>Myanmar Times guru freed on bail in Rgn

>

မြန်မာတိုင်း(မ်) တည်ထောင်သူ ဒန်ကလေ အာမခံဖြင့် ပြန်လွတ်
ခင်နှင်းလွင်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၁

သင်တန်းတခုတွင် ပို့ချနေသူ မစ္စတာ ဒန်ကလေ


လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ၁၃(၁) ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာတိုင်းမ် သတင်း ဂျာနယ် ပူးတွဲ တည်ထောင်သူ သြစတေးလျ နိုင်ငံသား ရော့စ်ဒန်ကလေသည် ယမန်နေ့က အာမခံဖြင့် ပြန်လွှတ်လာကြောင်း သိရသည်။

လွန်ခဲ့သည့် သီတင်းပတ်ကုန်ခါနီးတွင် ဖမ်းဆီးခံရသော သူ့ကို အာဏာပိုင်တို့က သောကြာနေ့တွင် အင်းစိန်ထောင် အချုပ်သို့ ပြောင်းရွှေ့ပြီး ၂ ရက်အကြာ ယခုကဲ့သို့ အာမခံရသွားခြင်း ဖြစ်သည်။ မစ္စတာ ဒန်ကလေသည် တရားရုံးတွင် အမှုကို ဆက်လက် ရင်ဆိုင်သွားရမည် ဖြစ်သည်။

သြစတေးလျသတင်းဌာန ABC ၏ ယနေ့ နံနက်ပိုင်း သတင်းတပုဒ်တွင် ဒန်ကလေသည် တရားစွဲဆိုခံရခြင်း မရှိဘဲ ထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။ မြန်မာအာဏာပိုင်တို့က သူ့အား ထိန်းသိမ်းမှုနှင့် ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်း၊ ကြေညာခြင်း မရှိသေးပေ။

မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် အပတ်စဉ်ထုတ် မြန်မာတိုင်းမ် သတင်းဂျာနယ်ကို ထုတ်ဝေသော Myanmar Consolidate Media Group Ltd တွင် မစ္စတာဒန်ကလေက အစုရှယ်ယာ ၄၉%ကို ပိုင်ဆိုင်ပြီး မြန်မာစွယ်စုံ ဂရု(ပ်) မှ ဒေါက်တာတင်ထွန်းဦးက ၅၁%ကို ပိုင်ဆိုင်ကြောင်း သိရသည်။

`ရည်ရွယ်ချက်ကတော့ မြန်မာတိုင်း(မ်)ဂျာနယ်ကို အစိုးရက စိတ်တိုင်းကျ ခြယ်လှယ်ချင်တာ၊ အယ်ဒီတာမူဝါဒ (editorial policy ) ကို ချုပ်ကိုင်ချင်တာကြောင့်လို့ ကျွန်တော်ထင်တယ်´ ဟု မြန်မာတိုင်း(မ်)မှ သတင်းထောက် တစ်ဦးက ပြောသည်။

မြန်မာတိုင်း(မ်)သည် အပတ်စဉ်ထုတ်ဂျာနယ်များထဲတွင် လုပ်ငန်းကြော်ငြာ အများဆုံး ရရှိသော ဂျာနယ်တစ်စောင်ဖြစ်ပြီး စီးပွားရေးအရလည်း မျက်စိကျစရာ ဖြစ်နေသည့် အတွက် အယ်ဒီတာမူဝါဒကို ချုပ်ကိုင်ထားသော မစ္စတာဒန်ကလေအား ဖယ်ထုတ်ရန် ကြိုးစားပုံရသည်ဟု ရန်ကုန်မှ သတင်းထောက် တစ်ဦးက သုံးသပ်သည်။

ဂျာနယ်၏ အစုရှယ်ယာဝင် တစ်ဦးဖြစ်သော ဒေါက်တာတင်ထွန်းဦးသည် အစိုးရနှင့် ပူးပေါင်းထားသည့် လုပ်ငန်းများစွာ ရှိသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုပြီး ပုစွန်တောင်မြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ကိစ္စနှင့် ပတ်သက်ပြီး မစ္စတာ ဒန်ကလေနှင့် သဘောထား ကွဲလွဲမှုများ ရှိခဲ့သည်ဟု သတင်း ထွက်ပေါ်ခဲ့သည်။

ယခုလို မစ္စတာဒန်ကလေသည် ဗီဇာသက်တမ်း ကုန်သဖြင့် လူဝင်မှုကြီးကြပ်ရေး အမှုဖြင့် စွဲဆိုခံရခြင်းဖြစ်သည် ဟူသော အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

(မှတ်ချက် – ပြန်လွတ်သော်လည်း ပြန် အဖမ်းခံရသည်ဟု သိရသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts