>
ကျွဲရောင်းလာကြသော အဲ – ကြွရောက်လာကြသော ကိုယ်စားလှယ်တော်ကြီးများထဲမှ သမ္မတ၊ ဒုသမ္မတ စသဖြင့်ကို ရွေးမည်ဟု ဆိုသည်။
ဤ သဘာပတိကား မည်သူနည်း။ တခြား မဟုတ်ပါ၊ “ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ” ဟု အတည်ပေါက်ပြောခဲ့သူ
မစ္စတာ ဌေးဦး ဖြစ်ပေသည်။လွှတ်တော်ထဲတွင် ဗိုလ်ချုပ်မှူးကြီး ချီးမွှမ်းခန်း ဆက်ဖွင့်နေသည်ဟု ယူသော် ရ၏။
ဤပုံတွင် ပါဝင်သူများမှာ နှယ်နှယ်ရရ မဟုတ်ပေ၊ စည်းကမ်းရှိသော ဒီမိုကရေစီကို ၀ိုင်းဝန်းဖော်ဆောင်မည့်သူများပင်တည်း။
တနည်းအားဖြင့် ဗိုလ်ချုပ်ကြီးတို့ စနစ်တကျ တပ်ဆုပ်ရေးအတွက် ကူညီမည့်သူများ ဖြစ်ပေသည်။
တိုင်းရင်းသားတဦးဦး ဒုသမ္မတဖြစ်ရေး အိပ်မက် မက်နေသူများဖြစ်သည်။ ဒုသမ္မတအိပ်မက်အတွက် အဖြေ ရှိပြီးသား ဖြစ်သည်။ သူတို့လည်း အချဉ်မဟုတ်တော့ ထိုအဖြေကို သိကြပြီးလေပြီ။
မြန်မာပြည်အတွက် ဤသို့ စုဝေးနေကြသည့် မြင်ကွင်းမှာ အားရဖွယ် ကောင်းပါဘိ။ ပုံကို ကလစ် တချက် နှစ်ချက် နှိပ်ပြီး ကြည့်လော့၊ သင်တို့မိတ်ဆွေတဦးဦး ပါကောင်း ပါမည်၊ မသေချာ။
စာသင်ကြားပို့ချသည့် ခန်းမကြီးနှင့် ဆင်တူလှသည့် လွှတ်တော်ခန်းမကြီး။
တိုင်းရင်းသားများ၊ ဒီမိုကရေစီအော်ဟစ်ကြသူများကလည်း မျှော်လင့်ချက် တကျပ်ခွဲသားဖြင့် တဦး တင်သွင်းပါ၏။ ထို ၂ ဦးကို မဲခွဲရာ ဦးရွှေမန်း တောင်ပြိုကမ်းပြို နိုင်လေသည်။ ကြိုတင်မဲမဟုတ်ဟု ယူဆရသည်။ ကျေးဇူးရှင် ကြိုတင်မဲ လိုဦးမည်လော။ ကြံ့ခိုင်ရေး အများစု၊ စစ်ဗိုလ်ကြီးများ အစိတ်သား ဟူသော တပ်ပေါင်းစုက ကြိုတင်မဲ သုံးတော့မည် မဟုတ်ပေ။ ရွှေမန်းကြီး ထောက်ခံမဲပေါင်း ၃၇၆ မဲ ရလေ၏ဟု သတင်းစာက ဆိုသည်။ မယုံလျှင် ကလစ်ကြည့်ပါကုန်။ အလို! ၃၇၆ ဆိုတာ ဘာပါလိမ့်။ ဒီ ဂဏန်း ကြားဖူးသလိုလိုပင်။
ဟိုက် – မတရားပြုကျင့်သောသူကို စွဲဆိုတတ်သည့် ပုဒ်မ မဟုတ်လော။
သြော် – တိုက်ဆိုက်လေစွ။ တိုက်ဆိုင်လှပေစွတကား။
လွှတ်တော်ဖွင့်ပွဲကား တိုက်ဆိုင်မှုများဖြင့် အစပြုလေသည်။ စည်းကမ်းရှိသည့် ဒီမိုကရေစီအတွက် အားရှိဖွယ် နိမိတ်တည်း။
ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ —–။