ဟံသာဝတီ ဦးဝင်းတင်

Armed Forces and the Egypt’s Revolution

>

အီဂျစ်ပြည်ရဲ့ လူထုတော်လှန်ရေးနဲ့ လက်နက်ကိုင်တပ်မတော်ကဏ္ဍ

ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁
ယမန်နေ့ညနေခင်းမှာ အီဂျစ်ပြည်သူလူထုက အကြမ်းမဖက် ငြိမ်းချမ်းသော လူထုအုံကြွမှု၊ သပိတ်တိုက်ပွဲနဲ့ လက်နက်မဲ့ တော်လှန်ရေးနဲ့ ၁၈ ရက်အကြာ မှာ သူတို့ဆီက အာဏာရှင်အစိုးရတခုကို ဖြုတ်ချလိုက်တယ်။ အဲသည်နောက် စစ်တပ်ရဲ့ ဦးဆောင်စစ်ကောင်စီက အာဏာကို ရယူလိုက်တယ်။ တိုင်းပြည်အကျိုးကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားမယ်လို့ တပ်ခေါင်းဆောင်တွေက ကတိပေးပြီး ပြည်သူတွေကလည်း သူတို့ရဲ့ လွတ်လပ်ရေး ဒီမိုကရေစီရေး အောင်ပွဲခံနေဆဲ ဖြစ်ပါတယ်။
အဲသည် ၂၁ ရာစုရဲ့ ကြီးကျယ်တဲ့ လူထုလှုပ်ရှားမှု အပြောင်းအလဲနဲ့ ပတ်သက်ပြီး မြန်မာပြည်ရဲ့ အင်န်အယ်ဒီပါတီခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင် ဟံသာဝတီ ဦးဝင်းတင်ကို မိုးမခက သဘောထား အမြင် မေးမြန်းခဲ့ပါတယ်။
အခုအီဂျစ်ပြည်သူတွေရဲ့ လူထုအုံကြွမှုကို အိမ်နီးချင်းတွေ၊ အနောက်အုပ်စုတွေက ဘယ်လို သဘောထားတယ်လို့ ထင်သလဲ ဆရာ။
အိမ်နီးချင်းနိုင်ငံတွေကတော့ သူတို့ရဲ့ ဒေသဆိုင်ရာအကျိုးစီးပွားကိုပဲ ဦးစားပေးပြီးတော့ ဒေသတွင်းမှာ မတည်မငြိမ်တွေ ဖြစ်လာမှာ၊ ဆူပူမှုတွေ ဖြစ်ပွားလာမှာ ဒါတွေကိုပဲ စိုးရိမ်တဲ့သဘောကို တွေ့ရတယ်။ အမေရိကန်အပါအ၀င် အနောက်အုပ်စုနိုင်ငံတွေကတော့ အစပိုင်းမှာ ဒီမိုကရေစီရေးတို့ ငြိမ်းချမ်းရေးတို့ ဦးစားပေးပြောခဲ့သော်လည်းပဲ နောက်ပိုင်းမှာ သူတို့တိုင်းပြည်အကျိုးစီးပွားတွေ၊ ဒေသဆိုင်ရာ တည်ငြိမ်မှုတွေကို ပိုပြီး ဦးစားပေးလာတယ်။ တကယ်တမ်းမှာ အီဂျစ်ပြည်သူလူထုရဲ့ အုံကြွမှုဟာ နိုင်ငံတကာက ပြည်သူတွေအချင်းချင်း ကိုယ့်အားကိုယ်ကိုးပြီး ၀န်းယံ အားပေးကြတဲ့ အုံကြွမှုကြီးလို့ မြင်ပါတယ်။
တိုင်းပြည်အပြင်က အခြားအစိုးရတွေ အပါအ၀င် အီဂျစ်က အာဏာရှင်အစိုးရကိုယ်တိုင်က ချိမ်းခြောက်ပြောဆိုနေသလို အခုပြည်သူတွေရဲ့ လူထုအုံကြွမှုက ဆူပူသောင်းကျန်းတာ၊ မင်းမဲ့စရိုက်ဆန်တာ၊ အကြမ်းဖက် ဖျက်ဆီးတာတွေကို တွေ့နေရလို့လား ဆရာ။
          ကျနော်တို့ ဒီက သတင်းတွေ၊ ရုပ်သံတွေမှာ မြင်ရ ကြားရသလောက်ကတော့ အီဂျစ်ပြည်သူတွေဟာ အလွန်ညီညွတ်ပြီး စည်းကမ်းရှိတာ၊ တည်ငြိမ်တာ၊ ထိန်းထိန်းသိမ်းသိမ်းရှိတာကို တွေ့ရပါတယ်။ အလွန် ငြိမ်းချမ်းတဲ့ လူထုအုံကြွမှုဖြစ်တယ်။ ဘယ်သူ့ပယောဂမှ မပါဘဲ ပြည်သူတွေရဲ့ သဘောထားတွေကို ထုတ်ဖော်တဲ့ လှုပ်ရှားမှုဖြစ်တယ် လို့ မြင်ပါတယ်။ ရုပ်မြင်သံကြားသတင်းထဲမှာ မင်္ဂလာဆောင်ပြီးခါစ သတို့သား၊ သတို့သမီးတွေတောင် အဲဒီက တာရီရာရင်ပြင်ထဲကို လာရောက် အားပေးတာကို တွေ့ရတယ်။ 
ပြည်ပပယောဂတွေ နိုင်ငံရေးအကြမ်းဖက်သူတွေ၊ အစွန်းရောက်တွေရဲ့ လှုံ့ဆော်သွေးထိုးမှုတွေ မရှိဘူးလို့ ဘာကြောင့် ပြောနိုင်ရတာလဲ ဆရာ။
          လွန်ခဲ့တဲ့ ဇန်န၀ါရီလကုန်ကတည်းက ပေါ်ထွန်းလာတဲ့ လူထုဆန္ဒပြပွဲတွေဟာ တစုံတဦးက ဦးဆောင်လို့ ပေါ်ပေါက်လာတာ မဟုတ်ဘူး။ ပြည်သူလူထုက တသွေးတည်း တသားတည်း တညီတညွတ်တည်း လက်ရှိ အာဏာရှင်အစိုးရကို မလိုလားတော့လို့၊ တိုင်းပြည်အထွေထွေ အကြပ်အတည်းကို သီးမခံနိုင်တော့လို့ ပေါ်ပေါက်လာတာ ဖြစ်တယ်။ တဦးတယောက်ကနေ ခေါင်းဆောင်နေတာမျိုး မတွေ့ရဘူး။ နိုင်ငံရေးတွေ ဘာတွေ တောင်းဆိုနေတာတွေ မိန့်ခွန်းတွေ ဘာတွေ တက်ပြီး ပြောနေကြတာလည်း မကြားရဘူး။ ပြည်သူတွေက ပြောနေတာက တသွေးတည်း တသံတည်းပဲ ရှင်းလင်း ပြတ်သားတယ်။ အာဏာရှင် ပြုတ်ကျရေးပဲ။ မူဘာရက် ရာထူးက ဆင်းပေးဖို့ပဲ ဒါပဲ။ ဘုံရည်မှန်းချက်ကို အားလုံးက တစုတစည်းထဲ တညီတညွတ်တည်း ရပ်တည် တောင်းဆိုကြတာပဲ။ ဒါကြောင့် ဘယ်မီဒီယာတွေ သတင်းဌာနတွေမှာမှ အခြားနိုင်ငံရေးတွေ၊ သီးခြားတောင်းဆိုတာတွေ ဘာမှ မတွေ့ရဘူး။ ဒါမျိုး ပြောချင်ပါတယ်။
အဲသည်မှာ ရှုပ်ထွေးအောင် နိုင်ငံရေးကစားတာတွေ၊ အကွယ်ချတာတွေက ဘယ်သူတွေက လုပ်တာလဲ ဆရာ။ အီဂျစ်ရဲ့ လက်နက်ကိုင်တပ်တွေက ဘယ်လိုမျိုး ရပ်တည်နေတယ်လို့ မြင်သလဲ။
          ကျနော်တို့ ၁၉၈၈ အရေးတော်တုန်းက ဆိုရင် ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကို ပြိုကွဲအောင် မဆလ တပါတီအာဏာရှင်တွေက စစ်တပ်ကို သုံးတယ်။ ထောက်လှမ်းရေးတွေကို သုံးပြီး သွေးခွဲတာတွေ၊ အကြမ်းဖက် သတ်ဖြတ်တာတွေ၊ မင်းမဲ့စရိုက်တွေ လုပ်ခဲ့တယ်။
အီဂျစ်အစိုးရကလည်း နည်းမျိုးစုံနဲ့ အာဏာကို မစွန့်ရအောင် လုပ်ခဲ့တာပဲ။ ရဲတွေ ပုလိပ်တွေနဲ့ အကြမ်းဖက် ဖြိုခွဲတယ်။ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ လုပ်တယ်။ သူ့အစိုးရအဖွဲ့ကို ဖြုတ်ပြတယ်။ နောက်ပြီးတော့ ထောက်လှမ်းရေးအကြီးအကဲ ဆူလီမန်ကို ဒုတိယသမ္မတ ခန့်တယ်။ ရွေးကောက်ပွဲတွေ အခြေခံဥပဒေတွေ ဆွဲမယ်၊ လုပ်ဦးမယ် ဒါမျိုးတွေ အချိန်ဆွဲတယ်။ အစိုးရလူတွေ သုံးပြီး တန်ပြန်သပိတ်ဖြိုခွဲတယ်။ နည်းမျိုးစုံနဲ့ လူထုအုံကြွမှုကို ဖြိုခွဲခဲ့တာပဲ။
သို့သော် ဒီနေရာမှာ ကျနော်ပြောချင်တာက လက်နက်ကိုင်စစ်တပ်က တလျောက်လုံးမှာ အတတ်နိုင်ဆုံး အကြမ်းမဖက်ဘူး၊ ကြားနေတယ်။ ဘာမှ ၀င်မပါဘူး။ ၀င်လည်း မစွက်ဘူး။ စောင့်ကြည့်နေတာမျိုး လုပ်တယ်။ အဲဒါကိုတော့ ကျနော်တို့က အသိအမှတ်ပြုရမယ် ထင်တယ်။
ဆိုတော့ ဆရာရယ်။ အခု အီဂျစ်တပ်မတော်က တိုင်းပြည်အာဏာကို လွှဲပြောင်းရယူလိုက်ပြီလို့ ပြောတယ်။ အဲဒါကိုကော ဘယ်လိုပြောမလဲ။
          အခုအချိန်မှာ ပြောဖို့ စောသေးတယ်ပဲပြောပြော၊ အခုအချိန်မှာ အချိန်ဇယားတွေ ဘာတွေ အတိအကျ ချက်ခြင်းထွက်မလာသေးတော့ အတိအကျတော့ ကျနော်တို့က ပြောဖို့ မလွယ်ဘူးပေါ့။ ဒါပေမယ့် ကျနော် ခင်ဗျားတို့နဲ့ အရင်အင်တာဗျူးမှာ ပြောခဲ့သလိုပဲ တိုင်းပြည်က လူထုအုံကြွမှုမှာ ထင်ထင်ရှားရှား ဦးဆောင်တဲ့ လူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့တွေနဲ့ မဟုတ်ဘဲ လူထုကြီးတရပ်လုံးရဲ့ ဦးဆောင်မှု အုံကြွမှု ဖြစ်တဲ့အတွက် လက်ရှိအခြေအနေမှာ တိုင်းပြည်ရဲ့ အုပ်ချုပ်မှုကို လွှဲပြောင်းရယူ ထိန်းသိမ်းဖို့ဟာ သူတို့ အီဂျစ်တပ်မတော်ပဲ ရှိတယ်။
ပြီးတော့ အီဂျစ်စစ်တပ်က ခေါင်းဆောင်တွေက တိုင်းပြည်အာဏာကို ရယူ လွှဲပြောင်းလိုက်တယ် ဆိုတာက ကျနော်တို့ မြန်မာပြည် ၁၉၈၈ အရေးအခင်းမှာလို အကြမ်းဖက်သတ်ဖြတ် ဖမ်းဆီး နှိမ်နှင်းပြီး အာဏာကို ရယူတာ မဟုတ်ဘူး။ လက်ရှိဆန္ဒပြပွဲတွေကိုလည်း သူတို့စစ်တပ်က စောင့်ကြပ်နေတယ်ဆိုတာကလည်း ကျနော်တို့ ၂၀၀၇ သံဃာ့အရေးတော်ပုံကို လက်နက်နဲ့ ပစ်ခတ် ဖိနှိပ်ဖို့ လုပ်ခဲ့တာမျိုး မဟုတ်ဘူး။ အခုသူတို့ဖက်ကလည်း တိုင်းပြည်နဲ့ ပြည်သူတွေ အကျူိုးကို ကြည့်ပါ့မယ်လို့ ပြောနေတယ်။ သူတို့က ကြားဝင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းပေးတာမျူိုး ဖြစ်တယ်လို့ မျှော်လင့်မိပါတယ်။
ဒါဆိုရင် အီဂျစ်တိုင်းပြည်လိုပဲ ကမ္ဘာစီးပွားပျက်ကပ်ဆိုက်နေတဲ့ အချိန်မှာ အာဏာရှင်တွေ အုပ်စိုးနေတဲ့ နိုင်ငံတွေက ပြည်သူတွေဟာလည်း ကောင်းမွန်တိုးတက်မှုတွေကို တောင်းဆိုနေပြီ။ ပြုပြင်ပြောင်းလဲမှုတွေကို တောင်းဆိုနေပြီ။ ငြိမ်းချမ်းတဲ့နည်းနဲ့ အကြမ်းမဖက်ပဲ တစည်းတလုံး တသွေးတသံတည်း လှုပ်ရှားမှု ဂယက်တွေ ထလာပြီလို့ ပြောနိုင်မယ် ထင်တယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာပြည်မှာလည်းပဲ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ပြည်သူတွေဟာ ဒုက္ခပင်လယ်ဝေနေတဲ့အတွက် မလွှဲမရောင်သာဘဲ လူထုအုံကြွမှုတွေ လှုပ်ရှားတောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့မယ် ဆိုရင် လက်ရှိ လက်နက်ကိုင်ထားတဲ့ တပ်မတော်သားတွေ၊ ခေါင်းဆောင်တွေကို ဘယ်လိုမျိုး တိုက်တွန်းချင်ပါသလဲ ဆရာ။
          ကျနော်တို့ကတော့  အီဂျစ်ပြည်သူတွေကို ကြည့်ပါ။ အီဂျစ်တပ်မတော်ကို ကြည့်ပါလို့ ပြောချင်ပါတယ်။ ကောင်းမွန်မှန်ကန်တဲ့ ငြိမ်းချမ်းတဲ့ သင်ခန်းစာကို ယူပါလို့ ပြောချင်ပါတယ်။ ၁၉၈၈ အရေးတော်ပုံ တုန်းကလိုမျိုး၊ ၂၀၀၇ ရွှေဝါရောင်သံဃာတော်များ အရေးတော်ပုံတုန်းကလိုမျိုး အာဏာရှင်တွေ အမိန့်ပေးတာကို နာခံပြီးတော့  လက်နက်မဲ့တဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေ၊ ကျောင်းသားလူငယ်တွေ၊ ရဟန်းသံဃာတွေကို အကြမ်းဖက် နှိမ်နင်းတာမျူိုးတွေ မလုပ်ပါနဲ့။ ဖမ်းဆီး အရေးယူ နှိပ်စက်တာမျူိုးတွေ မလုပ်ပါနဲ့။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာကြပါလို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts