. စခန်းရောက်မှ ရှင်းတာပေါ့ ဦးအောင်ဇော်..( ရုပ်ရှင်တွေထဲက အတိုင်းပြောရရင်.. မှန်တဲ့ အတိုင်း.. ဖြစ်စေရမှာပေါ့.. ဗျာ.. ဟုတ်ဘူးလား) (ဟာသ မဖေါက်လို၊ မပေါ့စေလိုလျှင် မထည့်ရန်) ခုတော့ စခန်းလိုက်ခဲ့ကြပါဦး။
(ဦးဇော်နှင့် ဒေါ်ထားကို ဖမ်းခေါ်သွားကြ) (ဒေါ်လှတင့်နှင့် မြေးမငယ်လေး ၂ဦး ငိုပြီး ကျန်ရစ်)
ကလေးငယ်များ။         ။ဖေကြီး.. မေကြီး……….
ဒေါ်လှတင့်။               ။ရက်စက်လိုက်ကြတာကွယ်…………။
အခန်း (၈)
 နေ့၊ တရားရုံး၊ ပရိသတ်အချို့ လာရောက်နားထောင်လေ့လာ
တရားသူကြီးနှင့် ရှေ့နေများ၊ တရားခံအဖြစ် မောင်လ၀န်းအိမ်တို့ ၃ ဦး၊ တရားလိုအဖြစ် ရယက၊ ကြံ့ဖွတ်၊ရဲတို့အပြင် အစောင့်ရဲ စသည်ဖြင့် တရားခွင်မြင်ကွင်းပုံစံအတိုင်း
  နှစ်ဖက်ရှေ့နေများမှ လျှောက်ထားဟန်၊  တရားလိုဖက်မှ မထေ့တထေ့မျက်နှာဖြင့်လျှောက်တင်ချက်၊ တရားခံဖက်မှ ရဲရဲရင့်ရင့် လျှောက်ထားချက်များကို အချိန်အခက်အခဲရှိသဖြင့် နောက်ခံ သီချင်းဖြင့် ခုန်ကျော် ရိုက်ပြနိုင်သည်။ သို့သော် နှစ်ဖက် မျက်နှာအမူအယာများ သေသပ်ပီပြင်ရန်လိုအပ်၊ လာရောက်ကြည့်ရှုသော ပရိသတ်များက တရားခံဖက်မှ အမှန်တရားအတွက် ရဲရဲရင့်ရင့် လျှောက်ထားချက်များကို အားကျ နှစ်ခြိုက်ဟန်များနှင့် တရားလိုဖက်မှ မတော်မတရား စွပ်စွဲချက်များကို ကြားရသည့်အခါ (ဟာ.. မတရားလိုက်တာ.. တမင်သက်သက်ကွာ.. စသည့် ဟန်ပန်များ) မနှစ်လိုဟန် တို့ကို ထည့်သွင်း ရန် လိုအပ်။
နောက်ဆုံး တရားသူကြီးမှ အမိန့်ချသည့်အခန်းတွင် နောက်ခံအသံတိတ်ပြီး ငြိမ်သက်စွာ နားထောင်နေသည့် ပရိသတ် မျက်နှာ.. မောင်လ၀န်းအိမ်တို့ သားအမိ သားအဖ၏ ရဲရင့်ပြတ်သားသော မျက်နှာများ ပြသပြီး..(လုံးဝအသံတိတ်)
တရားသူကြီး.. ။          ။တရားခံ လ၀န်းအိမ် သည် ပြစ်မှုထင်ရှားသဖြင့်.. ထောင်ဒဏ် စုစုပေါင်း ………………။
ဒေါ်လှတင့် ရှိုက်ငိုလိုက်သံ။ ပရိသတ်များ၏ ဟာ.. ဟင်.. တောက်.. စသည့် အသံများ …………..။
တရားသူကြီး။             ။တရားခံ ဇော်အောင် သည် ပြစ်မှုထင်ရှားသဖြင့်………….။
တရားသူကြီး။             ။တရားခံ ခင်ခင်ထားသည် ပြစမှုထင်ရှားသဖြင့်……………။
(ပရိသတ်၊ တရားသူကြီး၊ တရားခံများ၊ တရားလိုများ.. ပုံရိပ်များကို သွက်လက်စွာ ခုန်ကျော် ရိုက်ချက်များဖြင့် ပြသရန်)
 အခန်း  (၈)
ဆရာ ဦးရဲရင့်အိမ်(မူလအခန်း ၂ မှ အပြင်အဆင်အတိုင်း)
 ဒေါ်လှတင့်။               ။ အဖြစ်အပျက်ကတော့ အဲဒါပါပဲ ဆရာရယ်.. (ပြောရင်းမျက်ရည်များကျနေ) (ဆရာကတော်လည်း မျက်ရည်ဝဲနေ)
မောင်စိုး။                  ။မတရားလိုက်တာ..။ ရက်စက်လိုက်ကြတာဗျာ……….။
ဦးရဲ။                       ။(စိတ်မကောင်းစွာ)ဒေါ်လှတင့်အဖြစ်က ရင်နင့်စရာပဲဗျာ.. ဒေါ်လှတင့်မြေးက လူငယ်ပေမယ့် တိုင်းပြည်အတွက်၊ လူမျိုးအတွက် ထောင်ကျအနစ်နာခံရဲတာကို ဂုဏ်ယူ လေးစားပါတယ်ဗျာ.. ဒါနဲ့ မောင်လ၀န်းအိမ် တို့က ထောင် ဘယ်နှနှစ် ကျတာလဲ…
ဒေါ်လှတင့်။               ။အနှစ် ၄၀ တဲ့ ဆရာရယ်…လူနဲ့ ထောင်သက် မမျှလိုက်တာ………….
မောင်စိုး။                  ။သူ့အဖေနဲ့အမေနဲ့လည်း ထောင်ကျခံနေရတုန်းပဲပေါ့နော်။ ၀တ္တရားနှောင့်ယှက်မှုဆိုပြီး  အမြင်ကတ်ပုဒ်မနဲ့ မတရား ညစ်တာ.. ဒီကောင်တွေ သိပ်ယုတ်မာတယ်ဗျာ..
ဆရာကတော်။            ။ငွေတွေလည်း သိမ်း၊ လူတွေလည်း ဖမ်းဆိုတော့ သိပ်ရက်စက်လွန်းတယ်.. ဒါနဲ့ ကလေး ၂ ယောက်ကရော အန်တီ။
ဒေါ်လှတင့်။               ။ကလေးတွေနဲ့ ကျမ အိမ်ထဲမှာ ကျန်ခဲ့တော့ ကျမက အိုမင်းမစွမ်းမဟုတ်လား။ ငွေကလည်း မရှိ။ ဘာမှလည်း လုပ်ကိုင် မစားနိုင်။ ဒုက္ခတွေရောက်လွန်းတော့ အရပ်က မနေနိုင်တော့ ဟိုအိမ် ဒီအိမ်က ခေါ်ထားပေး ကြတယ်လေ..။
ဆရာကတော်။            ။အန်တီကြီးတယောက်တည်းနေနေတာလား
ဒေါ်လှတင့်။               ။အင်း.. ကျမမှာလည်း အိမ်ထဲမှာ နေရင် သားနဲ့ ချွေးမ၊ မြေးကလေးတွေကို သတိရပြီး ငို ငိုနေရလို့ အိမ်ထဲမှာ တောင် မနေနိုင်ပဲ တရားရိပ်သာသွားသွားပြီး တရားနဲ့ ဖြေနေရတယ်လေ။ ဒီကြားထဲ ထောင်ဝင်စာ ကလည်း တမှောင့်ပေါ့။
ဦးရဲ။                       ။မောင်လ၀န်းအိမ်ကို ဘယ်ထောင်ပို့ထားတာလဲအန်တီ
ဒေါ်လှတင့်။               ။ဟိုး ရခိုင်ပြည်နယ်.. ဘူးသီးတောင် ဖက်မှာတဲ့ ဆရာရယ်.. ကျမ သိပ်တွေ့ချင်တာပဲ.. မြေးက လေးဆို အဖမ်းမခံရခင်ကတည်းက မတွေ့ရတာ ဒီနေ့အထိပေါ့.. ဝေးလွန်းတော့သွားမတွေ့နိုင်၊ ကလေး ၂ ယောက် ကလည်း ရှိသေးဆိုတော့….။
ဦးရဲ။                       ။ဒါဆို ဒီလိုလုပ်ဗျာ.. ဒေါ်လှတင့်ပြန်ရင် ကျနော် ငွေ ၁ သိန်းကန်တော့ပါရစေ။
ဒေါ်လှတင့်။               ။အို.. လက်မခံပါရစေနဲ့ ဆရာရယ်.. ကျမအတွက်က ဘာမှ အရေးမကြီးပါဘူး။ ဆရာတို့လို တကယ် အများအကျိုး လုပ်နေတဲ့ နိုင်ငံရေးသမားတွေအတွက်သာ ငွေက အသုံးဝင်တာ။ အကျိုးရှိရှိ အသုံးချနိုင်မှာ.. မယူပါရစေနဲ့..
ဆရာကတော်။            ။ယူပါ အန်တီရယ်။… ကျမတို့ ကိုယ်ချင်းစာလို့ပါ။ ကျမတို့လည်း ခံစားရလွန်းလို့ပါ..
ဒေါ်လှတင့်။               ။(မျက်ရည်လည်ရင်း)သမီးတို့စေတနာကို နားလည်ပါတယ်ကွယ်.. ဒါပေမယ့် အန်တီ မယူ ပါရစေနဲ့..
ဦးရဲ။                       ။အန်တီ.. ကျနော်တို့ လူချမ်းသာတွေ မဟုတ်ပါဘူး။ ငွေ၁ သိန်းဟာလည်း ဘာမှ မများပါဘူး။ ဒါပေမယ့် ကျနော်တို့ ရှိတဲ့ငွေလေးနဲ့ မောင် လ၀န်းအိမ်တို့လို သူရဲကောင်းလေးတွေကို ဂုဏ်ပြုချင်လွန်းလို့ပါ။ ကလေးတွေဟာ  ဒီထက် အဆ ၁၀၀ မက ဂုဏ်ပြုသင့်တဲ့ သူရဲကောင်းတွေပါ။
ဆရာကတော်။            ။အန်တီမြေးလေးကို ဂုဏ်ပြုတာတော့ လက်ခံပေးသင့်ပါတယ်အန်တီရယ်နော်.. အန်တီ့ကို လည်း ကန်တော့ပါရစေ။
(ဆရာနှင့် ဆရာကတော် ငွေ ၁သိန်းထုတ်ပြီး လက်ထဲအတင်းထဲပြီး ကန်တော့ကြ) မောင်စိုးလည်း ၀င်ကန်တော့။
ဒေါ်လှတင့်။               ။ဆုမွန် ဆုကောင်း မှန်သမျှ မတောင်းတပဲ ရကြပါစေကွယ်.. အန်တီ ဆုများများ မပေးတတ် ပေမယ့် အန်တီ့ရင်ထဲမှာ ခံစားရတာလေးကို အန်တီကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတော့ ဆိုပြမယ်နော်။ သီချင်း မရေးတတ် မဆိုတတ်ပေမယ့် အန်တီ့ခံစားချက်ပါ သားတို့ရယ်..
အားလုံး။                   ။ဟုတ်ကဲ့အန်တီ.. ဆိုပြပါနော်
ဒေါ်လှတင့် သီချင်းဆိုပြ။  
(အမေ ဒေါ်မာမာအေးကဲ့သို့ ဂရုဏာသံ အဆိုရှင်ဖြစ်နိုင်လျင် အကောင်းဆုံး)
 သားနဲ့ သမီးတို့လည်း အကျဉ်းစံဘ၀မှာ.. ဘယ်လိုနေကြမယ် ဘယ်လို ငိုကြွေးနေမယ် .. စိုးရိမ်သောကစိတ်နဲ့ မျက်ရည်တို့က ဖြေမဆည်..
အချစ်ဆုံး မြေးဦးလေးလည်း.. ထောင်တွင်းမှာ နှိပ်စက်ညှဉ်းပမ်းသမျှ ဘယ်လိုခံစားနေရမယ်.. တွေးမြင်ယောင်ရင်းနဲ့ မျက်ရည်တို့က ဖြေမဆည်..
 အိုမင်းမစွမ်းတဲ့ အဖွားအိုလည်း မှီခိုရာမဲ့ ဘ၀အခြေ၀ယ်.. မြေးငယ်လေး နှစ်ဦးကိုလည်း မကျွေးမွေးနိုင်လို့ မျက်နှာငယ်.. အရပ်ထံအပ်နှံထား မြေးကလေးများ ခွင့်လွှတ်စေချင်တယ်.. အိုမင်းမစွမ်းတဲ့ဒီဘ၀.. မျက်ရည်တွေ အခါခါကျ.. ဘ၀နာမိတယ်..
မတော်မတရား.. လူရမ်းကားတို့ ထင်တိုင်းပွေ.. ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာသည့်ပုံနှယ်…
စနစ်ဆိုး ခေတ်ဆိုး အနင်းခံဘ၀ လွတ်မြောက်ပါရစေကွယ်.. သောကအပူကြီး  လောင်မြိုက်မီးလည်း ငြိမ်းပါရစေကွယ်..
ဘုရားရှင်တရားနဲ့ ဖြေသော်လည်းလေ.. မျက်ရည် မျက်ရည်.. သြော်..မျက်ရည်များက တသွင်သွင်..စီးဆင်းကာနေတယ်..
 အားလုံး မျက်ရည်များကျလာ။ ဆရာဦးရဲရင့်လည်း မျက်ရည်မကျအောင် အံကြိတ်ထား။
 (ဖြစ်ရပ်မှန်တခုကို အခြေခံပြီး ရေးထားတဲ့ မရိုက်ဖြစ်သေးသော ဇာတ်ညွှန်းများထဲက တပုဒ်ပါ။ ကာယကံရှင်များထံ ခွင့်ပြုချက်မယူနိုင်ခြင်းအပေါ် သည်းခံခွင့်လွှတ်ပေးပါရန်)
ဇာတ်ညွှန်းပုံစံမို့ ၀တ္တုတပုဒ်လိုတော့ ဖတ်ရတာ အဆင်မပြေလှတာမို့ သည်းခံဖတ်ပေးတဲ့ ပရိသတ်ကိုလည်း ကျေးဇူး တင်ပါတယ်။
 ပြီး
 သူရိန်ထက်
မေလ ၂၀၁၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts