>Letters from Michigan – 55

>

မစ်ရှီဂန်ကပေးတဲ့စာ(၅၅)
အောင်ဝေး
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၁


သရုပ်ဖော် ကာတွန်း စောငို


မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့များလည်း သာကြ မာကြ ပါစဗျာ။ ဒီရက်ထဲမတော့ နေပြည်တော်က နအဖလွှတ်တော် ဆိုတာကိုပဲ စိတ်ထဲ တနုံ့နုံ့နဲ့ တွေးမိနေရင်းက၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးဖွဲ့ခဲ့တဲ့ မဟာလေးချိုးကြီး ကဗျာတွေထဲက၊ တပိုဒ်စ နှစ်ပိုဒ်စ ပြန် အမှတ်ရလာမိတယ်ဗျာ။ ကိုလိုနီခေတ်၊ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလဦးတုန်းက ဂျီစီဘီအေ မြန်မာ အသင်းချုပ်ကြီး နှစ်ခြမ်းကွဲ၊ လေးစိတ်ဖြစ်ပြီး ပြိုကွဲသွားတဲ့အချိန်မှာ၊ ဆရာကြီးမှိုင်း ကရုဏာဒေါသောနဲ့ ရေးခဲ့တဲ့ ကဗျာပါ။

“ဒေါင်းရောင်နေ မှေးသလို အခိုက်တွင်မှ
ခေါင်းဆောင်တွေ ရှေးနဂိုရ် မလိုက်ပြန်တော့
အရေးထိုထိုနှိုက်အခွင့်မဟန်
(အိုကွယ်) ခွေးလို ကိုက်ချင်တဲ့ စရိုက် အကျင့်က တန်” တဲ့။

ဒီလို နှစ်ခြမ်း လေးစိတ် ဖြစ်ရတာ၊ ဂျီစီဘီအေခေါင်းဆောင်တွေ မညီညွတ်ကြလို့၊ ရန်သူ ဗြိတိသျှနယ်ချဲ့ရဲ့ သပ်လျှို သွေးခွဲတာကို ခံရလို့ပေါ့ဗျာ။ အဲဒီမှာ ဗြိတိသျှနယ်ချဲ့ ရန်သူနဲ့ ပေါင်းပြီး လွှတ်တော်တက်တဲ့ ဗြိတိသျှ အလိုတော်ရိ ငါးထောင်စားအမတ်တွေ ပေါ်ခဲ့ပါရောလား။

အဲဒီလို နယ်ချဲ့ အစိုးရ လွှတ်တော်ထဲ တိုးခွေ့ ၀င်ခဲ့ကြတဲ့ ခါတော်မီ ငါးထောင်စား အမတ် ဆိုသူတွေအပေါ်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အတော့်ကို ရွံရှာ စက်ဆုပ်ခဲ့ပုံရပါတယ် ကိုဒေါင်း။ ဆရာကြီးမှိုင်း ရေးခဲ့တာကိုပဲ ကြည့်။

“ငွေငါးထောင် အစာဒုလ္လဘရယ်ကြောင့်
ပြေအားတောင် ဘာမဖြုန်ညာမဖြုန်သကွရယ်လို့
မဟာသူပုန်ထခဲ့တဲ့ အရေးတတ်တွေ
အမွေးခပ်ရှည်ရှည်နှင့် အမိုက်ဝါသနာကိုး-
(အရီးစိမ်းကြီးရယ်) ခွေးအငတ်မပြေတပြေမှာဖြင့် ကိုက်စရာအရိုး” တဲ့။

ကိုဒေါင်းရေ၊ ဆရာကြီးမှိုင်းက ကရုဏာဒေါသောနဲ့ ခေါင်းဆောင် ဆိုသူတွေကို၊ ခွေးနဲ့ နှိုင်းလိုက်တာပဲ မဟုတ်လား။ လွတ်လပ်ရေး ကြိုးပမ်းမှု အရေးတော်ပုံကိုလည်း သစ္စာဖောက်တယ်။ တိုင်းသူပြည်သားတွေရဲ့ မျက်နှာကိုလည်း မထောက်မညှာဘူး။ ရန်သူဖြစ်တဲ့ ဗြိတိသျှ နယ်ချဲ့ လွှတ်တော်ထဲ၊ အတွင်းဝင်ပြီး ပူးသတ်မယ်လို့၊ အသံကောင်းဟစ်ခဲ့ကြတဲ့၊ အဲဒီခေါင်းဆောင် ဆိုသူတွေ၊ ကိုဒေါင်းရေ၊ တကယ်တမ်းကျတော့၊ ဘာမှလည်း ဖြစ်မလာ၊ ရန်သူကိုအလျှော့ပေး၊ အရှုံးပေး၊ ရန်သူပေးတဲ့ အခွင့်အရေးကိုယူ၊ နောက်ဆုံးတော့ ရန်သူနဲ့ပေါင်းသွားကြတာပါပဲ။

ဒါကို ရန်သူကချကျွေးတဲ့အရိုးအရင်းလောက်ကို လုကိုက်နေကြတဲ့ခွေးငတ်တွေလို့ဆရာကြီး သခင် ကိုယ်တော်မှိုင်းက ပျစ်ပျစ်နှစ်နှစ် ရေးခဲ့တာပဲမဟုတ်လား ကိုဒေါင်း။

ဒီရက်ထဲ ကျနော့်စိတ်ထဲ တနုံ့နုံ့ ဖြစ်နေရတဲ့အထဲမှာ၊ ခုလောလောဆယ် နအဖလွှတ်တော်၊ နေပြည်တော် လွှတ်တော်ရောက် ကိုယ့်လူတချို့လည်း ပါနေတယ်ဗျာ။ ဒါကတော့ သူတို့နဲ့ ကျနော်တို့ ဆိုတာ နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေးအတွက် အတူ လက်တွဲတိုက်လာခဲ့ကြတဲ့သူတွေ မဟုတ်လားဗျာ။

အကြောင်းကြောင်းသော အကြောင်းတွေထဲက၊ တကြောင်းကြောင်းကြောင့်လို့ပဲ ဆိုပါတော့ဗျာ။ သူတို့က နအဖ ၂၀၁၀ ရွေးကောက်ပွဲကို ရွေးချယ်ခဲ့ကြတယ်။ ကျနော်တို့က ဒီရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ခဲ့ကြတယ်။ အခု သူတို့က လွှတ်တော်ထဲ ရောက်နေကြပြီ။

ဒီနေ့ဒီအချိန်မှာတော့၊ သူတို့နဲ့ကျနော်တို့ မတူကြတော့ဘူးပေါ့ဗျာ။ အဓိက ကတော့ နအဖ စစ်အုပ်စုရဲ့ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပဲ။ သူတို့က ဒီ နအဖ ဖွဲ့စည်းပုံ ဥပဒေကို လက်ခံပြီး၊ နအဖ စစ်အုပ်စုရဲ့၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါပဲ။

အများသိကြတဲ့အတိုင်း၊ ကျနော်တို့က နအဖ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကိုလည်း လက်မခံခဲ့သလို၊ ၂၀၁၀ နိုဝင်ဘာ နအဖ ရွေးကောက်ပွဲကိုလည်း မ၀င်ခဲ့ဘူး။ အခု သူတို့ လွှတ်တော်ထဲ ရောက်နေကြပြီ။ စစ်တပ်က ကိုယ်စားလှယ်တွေ အများစုနဲ့၊ ကြံ့ဖွံ့ပါတီက ကိုယ်စားလှယ်တွေအများကြီးနဲ့၊ အထက်စီး၊ အသာစီး ယူထားတဲ့၊ နအဖလွှတ်တော်ထဲမှာ၊ ကိုဒေါင်းရေ၊ ကိုယ့်လူဟောင်းတွေ၊ သံယောဇဉ်ဟောင်းတွေရဲ့ အခြေအနေက ဘယ်လိုရှိမလဲ။ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ အနေအထားက ဘယ်ပုံရှိမလဲ။

ကျနော် စဉ်းစားကြည့်မိတယ် ကိုဒေါင်း။ နအဖ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ ဥပဒေမှာလည်း နိုင်ငံရေး ပါတီတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ လက်မခံနိုင်တဲ့ အချက်တွေ အများကြီး ပါဝင်နေခဲ့တယ်။ ဒါကို ကျနော်တို့က အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်။ ပြန်လည် ပြင်ဆင်ပေးဖို့ အရေးဆိုခဲ့ကြတယ်။

ဒါပေမဲ့၊ ကိုယ့်လူတချို့ကတော့ ဒီလိုမဟုတ်ဘူး။ လွှတ်တော်ထဲရောက်မှ၊ ဒါတွေကိုပြင်နိုင်မယ်၊ ဒါကြောင့် လွှတ်တော်ထဲ ရောက်အောင် အရင် လုပ်ရမယ်လို့ကြွေးကြော်ခဲ့ကြတာလေ။ ဟုတ်ပြီ ကိုဒေါင်း။ အခု သူတို့ လွှတ်တော်ထဲရောက်ပြီ။ သူတို့ အခြေအနေ၊ သူတို့ အနေ အထားက ဘယ်လိုလဲ။ လွှတ်တော်ထဲ မရောက်ခင်၊ နအဖ ရွေးကောက်ပွဲ ၂၀၁၀ နိုဝင်ဘာကိုပဲ ပြန်ကြည့်လိုက်ဦး။ လူကြား သူကြား မကောင်း၊ နအဖရဲ့ရွေးကောက်ပွဲ မသမာမှု၊ မဲလိမ် မဲခိုးမှု၊ ညစ်ပတ်မှုပေါင်းစုံနဲ့ တိုင်းပြည်ကရော၊ ကမ္ဘာကပါ အော့ကြောလန်ခဲ့တဲ့၊ အတုအယောင် ရွေးကောက်ပွဲ ဆိုတာ၊ ဘယ်သူငြင်းနိုင်မလဲ။

ဒါ ထားလိုက်တော့။ အခု လွှတ်တော်ထဲရောက်ကြပြီ။ ကိုဒေါင်းကြီး၊ ကိုယ့်လူတွေကမှ လွှတ်တော်ထဲကို ရှေ့ပေါက်က၀င်ခဲ့ကြတာပါ။ အခု သူတို့တွေ၊ နောက်ဖေးပေါက်က ၀င်လာတဲ့ မိုးကျရွှေကိုယ် စစ်တပ်ကိုယ်စားလှယ်တွေနဲ့ ကြုံတွေ့နေရပြီ။ ရွေးကောက်ပွဲမှာ၊ မသမာမှုပေါင်းစုံနဲ့ အနိုင်ရလာတဲ့ ကြံ့ဖွံ့ပါတီအမတ်တွေနဲ့ သူတို့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရပြီ။ ယုတ်စွအဆုံး၊ တစည ပါတီသည်ပင်လျှင် လွှတ်တော်ထဲမှာ ဘယ်အခြေ ဆိုက်နေမလဲ။ ဆရာဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့ပါတီကော ဘယ်လို အနေအထားရှိမလဲ။ ပြီးတော့၊ ဦးသုဝေတို့ပါတီ၊ ပြီးတော့ ဟိုပါတီ၊ ဒီပါတီ စသည်ဖြင့် ကျနော် တွေးကြည့်နေမိတယ်။ ပြီးတော့ လွှတ်တော် အပြင်ဘက်က NLD ပါတီ။

ဘာပဲဖြစ်ဖြစ်၊ ကိုဒေါင်းရေ၊ ဒီလို လွှတ်တော် အတုက၊ ပြည်သူတွေရဲ့ ဘ၀ကို မပြဋ္ဌာန်းနိုင်ပါဘူး၊ ပြည်သူလူထုကသာပဲ စစ်မှန်တဲ့လွှတ်တော်မျိုးကို ပြဋ္ဌာန်းနိုင်တယ်လို့ ကျနော် ယုံကြည်နေဆဲပါပဲဗျာ။

အားလုံးကို သတိတရနဲ့-
အောင်ဝေး
ဇန်န၀ါရီ ၃၀-၂၀၁၁။


မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts