>Khin Hnin Lwin – Union Day of Burma in different way

>

မတူညီတဲ့ ခံစားချက်များနဲ့ ပြည်ထောင်စု
ခင်နှင်းလွင် ၊ ရန်ကုန်
ဖေဖော်ဝါရီ ၁၃၊ ၂၀၁၁
လက်နက်ကိုင် ပြည်ထောင်စုနေ့
ဖေဖော်ဝါရီလ ၁၁ရက်နေ့ ညနေခင်း၊ ပြည်သူ့ရင်ပြင်နှင့် ယခင်လွှတ်တော်ဟောင်း အရှေ့နှင့် ပြည်လမ်းဝဲယာဘက်တွင် စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်ထားသူများက ဟိုတစ်စု ဒီတစ်စု။ ရဲလုံခြုံရေး ၀တ်စုံများဝတ်ဆင်ထားတဲ့ သူတစ်ချို့ကလဲ လက်ထဲတွင် သံစူးချွန်တွေ ကိုင်ဆောင်ကာ ပြည်လမ်းဝဲယာ တစ်ဖက်တစ်ချက် မြက်ခင်းပြင်များကို ထိုးဆွကာ တစ်စုံတစ်ခုကို ရှာနေကြသည်။ ရဲဝတ်စုံယူနီဖောင်းအပြာနှင့် စူးချွှန်ကိုင်ရင်း လိုက်ရှာနေကြသည့် သူများ၏ မျက်နှာပေါ်တွင် တာဝန်အရ လုပ်ဆောင်နေရတဲ့ အသွင်သာ ပေါ်နေသည်။ မည်သည့် မသင်္ကာစရာမှ တွေ့မည်မဟုတ်ဟု မျှော်လင့်ထားသော်လည်း အထက်က ခိုင်းစေသဖြင့်သာ လုပ်နေရသည့် သဏ္ဍန်မြင်တွေ့ရသည်။
“သူတို့မနက်ဖြန် ပြည်ထောင်စုနေ့အတွက် လုံခြုံရေးယူနေကြတာ။ ဗုံးတွေထောင်မှာ ဘာမှာစိုးနေတာလေ။ သူတို့လုပ်မဲ့ပွဲကို စိတ်ဝင်စားမဲ့လူလဲ မရှိပါဘူး ”
လို့ ဘေးမှ ခရီးသည်တဦးက ပြောသည်။
ထိုစဉ်စီးလာသည့် ကားဘေးမှ အပြာရောင် ဒဗယ်ကက် ရဲကား တစ်စီး ဖြတ်ကျော်တက်သွားသည်။ ကားပေါ်နောက်ခန်းတွင် ရဲသားနှစ်ယောက်က သေနတ်ကို ထောင်ကိုင်ရင်း လုံခြုံရေး လိုက်ပါလာသည်ကို တွေ့ရသည်။
“ပြည်သူတွေက သူတို့ကိုမမုန်းပါဘူးဗျာ။ စနစ်ကိုပဲမုန်းတာပါ။ သူတို့က ပြည်သူကိုရန်သူလို ဆက်ဆံတယ်။ ပြည်သူအတွက် ကာကွယ်ပေးဖို့ သူတို့လဲလိုတယ်ဆိုတာ သဘောပေါက်ပါတယ်”
လို့ ထိုခရီးဖော်က ပြောရင်း ရဲကားပေါ်မှ ရဲသားကိုလှမ်းပြုံးပြလိုက်သည်။ သူကပင် သူတို့ဘယ်လို တုန့်ပြန်မယ်ဆိုတာ သိချင်တယ်။ ဒါကြောင့်လုပ်ကြည့်တာလို့ ပြောသည်။
နအဖ အစိုးရက ပြည်သူ့ရင်ပြင်တွင် မနက်ဖြန် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားမတိုင်မီ အနီးအနားပတ်ဝန်းကျင်တခွင်လုံး ရဲ၊ စစ်သားတွေချထားပြီး လုံခြုံရေးပြင်ဆင်နေကြခြင်းလည်း ဖြစ်သည်။ 
ကချင်၊ ကယား၊ ကရင်၊ချင်း၊ မွန်၊ မြန်မာ၊ရခိုင်ရှမ်း ဟုယေဘုယျ သတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုးစုနွယ်တိုင်းအတွက် ပြည်ထောင်စုနေ့ဟာ သက်ဆိုင်သည် ။သို့သော် ကမ္ဘာပေါ်တွင် ပြည်တွင်းစစ်အကြာရှည်ဆုံး တိုင်းပြည်မှာ မြန်မာနိုင်ငံဖြစ်နေသည်ကတော့ မြန်မာတိုင်းရင်းသား လူမျိုးများအဖို့ ၀မ်းနည်းစရာကောင်းလှသည်။
အန်အယ်ဒီရဲ့ ပြည်ထောင်စုနေ့
 “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့”ဟုအနီရောင် အ၀တ်စကို အန်အယ်ဒီရုံးချုပ် ရှေ့တွင်ချိတ်ဆွဲ ထားတာကိုတွေ့ရသည်။ ရုံးချုပ်ရှေ့ ကားလမ်းတစ်ဖက်တွင်တော့ မှန်ဘီလူးဆွဲအားကောင်းကောင်း ကင်မရာကို တပ်ကာ ဘေးအိတ်လွယ်ထားသည့် အရပ်ဝတ် အက်စဘီ တစ်ယောက်ကတော့ ရုံးချုပ်ကိုလာတဲ့ လူများကို တစ်ယောက်ချင်း မှတ်တမ်းတင်နေ သည်။
ထိုသူမှအပ ကျန်အက်စဘီများကတော့ ဆိုင်ကယ်များကို ရပ်ထားပြီး လဘက်ရည်ဆိုင်ထဲတွင်သာ အေးအေးလူလူ ထိုင်နေကြသည်။  ရုံးချုပ်ရှေ့တွင်တော့ ဟိုတစ်စုဒီတစ်စု လူတွေဝိုင်းအုံနေသည်။ ထိုစဉ် ကရင်ဝတ်စုံများ ၀တ်ဆင်ထားသည့် လူငယ်တစ်စု ရုံးချုပ်ထဲမှ ထွက်လာသည်။
သူတို့၏အသွင်က လွတ်လပ်ပေါ့ပါးနေသည်။  လာရောက်ကြည့်ရှုသည့် လူအုပ်ထဲတွင်လဲ အန်အယ်ဒီ အဖွဲ့ဝင် ဟုတ်ဟန်မတူတဲ့ လူများအနက် လူငယ်တစ်ချို့ကို တွေ့ရသည်။
ထိုစဉ် ခေါင်းဆံပင်ပုံစံမှာ ယခုလူငယ်တို့အကြား ခောတ်စားနေသည့် အီမိုကေနှင့် လက်တွင် ဆူးလက်ကောက်နှစ်ကွင်း ၊ ပုဆိုးနှင့် ရှပ်လက်တိုအဖြုဝတ်ဆင်ထားပြီး နားတွင် ဒေါ်စုပုံရင်ထိုး အသေးစားကို နားကပ်အသွင် ၀တ်ဆင်ထားသည့် လူငယ်တစ်စုလဲ ယခုမှရောက်လာဟန်တူသည်။ ထိုသို့အသွင်မတူသော လူငယ်များကို ဒီလိုပြည်ထောင်စုနေ့ပွဲတွင် တွေမြင်ရသည့် မြင်ကွင်းမှာ ပြည်ထောင်စုနေ့ကို ပိုမို အသက်ဝင်နေစေတော့သည်။
“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓါတ်ဟာ လွတ်လပ်ရေးရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ အမျှော်အမြင်ကြီးမားမှုကြောင့်သာ ရရှိခဲ့တာ ဖြစ်ပါတယ်”လို့ အန်အယ်ဒီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက သူ၏မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စုနေ့ပွဲတွင် ဦးတင်ဦးက ပြည်ထောင်စု စိတ်ဓါတ်နှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် စကားပြောပြီးသည့်နောက် တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးက ပြည်ထောင်စုစိတ်ဓါတ် နှင့်ပတ်သက်ပြီး ပြောဆိုသည်။
ယနေ့ကျင်းပသည့် ပွဲတွင် ပြည်တွင်းပြည်ပ သတင်းဋ္ဌာနများအတွက် သတင်းထောက်များ ဒါဇင်နဲ့ချီလာသတင်းယူကြသည်ကို တွေ့ရသည်။ အစိုးရကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ သတင်းထောက်များအနေဖြင့် လွတ်လွတ်လပ်လပ် ၀င်ခွင့်မရသော်လည်း အန်အယ်ဒီရုံးချုပ်တွင် ကျင်းပသည့် အခမ်းအနားတွင် လွတ်လပ်စွာသတင်းယူ မေးမြန်းနေကြသည့် အဖြစ်ကို နှိုင်းယှဉ်စဉ်းစားမိသည်။ မီဒီယာ လွတ်လပ်ခွင့်ဆိုသည် ပတ်ဝန်းကျင်အပေါ်မူတည်ပြီး ပြောင်းလဲနိုင်သည့် သဘောလားဟု ခေါင်းထဲပေါ်လာသည်။ 
ပြက္ခန်ဒိန် ပြည်ထောင်စုနေ့ နဲ့ လက်တွေ့ ပြည်ထောင်စုသားများ ဘဝ
ထို့အပြင် ယခုအစိုးရမှ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီ ၁၁ခုကလည်း ယနေ့မနက်မှာပင် ပူးပေါင်းကာ ပြည်ထောင်စုနေ့ကို ကျင်းပခဲ့ကြသည်။
ဟိုနေရာ ဒီတစ်စု ပြည်ထောင်စုနေ့ကို ကျင်းပခဲ့ကြသော်လဲ ဘယ်နေရာကသာလျှင် ပြည်ထောင်စုနေ့ရဲ့ အဓိပါယ်ကို ထင်ဟပ်စေမည် ဆိုသည်မှာ တိုင်းရင်းသား ပြည်သူများရဲ့ ရင်တွင်းမှသာ သိနိုင်ပေလိမ့်မည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး ယခုရက်ပိုင်းအတွင်း အစိုးရ နယ်ခြားစောင့်တပ်နှင့် ကေအန်ယူတပ်တို့ တိုက်ပွဲတွေ ဖြစ်နေသကဲ့သို့ မြ၀တီ ချစ်ကြည်ရေးတံတားတွင်လည်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။ ယခုလိုပြည်ထောင်စုနေ့ကို ရန်ကုန်လို မြို့ကြီးများတွင် ကျင်းပနေစဉ် နယ်စပ်တွင်တိုက်ပွဲဖြစ်သဖြင့် တိုင်းရင်းသားတို့ အိမ်ရာစွန့်ခွာ ထွက်ပြေးနေရသည်မှာလဲ ပြည်ထောင်စုနေ့အတွက် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။
ထို့အပြင် ချင်းပြည်နယ်၊ ကရင်ပြည်နယ်မှ တိုင်းရင်းသူအမျိုးသမီးတို့မှာလဲ အစိုးရစစ်တပ်ရဲ့ စစ်လက်နက်အသွင် အသုံချနေသည့် အနိုင်ကျင့်စော်ကားမှုတွေကို ခံစားနေရဆဲပင်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတို့ စစ်တပ်ထဲ ဇွတ်အတင်းသွတ်သွင်းခံနေရသည်။ ဒါတွေကိုကြည့်လျှင် ပြည်ထောင်စုရဲ့ အရသာကို တိုင်းရင်းသားတို့ ခံစားရဖို့များစွာ ဝေးကွာလွန်းနေသေးသည်ဟု ထင်မိသည်။
`စစ်လက်နက်တွေ ထပ်မှာနေမယ်၊ အမျိုးသမီးတွေ အနိုင်ကျင့်ခံနေရမယ်၊ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ စစ်တိုက်နေရဦးမယ်ဆိုရင် ကျနော်တို့အတွက် ပြည်ထောင်စုနေ့ ကျင်းပနေရတာ ဘာအဓိပါယ်ရှိဦးမှာလဲ၊ ´လို့အန်အယ်ဒီရုံးချုပ်ကို လာရောက်တဲ့ လူငယ်တစ်ဦးက သူ့ အမြင်ကိုပြောပြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts